ဒေါက်တာသီတာဝင်း
ညွှန်ကြားရေးမှူး (မကူးစက်)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အချက်အလက်များအရ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနှင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ စသည့်မကူးစက်နိုင်သောရောဂါများကြောင့် နှစ်စဉ်လူပေါင်း ၄၁ သန်းခန့် သေဆုံးလျက်ရှိကြောင်း သိရှိရပါသည်။
ထို့ကြောင့်
နှစ်စဉ်လူသန်းပေါင်းများစွာကို သေဆုံးစေသော မကူးစက်နိုင်သောရောဂါများကြောင့်
အရွယ်မတိုင်မီသေဆုံးမှုများကို လျှော့ချရန်အတွက် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင်
မကူးစက်နိုင်သော ရောဂါများကိုကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို
ထိပ်တန်းဦးစားပေးလုပ်ငန်း အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့
မြန်မာနိုင်ငံတွင်လည်း မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဆိုင်ရာ
အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ရေးဆွဲချမှတ် ၍ အားသွန်ခွန်စိုက်
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မကူးစက်နိုင်သော
ရောဂါများကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ပဏာမအဆင့်ကာကွယ်ခြင်းမှာ
ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ပြည်သူလူထုအနေဖြင့် မကူးစက်နိုင်သော
ရောဂါများဖြစ်စေနိုင်သော အကြောင်းရင်း များသိရှိပြီး ဆောင်ရန်၊ ရှောင်ရန်များ လိုက်နာကျင့်သုံးရမည်ဖြစ်ပါသည်။
နေ့စဉ်နေထိုင်
စားသောက်မှုပုံစံများ ပြုပြင်ပြောင်းလဲခြင်းဖြင့် ကာကွယ်တားဆီး
မကူးစက်နိုင်သော
ရောဂါများဖြစ်စေနိုင်သော အကြောင်းရင်းများအနက် နေ့စဉ်နေထိုင် စားသောက်မှုပုံစံများ
ပြုပြင်ပြောင်းလဲခြင်းဖြင့် ကာကွယ်တားဆီး၍ရသော အဓိကအကြောင်းရင်း လေးခုဖြစ်သည့်
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်း၊ ကျန်းမာရေးနှင့်
မညီညွတ်သော အစားအသောက်များစားသုံးခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့်
ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းဟူသည့် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင်စားသောက်ခြင်းဆိုင်ရာ
အပြုအမူများမှရှောင်ကြဉ်၍ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ နေထိုင်စားသောက်တတ်စေရန်အတွက်
အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိမိတို့ကျန်းမာရေးအတွက် ကောင်းမွန်မှန်ကန်သည့်
နေထိုင်စားသောက်မှုဆိုင်ရာများကို ရွေးချယ်နိုင်စေရန်အတွက် ပတ်ဝန်းကျင်ကောင်းများ ပေါ်ပေါက်လာစေရန်
ဖန်တီးပေးခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
ယနေ့ကမ္ဘာတွင်
ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများသုံးစွဲခြင်းက လူသားများ၏ ကျန်းမာရေးအတွက်
အကြီးမားဆုံးအန္တရာယ်တစ်ခု အဖြစ်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၂၅ ခုနှစ်
ထုတ်ပြန်ချက်အရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အသုံးပြုသူ ၁ ဒသမ ၃ ဘီလီယံရှိပြီး
အဆိုပါသုံးစွဲသူများအနက်မှ နှစ်စဉ်လူဦးရေ ခုနစ်သန်းကျော် သေဆုံးနေကြရကြောင်းနှင့်
၎င်းတို့အနက် ၁ ဒသမ ၆ သန်းခန့်သည် ကိုယ်တိုင်ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲသူမဟုတ်ဘဲ
အခြားသူသောက်သုံးသည့် ဆေးလိပ်ငွေ့ (တစ်ဆင့်ခံဆေးလိပ်ငွေ့) နှင့် ထိတွေ့မှုကြောင့်
သေဆုံးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ
ဆိုးကျိုးများကို အများပြည်သူအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့်
နိုင်ငံများမှ ဆောင်ရွက်နေသော ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးမှု
ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို မြှင့်တင်လှုံ့ဆော်နိုင်ရန်အတွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မေလ ၃၁ ရက်နေ့ကို “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco
Day)” အဖြစ် သတ်မှတ်ကာ နှစ်စဉ်အသိပညာပေးအခမ်းအနားများ
ကျင်းပခဲ့ပါသည်။
မြန်မာနိုင်ငံတွင်
နှစ်စဉ်မေလ ၃၁ ရက်နေ့ ရောက်တိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့
(World No Tobacco Day)” အခမ်းအနားကို ကျင်းပပြီး ၂၀၂၆ ခုနှစ်အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ
အင်္ဂလိပ်ဘာသာဖြင့် "Unmasking the Appeal: Countering Nicotine and
Tobacco Addiction" ဖြစ်ပါသည်။ ယင်းဆောင်ပုဒ်ကို
“နီကိုတင်းနှင့် ဆေးရွက်ကြီးစွဲလမ်းမှုကိုတိုက်ဖျက်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်စို့”
ဟု မြန်မာဘာသာဖြင့် ပြန်ဆိုထားရှိပါသည်။
ယခုနှစ်ဆောင်ပုဒ်သည်
ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်လုပ်ရောင်းချသော ကုမ္ပဏီများက လူငယ်များအား
အဓိကပစ်မှတ်ထားပြီး ဆွဲဆောင်နိုင်ရန် အသုံးပြုနေသော လှည့်ကွက်များ၊ ကြော်ငြာနည်းလမ်းများနှင့်
“ခေတ်မီခြင်း” ဟူသော ဖန်တီးမှုများ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသော အန္တရာယ်များကို
ဖော်ထုတ်ပြသရန် ရည်ရွယ်ထား ခြင်းဖြစ်ပါသည်။
ခေတ်ရေစီးကြောင်းအရ
ထုတ်ကုန်အသစ်များဖြစ်သည့် အီးစီးကရက် (E-Cigarette) ကဲ့သို့သော အီလက်ထရောနစ်
အငွေ့ရှူစက်များကို အင်တာနက်စာမျက်နှာများမှလည်းကောင်း၊ ထင်ပေါ်ကျော်ကြားလူသိများသူများအား
အသုံးပြု၍ လူမှုကွန်ရက်မီဒီယာအမျိုးမျိုးမှလည်းကောင်း စတင် စမ်းသပ်သုံးစွဲလာစေရန်
ဆွဲဆောင်သိမ်းသွင်းနေကြပါသည်။
တစ်ဖက်ကလည်း
၎င်းတို့၏ စီးပွားရေးအကျိုးအမြတ်အတွက် သုတေသနအဖွဲ့အစည်းများကို အခကြေးငွေပေးကာ ၎င်းတို့၏
ထုတ်ကုန်များသည် ပုံမှန်ဆေးလိပ်ထက် ကျန်းမာရေးဆိုးကျိုး လျော့နည်းကြောင်း
သတင်းမှားများကို သတင်းမှန်သဖွယ် စနစ်တကျထုတ်ပြန်ဖြန့်ဝေစေပြီး “အန္တရာယ်မရှိ”
ဟူသော အယူအဆအမှားများ လူငယ်လူရွယ်များအကြား ဖြစ်ပေါ်လာအောင် မသမာသော
နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
လူငယ်မျိုးဆက်သစ်များအား
အဓိကပစ်မှတ်ထား၍ စျေးကွက်ထိုးဖောက်လာ
ဆေးလိပ်နှင့်ဆေးရွက်ကြီးသည်
ကျန်းမာရေးအတွက် အန္တရာယ်ကြီးမားကြောင်း လူအများသိရှိ လာသဖြင့်
သုံးစွဲမှုနှုန်းသည် ယခင်ကထက်အနည်း ငယ်ကျဆင်းလာခဲ့သောကြောင့် ဆေးလိပ်နှင့်
ဆေးရွက်ကြီးထုတ်လုပ်ရောင်းချသော ကုမ္ပဏီများက လူငယ်မျိုးဆက်သစ်များအား
ပစ်မှတ်ထားကာ နည်းဗျူဟာအသစ်များဖြင့် စျေးကွက်ထိုးဖောက်လာကြသည်ကို တွေ့ရှိရပါသည်။ ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းထုတ်လုပ်သူများက ၎င်းတို့၏ ထုတ်ကုန်များကို သုံးစွဲသူများ
ဆက်တိုက်သုံးစွဲစေရန်အတွက် ငွေကြေးအမြောက်အမြား အကုန်အကျခံကာ လူငယ်လူရွယ်များအား
အဓိကပစ်မှတ်ထား၍ ထုတ်လုပ်လျက်ရှိပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO) ၏
၂၀၂၅ ခုနှစ် ထုတ်ပြန်ချက်များအရ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်အသုံးပြုသူ ၁ ဒသမ ၃ ဘီလီယံနီးပါးအနက်မှ
အသက် ၁၃ နှစ်မှ ၁၅ နှစ်အကြား ကလေးငယ်သန်းပေါင်း ၄၀ ကျော်က ဆေးရွက်ကြီးထုတ်ကုန်တစ်ခုခုကို
သုံးစွဲနေကြပြီး ဆယ်ကျော်သက် ၁၅ သန်းခန့်မှာ အီလက်ထရောနစ်စီးကရက် (E-Cigarette)
ကို စွဲစွဲမြဲမြဲ အသုံးပြုနေကြကြောင်းနှင့် ဆေးလိပ်နှင့် ဆက်စပ်သောရောဂါများကြောင့်
အသက်ဆုံးရှုံးနေကြသည်ကို ဖော်ပြထားသည်။
နီကိုတင်းသည်
ဦးနှောက်နှင့် အာရုံကြောစနစ်ကို ချို့ယွင်းစေသည့် စွဲလမ်းစေသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး
E-Cigarette နှင့် ဆေးလိပ်ထုတ်ကုန်များတွင် ပါဝင်သော ဓာတုပစ္စည်းများက အဆုတ်ကင်ဆာ၊ နာတာရှည်အဆုတ်နှင့်
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ လေဖြတ်ရောဂါနှင့်
သွေးတိုးရောဂါများကို ဖြစ်ပွားစေပါသည်။
မြန်မာနိုင်ငံသည်
ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)
ဆေးရွက်ကြီးထိန်းချုပ်မှု အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း WHO
Framework Convention on Tobacco Control (WHO FCTC) ကို ၂၀၀၃ ခုနှစ်
အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် အပြင် ၂၀၀၆ ခုနှစ်တွင် "The
Control of Smoking and Consumption of Tobacco Product Law"“ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်
ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းများကို ကြော်ငြာခြင်း၊ အရောင်းမြှင့်တင်ခြင်းနှင့်
အကူအညီပေးခြင်းများကို ဥပဒေအရတားမြစ်ထားပြီး ဖြစ်ပါသည်။
ဆွဲဆောင်မှုဖြစ်စေသော
ထုပ်ပိုးမှုပုံစံများကို တားဆီးနိုင်ရန်အတွက်ရည်ရွယ်၍ “ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့်
ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်”
ကို ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင်အာဏာသက်ဝင်ခဲ့ပြီး
အမိန့်စာကို ထိရောက်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
အရေးကြီးကုန်စည်နှင့်
ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်းခံရမည်
ကျန်းမာရေးဝန်ကြီးဌာနသည်
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့်
လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၂-၂-၂၀၂၆ ရက်စွဲပါ
အမိန့်အမှတ် ၂/၂၀၂၆ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၉ အရ
အမိန့်ကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်စွဲဖြင့် ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်၍
အီလက်ထရောနစ် အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရောနစ်စီးကရက် (Electronic
Cigarette)၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့်
ယင်းတို့ဆက်စပ်ပစ္စည်းများ၊ အပူပေးအငွေ့ရှူစက် (Heated Smoking Device)၊ ယင်းအပူပေးအငွေ့ရှူစက်ကဲ့သို့ အလားတူ ပစ္စည်းနှင့်
ယင်းတို့၏ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်အငွေ့ရှူစက် (Electronic Smoking
Device)ဖြစ်သည့် အီလက်ထရောနစ်ရှီရှား (Electronic Shisha)၊ ယင်းအီလက်ထရောနစ်ရှီရှားကဲ့သို့ အလားတူပစ္စည်းနှင့်ယင်းတို့၏ ဆက်စပ်
ပစ္စည်းတို့ကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊
သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ
အရေးယူခြင်းခံရမည်ဆိုသော တားမြစ်မိန့်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
၂၀၂၆
ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့လှုပ်ရှားမှု၏ အဓိကဦးတည်ချက်မှာ ဆေးလိပ်နှင့်
နီကိုတင်းလုပ်ငန်းများက ကလေးသူငယ်များနှင့် လူငယ်များအား
ပိုမိုဆွဲဆောင်လှည့်ဖြားနိုင်သည့် စွဲလမ်းစေသောထုတ်ကုန်များကိုအသုံးပြု၍ အရောင်းမြှင့်တင်ခြင်း၊
ကြော်ငြာခြင်းနှင့် ဈေးကွက်ချဲ့ထွင်မှုများကို အဓိကထားတိုက်ဖျက်သွားရန် ဖြစ်ပါသည်။
ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းထုတ်လုပ်သူများက ဆေးလိပ်နှင့်ဆေးရွက်ကြီး
စည်းမျဉ်းစည်းကမ်းများကို ရှောင်လွှဲဖုံးကွယ်ရန် Synthetic nicotine ၊ nicotine
salts နှင့် အရသာထည့် E-Cigarette များကို
မည်ကဲ့သို့ ထုတ်လုပ်အသုံးပြုနေသည်ကို ပြည်သူလူထုသိရှိ ၍ ရှောင်ကြဉ်လာစေရန် အဓိကထားဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
ထို့အပြင် ကျန်းမာရေး အသိပညာပေးလှုပ်ရှားမှုအနေဖြင့် E-Cigarette နှင့် synthetic nicotine တို့၏ ဖုံးကွယ်ထား သော
အန္တရာယ်များအကြောင်းကို ကျောင်းသားလူငယ်များသိရှိနားလည်စေရန် လူမှုအသိုင်းအဝိုင်းများနှင့်
ကျောင်းများတွင် ပညာပေးအစီအစဉ်များ ကျင်းပပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
E-Cigarette ကဲ့သို့သော အနံ့အရသာပါထုတ်ကုန်များကိုတားမြစ်ခြင်း၊ ဆေးလိပ်နှင့်
ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့်
ဆေးလိပ်ငွေ့ကင်းစင်သော အများပြည်သူသုံးနေရာများ ဖန်တီးခြင်းတို့ကို
ပိုမိုလုပ်ဆောင်သွားရမည် ဖြစ်ပါသည်။
ထို့အပြင်
ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲနေသူများအားလည်း နည်းစနစ်မှန်စွာ
ဆေးလိပ်နှင့်ဆေးရွက်ကြီးဖြတ်နိုင်ရန်အတွက် လိုအပ်သော အစီအမံများ (ဥပမာ "5As"- Ask၊ Advise၊ Assess၊ Assist၊ Arrange)
တို့ကို ပံ့ပိုးပေးခြင်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်
စီစဉ်ထားရှိပါသည်။
ကျန်းမာရေးစောင့်ရှောက်ပေးသူများသည်
5As နည်းလမ်းကို
အသုံးပြု၍ Ask (မေးမြန်းခြင်း) လူနာတိုင်း၏
ဆေးလိပ်အသုံးပြုမှုအခြေအနေကို ဆေးခန်းလာရောက်တိုင်း စစ်ဆေးမှတ်တမ်းတင်ခြင်း၊ Advise
(အကြံပေးခြင်း) ဆေးလိပ်သုံးစွဲသူတိုင်းကို ရှင်းလင်းပြတ်သားပြီး အားကောင်းကာ
တစ်ဦးချင်းအလိုက် သင့်လျော်သောနည်းလမ်းဖြင့် ဆေးလိပ်ဖြတ်ရန် တိုက်တွန်းခြင်း၊ Assess
(အကဲဖြတ်ခြင်း) လာမည့်ရက် ၃၀အတွင်း ဆေးလိပ်ဖြတ်ရန် ကြိုးစားလိုစိတ်
ရှိ/မရှိကို သတ်မှတ်အကဲဖြတ်ခြင်း၊ Assist(ကူညီပံ့ပိုးခြင်း) လူနာအတွက်
သီးသန့်ဆေးလိပ်ဖြတ်အစီအစဉ်တစ်ခုဖန်တီးပေးခြင်း၊ ယင်းတွင်အပြုအမူဆိုင်ရာ
ဆွေးနွေးအကြံပေးမှုများနှင့် ဆေးဝါးကုသမှုများ ဥပမာ- Nicotine Replacement Therapy၊ Varenicline တို့အသုံးပြု၍ ကုသပေးခြင်း၊ Arrange
(စီစဉ်ဆောင်ရွက်ခြင်း) ဆေးလိပ်ဖြတ်သည့် သတ်မှတ်ရက်နောက်ပိုင်း ပထမအပတ်အတွင်
follow-up ဆက်သွယ်မှုများပြုလုပ်ရန် စီစဉ်ပေးခြင်း
ဆက်လက်အားပေးကူညီရန်နှင့် ပြန်လည်သုံးစွဲမှု မဖြစ်စေရန် ကာကွယ်ပေးခြင်း စသည့်
လုပ်ငန်းရပ်များကို အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
“ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” သည် ကမ္ဘာ့လူသားတို့၏ ကျန်းမာရေးကိုကာကွယ်ရန်
သတိပေးနှိုးဆော်သော နေ့ရက်တစ်ရက်လည်းဖြစ်ပါသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်
ပစ္စည်းသောက်သုံးမှုကြောင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောရောဂါ၊
လေဖြတ်ရောဂါနှင့် ခံတွင်းကင်ဆာရောဂါအပါအဝင် အခြားမကူးစက်နိုင်သော
ရောဂါများဖြစ်ပွားခြင်းကြောင့် အရွယ်မတိုင်ခင်သေဆုံးခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့်
သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် မိမိတို့
ကိုယ်တိုင်ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲခြင်းမှ ရှောင်ကြဉ်နိုင်ကြစေရန်၊ အမျိုးသမီးများနှင့်
ကလေးသူငယ်များအပါအဝင် ဆေးလိပ်မသောက်သုံးသည့်သူများအနေဖြင့် တစ်ဆင့်ခံ
ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးထိခိုက်မှုများ
မဖြစ်ပေါ်စေရေးအတွက် ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်များ ပေါ်ပေါက်လာစေရေး
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် လူငယ်များအား ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲခြင်းကို
အစမပြုမိစေရန် တားဆီးကာကွယ်ခြင်းဖြင့် “နီကိုတင်းနှင့် ဆေးလိပ်ဆေးရွက်ကြီး
ကင်းစင်သောလူငယ်သည် ကျန်းမာသောနိုင်ငံ၏ အနာဂတ်ဖြစ်သည်” ဆိုသောအသိကို လူတိုင်းလက်ခံကျင့်သုံးပြီး
ကျန်းမာသောလူမှုဘဝများ ရရှိပိုင်ဆိုင်နိုင်စေရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးကြရန်အတွက်
ယခုနှစ်၏ ဆောင်ပုဒ်ဖြစ် သော “နီကိုတင်းနှင့် ဆေးရွက်ကြီးစွဲလမ်းမှုကို
တိုက်ဖျက်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်စို့” ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကားစာရင်း
1. World
Health Organization (WHO) – Tobacco Fact Sheet, 2025.
2. World No
Tobacco Day Campaign – WHO.
3. Ministry
of Health Myanmar (MOH) Official Website.
4. WHO
Framework Convention on Tobacco Control (WHO FCTC)
5. ASEAN
Tobacco Control Alliance Reports.
No comments:
Post a Comment