Friday, June 19, 2026

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး (၆) ကြိမ်မြောက် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ်သို့ တက်ရောက်

 



နေပြည်တော် ဇွန် ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH Exhibition Centre ၌ ၂၀၂၆ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ကျင်းပသည့် ၂၀၂၆ ခုနှစ် (၆) ကြိမ်မြောက် နိုင်ငံတကာ ခရီးသွားလုပ်ငန်းဖိုရမ်သို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် (၆) ကြိမ်မြောက် နိုင်ငံတကာခရီးသွားလုပ်ငန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ဒီမစ်ထရီချယ်နေရှန်ကိုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်ရီ ရှတ်နီကို့ဗ်တို့က သဘာပတိများအဖြစ် ဆောင်ရွက်သော ဖိုရမ်မျက်နှာစုံညီစကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မိတ်ဖက်နိုင်ငံများမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

ဇွန် ၁၁ ရက်တွင် ခရီးသွားလုပ်ငန်း၏ နိုင်ငံအပေါ်အရေးပါမှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးတွင် မဟာဗျူဟာအလားအလာများအား လေ့လာဖော်ထုတ်ခြင်းဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ၊ နီကာရာဂွာနိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ခရီးသွားလာရေးဝန်ကြီးများနှင့်အတူ တက်ရောက်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရီးသွားပွဲတော်ရှိ ရုရှားနိုင်ငံနှင့် နိုင်ငံတကာမှ ခရီးသွားဆွဲဆောင်မှုဆိုင်ရာ ပြခန်းများကို ကြည့်ရှုလေ့လာပြီး ခရီးသွားပွဲတော်သို့ လာရောက်လည်ပတ်သည့် ရုရှားနိုင်ငံသားများနှင့် တိုက်ရိုက်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအခြေအနေများနှင့် အဓိကခရီးစဉ်ဒေသများတွင် ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။  

ဇွန် ၁၆ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။                         

သတင်းစဉ်

No comments:

Post a Comment