ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ” ဆိုသည့်အတိုင်း ဗုဒ္ဓဘုရားရှင် ဖြစ်တော်စဉ်ဆိုင်ရာ ထူးခြားသည့်နေ့ထူးနေ့မြတ်ဖြစ်သည်။ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှစ၍ ရဟန်းသံဃာများ ပုရိမဝါကပ်ဆိုတော်မူကြရသည်။ ဝါဆိုလပြည့်နေ့၊ ဝါဆိုလကို ဘုရား၊ ရဟန်းသံဃာများ၏ လမြတ်လထူးအဖြစ် သတ်မှတ်ထားကြသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ယခုနှစ်တွင် ဝါထပ်ကာလဖြစ်၍ ပထမဝါဆိုလပြည့်နေ့နှင့် ဒုတိယဝါဆိုလပြည့်နေ့ ဟူ၍ရှိပြန်သည်။ ပထမဝါဆိုလပြည့်နေ့တွင် ဘုရား၊ ရဟန်းသံဃာတော်များအား ရည်စူး၍ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြရမည်ဖြစ်သည်။
ဝါဆိုလပြည့်နေ့တွင်
မြတ်စွာဘုရားရှင်၏ ထူးခြားသည့်ဖြစ်တော်စဉ်များ ပေါ်ထွန်းခဲ့သည့်နေ့မြတ်ဖြစ်သည်။
ဘုရားအလောင်းတော်သည် မယ်တော်မာယာ၏ ဝမ်းကြာတိုက်၌ ပဋိသန္ဓေတည်တော်မူသောနေ့၊ သိဒ္ဓတ္ထမင်းသားဘဝတွင်
နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ သံဝေဂယူပြီး တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့
ရောက်တော်မူပြီး ဓမ္မစကြာတရားဦးကို ပဉ္စဝဂ္ဂီ ငါးပါးတို့အား
တရားဦးဟောကြားတော်မူသောနေ့၊ တိတ္ထိသင်းပင်းတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာပြတော်မူသောနေ့တို့ဖြစ်သောကြောင့်
ထူးမြတ်သောလအဖြစ် ကြည်ညိုပူဇော်ကြရမည်ဖြစ်သည်။
ဝါဆိုလပြည့်နေ့သည်
ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ
စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်းစတင်ပေါ်ထွန်းသောနေ့၊
မြတ်စွာဘုရားရှင်သည် ခုနစ်ဝါမြောက် ဝါဆိုတော်မူစဉ် အဘိဓမ္မာတရားဟောကြားတော်မူရန်အတွက်
တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ထူးနေ့မြတ်များဖြစ်ပါသည်။
သူတော်ကောင်းအပေါင်းတို့အနေဖြင့် ဝါဆိုလပြည့်နေ့ရောက်တိုင်း သဒ္ဓါတရားပေါက်ရာ
အခါတော်တစ်မျိုးမျိုးကို နှလုံးသွင်း၍ မြတ်ဗုဒ္ဓကိုအာရုံပြုကာ
ကြည်ညိုနိုင်ကြပါသည်။
ဝါဆိုလ၌
ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ဝါတွင်းတရားစခန်းပွဲ၊ ဝါတွင်းဆွမ်းလောင်းပွဲ
စသည့်ကုသိုလ်ပွဲများ ကျင်းပလေ့ရှိသည်။ ထို့ကြောင့် ဝါဆိုလပြည့်နေ့ကို အကြောင်းပြု၍
“လမြတ်ဝါဆို ကုသိုလ်တွေပိုသည့်လ”ဟု ဆိုကြပါသည်။ အခြားသောလများထက်
ဝါဆိုလပြည့်နေ့သည် ဘာသာရေးအရ အရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်း၍
ကြည်ညိုသူတိုင်း ကုသိုလ်များတိုးပွား၊ ကောင်းကျိုးများစေသည့် သာသနာတော်ဆိုင်ရာ
အခါတော်အစဉ်အလာများ များလှသဖြင့် ကုသိုလ်များပိုသည့်လဟု သတ်မှတ်ကြခြင်းဖြစ်ပါသည်။
ဝါဆိုလ၌ ရှေးကပဉ္စင်းတော်ခံပွဲအစဉ်အလာရှိသည်ကိုလည်း ပြုလုပ်ကြဖို့လိုပါသည်။
ဝါဆိုလသည်
နွေဥတုကုန်ဆုံးသောလ၊ နွေရာသီ၏အဆုံး မိုးရာသီကူးပြောင်းသောလဖြစ်သည်။
ဝါဟူသောဝေါဟာရမှာ “ဝါ”သည် ပါဠိစကား “ဝါသ”မှ ဆင်းသက်လာခြင်းဖြစ်သည်။ နေခြင်းဟု
အဓိပ္ပာယ်ရသည်။ “ဆို” ဆိုသည်မှာ ရွတ်ဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ဝါဆို၏အနက်မှာ
နေထိုင်ခြင်း၊ ရွတ်ဆိုခြင်းဟုဆိုသည်။ ဗုဒ္ဓသာသနာ့ဝန်ထမ်းရဟန်းတော်များသည်
ဝိနည်းတော်အတိုင်း ဝါတွင်းသုံးလကာလပတ်လုံးအရပ်တစ်ပါးသို့မသွားဘဲ တစ်ကျောင်း၊
တစ်နေရာ၌ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကာ ဝါကပ်ကြသည်ကို ရည်ရွယ်ပြီး
ဤလကို ဝါဆိုလဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သံဃာတော်များအားအမှူးထား၍ ဗုဒ္ဓဘာသာဝင်များက
ဝါတွင်းသုံးလဖြစ်စေ၊ ဝါတွင်းကာလဥပုသ်နေ့များတွင်ဖြစ်စေ ကောင်းမှုကုသိုလ်အမျိုးမျိုး
ပြုလုပ်ကြသည်။
ဝါဆိုလတွင်
ဝါဆိုပန်းခူးသည့် အလေ့အထများ၊ ဝါဆိုပန်းလှူဒါန်းသည့် အစဉ်အလာများ၊
ပဉ္စင်းတော်ခံပွဲအစဉ်အလာများသည် မျက်မှောက်ကာလတွင် တိမ်မြုပ်သလောက်ဖြစ်နေ၍
မြန်မာတို့၏ ဘာသာရေးအစဉ်အလာကို ပြန်လည်ဖော်ထုတ်ကြရန်လိုအပ်သည်။ မြန်မာပြည်တွင်
မြို့ရွာကျေးလက်များ၌ ဝါဆိုလသို့ ရောက်သည့်အခါ အမျိုးသားတို့က ရဟန်းဝတ်၍
တရားအားထုတ်ကြသည့် အစဉ်အလာရှိခဲ့သည်။ ဝါတွင်းကာလဥပုသ်စောင့်သည့် အလေ့အထများလည်း
ပါးလျားလာသည်။ ဘုရား၊ ကျောင်း၊ ကန်များတွင် ဝါတွင်းကာလဥပုသ်စောင့်သည့် အလေ့အထတိမ်မြုပ်လာသဖြင့်
ဘုရားကျောင်းများ၌ ခြောက်သွေ့လာသည်။ ထေရဝါဒဗုဒ္ဓဘာသာမှန်လျှင် ဝါတွင်းဝါပမရွေး
ဥပုသ်သီတင်းဆောက်တည်သင့်သည်။ အသက်ခန္ဓာတည်တံ့နေသမျှ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို
မြဲမြံနေစေရန်အတွက် အဓိဋ္ဌာန် ဥပုသ်သီတင်းဆောက်တည်ကြရသည်။
သို့ဖြစ်ရာ
ဗုဒ္ဓဘာသာဝင်အပေါင်းတို့အနေဖြင့် မျက်မှောက်ကာလအကျင့်သီလပျက်ပြားပြီး
ကပ်အမျိုးမျိုးဆိုက်ရောက်နေချိန်တွင် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး
အေးချမ်းသာယာသည့်ဘဝကို တည်ဆောက်နိုင်အောင် ပထမဝါဆိုလပြည့်နေ့မှစတင်ပြီး ဝါတွင်းကာလကိုအကြောင်းပြု၍
ကောင်းမှုမြတ်နိုး၊ ကောင်းကျိုးကုသိုလ်များတိုးအောင် ကုသိုလ်သီလကြိုးစားအားထုတ်ကြရမည်
ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment