Monday, June 29, 2026

အရှုံးမပေးသည့် စိတ်ဓာတ်ခိုင်မာစေ

 



၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက် နံနက် ၄ နာရီတွင် အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုသိရှိခဲ့ကြရပြီဖြစ်သည်။ ယခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းမှာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်းမှာ ၄၉ ဒသမ ၇၀ ရာခိုင်နှုန်းဖြစ်သည်။

နံနက်စောစော မိုးမလင်းမီကတည်းကပင် အအောင်အရှုံးကို အွန်လိုင်းမှကြည့်၍ သိရှိကြရပြီး အောင်သူတို့ ပျော်ရွှင်ကြသည်။ ဘာသာရပ်ဆိုင်ရာ ဂုဏ်ထူးပါဝင်ကြသူများ၊ အမှတ်အများဆုံးရကြသူများမှာမူ အတိုင်းထက်အလွန် ပျော်ရွှင်ကြရသည်။ တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာရေးခရီး၏ နောက်ဆုံးမှတ်တိုင်ပင်ဖြစ်ရာ အောင်မြင်သူတို့အဖို့ မိမိအောင်မြင်သည့် အတိုင်းအတာနှင့် အဆင့်မြင့်ပညာရှေ့ခရီးသို့ ဆက်ခွင့်ရရှိကြပြီဖြစ်သည်။ မိမိတို့၏ ဘဝရှေ့ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးအတွက် အဖိုးတန်လူသားအရင်းအမြစ်ဖြစ်လာစေရန် အဆင့်မြင့်ပညာများကို ဆက်လက်ကြိုးစားသင်ယူကြရဦးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲတို့၏ ထုံးစံအတိုင်းအောင်မြင်သူများ ရှိသကဲ့သို့ မအောင်မြင်သူများကလည်း နည်းသည်မဟုတ် ကြောင်းကို သတိပြုမိကြရန်လိုသည်။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲမအောင်မြင်ခဲ့သည့်အပေါ် စိတ်ပျက်ခြင်း၊ အားငယ်ခြင်း၊ ရှုတ်ချခြင်း၊ အပြစ်တင်ခြင်းတို့ မပြုကြဘဲ မှန်ကန်သည့် နှလုံးသွင်းဖြင့် ဆင်ခြင်ကာ ပိုမိုကြိုးပမ်းအားထုတ်ကြရမည်သာဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်မှုကို အကြောင်းပြု၍ စိတ်ဓာတ်ကျဆင်းပျက်ပြားကာ လွဲမှားသည့် ဆုံးဖြတ်ချက်များ၊ မဆင်မခြင်အပြုအမူများ ပြုလုပ်ကြခြင်းကြောင့် မဖြစ်သင့်သည့်ဖြစ်ရပ်များ ဖြစ်ပွားလေ့ရှိသည်ကို သတိမူကာ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဆင်ခြင်ကြရန် တိုက်တွန်းလိုသည်။

အချို့ကျောင်းသူ ကျောင်းသားများ အပြင်းအထန်ကြိုးစားအားထုတ်ခဲ့ကြသော်လည်း မိမိမျှော်မှန်းထားသလိုဖြစ်မလာဘဲ အရေးနိမ့်ခဲ့ရသည့်အခါ ပတ်ဝန်းကျင်ကို အရှက်ကြီးခြင်း၊ အရှက်သည်းခြင်း၊ အပြင်းအထန်ဝမ်းနည်းကြေကွဲမှုဖြစ်ပေါ်ခြင်း၊ မိမိဘဝရည်မှန်းချက်တို့ ပြိုကွဲပျက်စီးပြီဟု ထင်မြင်သည်အထိ အယူအဆလွဲမှားခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရတတ်သည်။ ထိုနည်းတူစွာ အချို့မိခင်၊ ဖခင်တို့ကလည်း လူမှုစီးပွားဘဝအခက်အခဲများကြားမှ သားသမီးပညာရေးအတွက် ဦးစားပေးခဲ့သော်လည်း သားသမီးက ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သည့်အခါ အပြစ်တင်ခြင်း၊ ရှုတ်ချခြင်း၊ ဒေါသအလျောက် အော်ဟစ်မောင်းမဲ ဆူပူရိုက်နှက်ခြင်းတို့ ပြုလုပ်ကြသည်တို့ကိုလည်း မြင်ရလေ့ရှိသည်။ ယင်းသို့ အယူအဆ၊ အပြုအမူတို့ မှားယွင်းခြင်းမှ အနိဋ္ဌာရုံဖြစ်ရပ်များ ဖြစ်လေ့ရှိသည်ကို အတိတ်ကာလက တက္ကသိုလ်ဝင်အောင်စာရင်းများ ထွက်သည့်နေ့များတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ သတင်းများတွင် တွေ့ရှိပြီး သင်ခန်းစာယူကြစေလိုသည်။

မိမိတို့၏ ဘဝတစ်လျှောက်တွင် တက္ကသိုလ်ဝင်စာမေးပွဲသာမက စာမေးပွဲပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားကြရဦးမည်ဖြစ်သည်ကို လူငယ်ကျောင်းသား ကျောင်းသူတို့ ထာဝရနှလုံးသွင်းထားကြရမည်ဖြစ်သည်။ မိမိတို့၏ ဘဝစာမေးပွဲများတွင်လည်း အောင်မြင်ခြင်းနှင့်အတူ ရှုံးနိမ့်ခြင်းသည်လည်း ရှိနေမည်သာဖြစ်သည်။ မည်သို့သော ဘဝ၏စာမေးပွဲ၊ ဘဝ၏ စိန်ခေါ်မှုများဖြစ်စေ အရေးနိမ့်၍ ထွက်ပြေးသွားရန်၊ ဘဝကိုအရှုံးပေး၍ အဆုံးသတ်သွားရန်ဟူသည် မဖြစ်နိုင်သည့်အလျောက် မိမိ၏ အမှားများကို ပြင်ဆင်၊ အားနည်းချက်များကို ဖြည့်ဆည်း၍ မလျှော့သော ဇွဲလုံ့လဝီရိယတို့ဖြင့် အောင်မြင်မှုရရှိသည်အထိ မဆုတ်မနစ် ကြိုးပမ်းကြရမည်သာဖြစ်သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မအောင်မြင်သူတို့မှာ ဖြေဆိုသူ ၁၀၀ တွင် ၄၇ ယောက်ကျော်ကျော်ရှိနေသည်။ ဖြေဆိုသူ စုစုပေါင်း၏ တစ်ဝက်ကျော်ကျော်မျှသာ အောင်မြင်မှုရယူနိုင်ခဲ့ကြခြင်းဖြစ်သည်။ စာမေးပွဲဖြေဆိုသူတိုင်း အောင်လိုကြသည် သာဖြစ်သော်လည်း အရေးမလှ၍ အောင်မြင်မှုမရသည့်အခါ ထပ်မံကြိုးစားကြရန်သာဖြစ်သည်။ အောင်မြင်မှုဟူသည် လူတိုင်းရယူနိုင်သည့်အရာဖြစ်ပြီး အဓိပတိတရား (၄) ပါး မိမိတို့တွင် ဖြစ်လာပြီဆိုပါက မဖြစ်နိုင်သည်ဟူ၍ မရှိတော့သည်ကိုလည်း မှတ်သားထားကြရမည်ဖြစ်သည်။ ဆန္ဒာဓိပတိ = အောင်မြင်လိုသည့်ဆန္ဒ အလွန်ပြင်းပြခြင်း၊ ဝီရိယာဓိပတိ = လုံ့လစိုက်ထုတ်မှု အလွန်ကြီးမားခြင်း၊ စိတ္တာဓိပတိ= စိတ်ဓာတ်ထက်သန် အလွန်ပြင်းထန်ခြင်း၊ ဝီမံသာဓိပတိ = အသိဉာဏ်ပညာ ထက်မြက်အားကောင်းခြင်းတို့ကို ဖြည့်ကျင့်နိုင်ခဲ့ပြီဆိုလျှင် လောကတွင် မဖြစ်နိုင်သည့်အရာဟူ၍ မရှိတော့ကြောင်း မြတ်စွာဘုရားဟောကြားတော်မူထားခဲ့သည်။

တစ်ကြိမ်တစ်ခါဖြစ်စေ၊ နှစ်ကြိမ်နှစ်ခါဖြစ်စေ၊ အကြိမ်ကြိမ်အခါခါဖြစ်စေ ရှုံးနိမ့်မှုများကို အကြိမ်ကြိမ်အခါခါ အရှုံးမပေးသည့် စိတ်ဓာတ်ဖြင့် ဘဝခရီးတစ်လျှောက် အောင်မြင်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment