နေပြည်တော် ဇွန် ၂၉
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံအမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတ အကယ်ဒမီ (The Russian Presidential Academy of National Economy and Public Administration-RANEPA) ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့၌ ဇွန် ၂၆ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ နာ့ဗ်စကီးဖိုရမ် (10th Interna-tional Nevsky Forum) သို့ တက်ရောက်ဆွေးနွေးခဲ့သည်။
အပြည်ပြည်ဆိုင်ရာ နာ့ဗ်စကီးဖိုရမ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရုံးလက်အောက်ခံ အမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတအကယ်ဒမီ (The Russian Presidential Academy of National Economy and Public Administration - RANEPA) (စိန့်ပီတာစဘတ်တက္ကသိုလ်ခွဲ) က ကြီးမှူး၍ နိုင်ငံတကာပညာရေး၊ စီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် အတွေ့အကြုံများဖလှယ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်၍ အာရှ၊ ဥရောပ၊ အာဖရိကနှင့်လက်တင်အမေရိကဒေသများမှ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ၊ ပညာရှင်များနှင့် သုတေသီများတက်ရောက်သောဖိုရမ်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ နာ့ဗ်စကီးဖိုရမ်သို့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကိုယ်စားလှယ် ၁၀၀ ခန့်နှင့် ပြည်တွင်းကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါဖိုရမ်တွင် စိန့်ပီတာစဘတ်မြို့အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Evgemy Grigoriev က အမှာစကားပြောကြားပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်သူဗဟိုပြုအုပ်ချုပ်ရေးစနစ် တည်ဆောက်ရေး၊ နိုင်ငံ့ဝန်ထမ်းစွမ်းရည်မြှင့်တင်ရေး၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရင်ဆိုင်ဖြေရှင်းရန်လိုအပ်ပုံနှင့် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာအမြင်များကို မျှဝေဆွေးနွေးပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့သည် စမိုလ်နီပြတိုက်နှင့် ကက်သရင်းနန်းတော်သို့ သွားရောက်လေ့လာခဲ့သည်။
ဇွန် ၂၅ ရက်တွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် RANEPA အကယ်ဒမီမှ ညွှန်ကြားရေးမှူး Mr. Andrey Khlutkov တို့နှင့်တွေ့ဆုံပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အမျိုးသားစီးပွားရေးနှင့် ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ရုရှားသမ္မတ အကယ်ဒမီတို့အကြား နိုင်ငံ့ဝန်ထမ်းလေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment