သိင်္ဃသူ
(ယမန်နေ့မှ အဆက်)
“ Myanmar-China Investment and Trade Networking Summit” (MCITP-2026) Shanghai ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ လင်းကန်အထူးဧရိယာရှိ Radisson Collection Lingang Shanghai ဟိုတယ်တွင်ကျင်းပသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက် မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ဖြစ်သည်။
အခမ်းအနားကျင်းပမည့်နေရာသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရောက်ရှိလာရာတွင် ဟိုတယ်မှတာဝန်ရှိသူများက ပန်းစည်းများကမ်းကြသည်။ တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကများ၊ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း (MCITP) မှ တာဝန်ရှိသူများနှင့်အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ၏ စီးပွားရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်ကြီးများ၊ မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များက ကော်ဇောနီတစ်ဖက်တစ်ချက်စီမှနေ၍ နှစ်နိုင်ငံအလံများကိုဝှေ့ယမ်းကာ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်သမ္မတက အခမ်းအနားကို ဒီဂျစ်တယ်စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
“Myanmar- China Investment and Trade Networking Summit” (MCITP - 2026) Shanghai တွင် မြန်မာ-တရုတ်ကုမ္ပဏီများမှ ပြခန်းပေါင်း ၃၅ ခန်းကို ကဏ္ဍစုံလင်စွာ ခင်းကျင်းပြသထားရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြခန်းများကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။ မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာ-တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်းလူဦးရေ ၆၀၀ ခန့် တက်ရောက်ကြသည်။
Dishui Lake Ballroom ၌ နိုင်ငံတော်သမ္မတက မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပထဝီစီးပွားရေးအခင်းအကျင်းများနှင့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်မည့်ကဏ္ဍများ၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်များ၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ထားမှုများနှင့် အကာအကွယ်ပေးထားမှုများ စသည်တို့ကို စီးပွားရေးလုပ်ငန်းရှင်များ သိရှိရန် လိုအပ်သမျှထောင့်စေ့အောင် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမကြီး (Belt and Road lnitiative.BRI) စီမံကိန်းနှင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) တွင် မဟာဗျူဟာမြောက်ဝင်ပေါက် (Strategic Gateway)၊ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နေရာတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝတည်နေရာအရ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယ၊ တရုတ်နှင့် လူဦးရေများပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကြီးမားသည့် ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသည့် အာဆီယံဒေသတွင်း၏ အချက်အချာကျသည့် နေရာတွင်ရှိနေသည်။ စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းစွာလုပ်ကိုင်နိုင်သည့် ရေ၊ မြေ၊ ရာသီဥတုနှင့်ပြည့်စုံပြီး အရှေ့တောင်အာရှတွင် လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေ၏ ၂ဝ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးလုပ်ကိုင်နေခြင်းဖြစ်သလို အထွက်နှုန်းမြင့်မားရန်လည်း လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်သည်။
တစ်ဖန် မြန်မာနိုင်ငံတွင် လိုအပ်နေသည့် ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံနိုင်သည်။
တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံသည် ကုန်းလမ်းနှင့် ရေလမ်းနှစ်မျိုးလုံး အသုံးပြုနိုင်သည့် ဘင်္ဂလားဒေ့ရှ်- တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေးစင်္ကြံနှင့် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံတို့တွင် ပါဝင်ပတ်သက်လျက်ရှိသည်။ အဆိုပါစီမံကိန်း အောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံကို အကျိုးစီးပွား များစွာဖြစ်ထွန်းစေနိုင်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor- CMEC) ကို ဆောင်ရွက်လျက်ရှိရာ CMEC ၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတို့ကို အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါ စီးပွားရေးစင်္ကြံများ တစ်လျှောက် အထူးစီးပွားရေးဇုန်များ (SEZs)၊ စက်မှုဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံ (Logistics Hubs) များတွင် ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများ ရှိနေသည်။
ရေနံသန့်စင်ထုတ်လုပ်ခြင်းနှင့် ရေနံထွက်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်သုံးအများ ပြည်သူသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများ (Electric Public Transportation Services)၊ လျှပ်စစ်တက္ကစီနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ (Electric Taxi & Cargo Logistics Services)၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဓာတ်မြေသြဇာထုတ်လုပ်ခြင်း၊ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ခြင်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ အဆင့်မြင့် ရော်ဘာနှင့် ရော်ဘာအခြေခံတာယာနှင့် ပရိဘောဂပစ္စည်းများထုတ်လုပ်ခြင်း စသည်ဖြင့် ကဏ္ဍပေါင်းစုံတွင် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတက ရှင်းပြဖိတ်ခေါ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်မှုတို့တွင် လုပ်ရကိုင်ရ ခက်ခဲကြန့်ကြာမှုများ၊ လုပ်ထုံးလုပ်နည်းများ ရှုပ်ထွေးနေမှုများ ကင်းရှင်းနိုင်သမျှကင်းရှင်းပြီး လွယ်ကူမြန်ဆန်သည့် ဝန်းကျင်ကောင်းများလိုအပ်သည်။ “မိမိတို့ရွေးကောက်ခံ အစိုးရအနေဖြင့် နိုင်ငံအတွင်း စီးပွားရေးဝန်းကျင်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အလေးထားဆောင်ရွက်နေပါကြောင်း၊ အထူးသဖြင့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို ပြန်လည်ဆန်းစစ်ပြီး လုပ်ငန်းစဉ်များကို ပိုမိုလွယ်ကူလျင်မြန်အောင် ဒီဂျစ်တယ်စနစ် (Digital Transformation) သို့ အသွင်ကူးပြောင်း ဆောင်ရွက်လျက်ရှိရာ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကို ရေးဆွဲဖော်ဆောင်လျက်ရှိကြောင်း” တို့ကို နိုင်ငံတော်သမ္မတက တရုတ်စီးပွားရေး လုပ်ငန်းရှင်များအားရှင်းပြသည်။
ဆက်လက်၍ စီးပွားရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ချိတ်ဆက်လုပ်ကိုင်နိုင်ရေးသည် လုပ်ငန်းရှင်များအတွက် အရေးကြီးသည်ကို ကောင်းစွာသိရှိပါကြောင်းဟူ၍အစချီကာ နယ်စပ် ကုန်သွယ်ရေးစခန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကိုလည်း အလေးထား ဆောင်ရွက်နေပါကြောင်း၊ နှစ်နိုင်ငံ လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် နှစ်နိုင်ငံအကြား SPS Protocol များ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ယွမ်ငွေကို မြန်မာနိုင်ငံအတွင်း လိုင်စင်ရဘဏ်များနှင့် ငွေလဲကောင်တာများတွင် တရားဝင်ရောင်းဝယ်ခွင့်ပြုခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ဒေသတွင် ကျပ်နှင့်ယွမ်ကို တရားဝင်တိုက်ရိုက်အသုံးပြုပေးချေခွင့်ပြုခဲ့ကြောင်း။
ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် မိမိတို့အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ ၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်မှစပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်ဒေါ်လာဖြင့်သာမက ယွမ်ငွေကြေးဖြင့်လည်း စတင်လက်ခံဆောင်ရွက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးနိုင်ရေးအတွက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ ၂၀၂၄ ခုနှစ်တွင် အပြည့်အဝ အသက်ဝင်လည်ပတ်နေပြီဖြစ်သည့်အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားပါကြောင်းတို့ကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် တရုတ် လုပ်ငန်းရှင်များ သိရှိနိုင်ရန် နိုင်ငံတော်သမ္မတက အသိပေးဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသည့် မြန်မာ-တရုတ် စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြရာတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်နှင့် ဒေါက်တာချာလီသန်းတို့က လုပ်ငန်းပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြောကြားကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေရသည့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် စီမံကိန်းကြီးများအား အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး အဆိုပါဒေသများ၌ လုံခြုံရေးနှင့်နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကို အတူတကွပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ အာကာသနည်းပညာပိုင်း ဆိုင်ရာများတွင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့်ဆန္ဒရှိပြီး ပူးပေါင်းမှုများ ဆောင်ရွက်ရန်အတွက် ဖိတ်ခေါ်မှုအားကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံသည် ကဏ္ဍပေါင်းစုံ၌ နည်းပညာပိုင်းဆိုင်ရာများတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိနေသည်ကို တွေ့မြင်ရပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်ကြမည်ဆိုပါကလည်း နောက်ဆုံးပေါ် နည်းပညာများကိုအသုံးပြု၍ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ဈေးကွက်ခိုင်မာမှုတို့ကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဟု အကြံပြုလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၈ ရက်မွန်းလွဲပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ လင်းကန် အထူးဧရိယာ (Shanghai Lingang Special Area) သို့ သွားရောက်လေ့လာသည်။ လင်းကန်အထူးဧရိယာသည် ရှန်ဟိုင်းမြို့ အရှေ့တောင်ဘက်တွင်တည်ရှိပြီး မြောက်ဘက်တွင် ဖူတုန်းအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တောင်ဘက်တွင် ယန်းရှန် နိုင်ငံတကာဆိပ်ကမ်းတို့ကြားတွင် တည်ရှိနေသည်။ ဧရိယာ ၈၁၉ စတုရန်းကီလိုမီတာ ကျယ်ဝန်း ကာ Dishui ရေကန်ကို ဗဟိုပြုထားသည့် နန်ဟွေမြို့သစ်၊ လင်းကန်ပစ္စည်းကိရိယာစက်မှုဇုန် (Equipment Industrial Zone)၊ ရှောင်ယန်ရှန်ကျွန်းနှင့် ဖူတုန်းလေဆိပ်တောင်ဘက် ဧရိယာတို့က အဓိကဇုန်များအဖြစ်ပါဝင်သည်။ လင်းကန်ဒေသသည် နောက်ဆုံးပေါ် နည်းပညာမြင့်ကဏ္ဍကြီးလေးခုကို အဓိကဖော်ဆောင်လျက်ရှိရာ Integrated Circuits (အိုင်စီပတ်လမ်းပြားနှင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေး)၊ Artificial Intelligence - AI (ဉာဏ်ရည်တုနည်းပညာ)၊ Biomedicine (ဇီဝ ဆေးဝါးလုပ်ငန်း)၊ Aerospace (အာကာသနှင့် လေကြောင်းနည်းပညာ) လုပ်ငန်းများတည်ရှိပြီး စွမ်းအင်သစ်သုံးမော်တော်ယာဉ် (New Energy Vehicles -NEVs) လုပ်ငန်းများ၊ အဆင့်မြင့်အဏ္ဏဝါ ရေကြောင်းလုပ်ငန်းများ (Ocean Industry) နှင့် အခြားအဆင့်မြင့် နည်းပညာလုပ်ငန်းများလည်း တည်ရှိသည်။ ကမ္ဘာကျော် Tesla Giga factory 3 သည် လင်းကန်ဒေသတွင်ရှိပြီး တစ်နှစ်လျှင် Tesla ကားစီးရေ သိန်းနှင့်ချီ၍ ထုတ်လုပ်လျက်ရှိသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရှန်ဟိုင်းမြို့ Hongqiao Railway Station မှ ဟန်ကျိုးမြို့ Hangzhou East Railway Station သို့ မြန်နှုန်းမြင့်ရထားခရီးထွက်ခွာရာ ရှန်ဟိုင်းမြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။ ရှန်ဟိုင်း-ဟန်ကျိုး မြန်နှုန်းမြင့်ရထားခရီးသည် ခုတ်မောင်းချိန် ၄၅ မိနစ်မျှသာ။ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟန်ကျိုးမြို့ Hangzhou East Railway Station သို့ ရောက်ရှိကြရာ ဟန်ကျိုးမြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဇွန် ၁၈ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူး မစ္စတာဝမ်ဟောက်က ခေတ္တတည်းခိုလျက်ရှိသည့် ဟန်ကျိုးမြို့ Huajia Shanzhuang ဟိုတယ်ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံစဉ် ကျဲ့ကျန်းပြည်နယ် ပါတီအတွင်းရေးမှူးက ကျဲ့ကျန်းပြည်နယ်တွင် နေထိုင်သည့်ဒေသခံပြည်သူ ၆၇ သန်းကျော် ကိုယ်စား အဆွေတော်သမ္မတကြီးအား လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် သွင်းကုန်၊ ထုတ်ကုန်ပမာဏကြီးမားသည့်ဒေသဖြစ်ပြီး ဆန်းသစ်တီထွင်မှု အရည်အသွေးမြင့်မားသည့် လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားကောင်းသည့်ဒေသဖြစ်ပါကြောင်း၊ ကျဲ့ကျန်းပြည်နယ်နှင့် မြန်မာ နိုင်ငံအကြား စီးပွားရေးနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်း လာလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက် လိုအပ်သည့်တွေ့ဆုံဆွေးနွေးမှုများနှင့် ကူးလူးဆက်ဆံခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ကျဲ့ကျန်းပြည်နယ်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုများနှင့် သာယာလှပပြီး စိမ်းလန်းစိုပြည်မှုရှိသည့် ကျဲ့ကျန်းပြည်နယ်သို့ လာရောက်လေ့လာခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ အချိန်အခါနှင့်ခေတ်စနစ်များ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် ပိုမိုတိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားချင်းနီးစပ်မှသာ ကျန်သည့်ကဏ္ဍများတွင်လည်း ပိုမိုနက်ရှိုင်းသည့်ယုံကြည်မှုများကို တည်ဆောက်နိုင်မည်ဖြစ်သဖြင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နည်းပညာ၊ အထည်အလိပ်၊ စိုက်ပျိုးရေးနှင့် လက်ဖက်၊ စွမ်းအင် စသည့်ကဏ္ဍအသီးသီးတို့တွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်ကိစ္စများ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဟန်ကျိုးသည် ကမ္ဘာမြေပြင်ပေါ်မှ နတ်ဘုံနတ်နန်းဟူ၍ နာမည်ကျော်သည့်မြို့။ ကြည်နူးဖွယ်ရာ သဘာဝအလှတရားများနှင့် ယူနက်စ်ကို၏ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အနောက်ဘက်ရေကန်တို့ တည်ရှိသလို ကမ္ဘာကျော်ကော်ပိုရိတ်တစ်ခုဖြစ်သည့် အလီဘာဘာ၏ ရုံးချုပ်များတည်ရှိရာ မြို့လည်းဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
.jpg)
.jpg)
No comments:
Post a Comment