စည်သူကျော်
ပြီးခဲ့သည့်ရက်ပိုင်းက ရပ်ဝေးနေ မိတ်ဆွေတစ်ဦးထံမှ အီးမေးလ်တစ်စောင် လက်ခံရရှိခဲ့သည်။ မိတ်ဆွေက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦးဖြစ်ပါသည်။ မကြာခဏဆိုသလို တယ်လီဖုန်းဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဆက်သွယ်ကာ လုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ အကြံဉာဏ်နှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးလေ့ရှိသူဖြစ်ပါသည်။
မိတ်ဆွေက သူ၏ဒေသတွင်
အပန်းဖြေစခန်း (Resort) တစ်ခု တည်ဆောက်ဖွင့်လှစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မကြာမီပြီးစီးတော့မည်ဖြစ်၍
လာရောက်လေ့လာကြည့်ရှုပေးရန်နှင့် သူ့အပန်းဖြေစခန်းကို မြှင့်တင်ကြော်ငြာရန်အတွက် လိုအပ်သည့်
အကြံဉာဏ်များပေးရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။
အပန်းဖြေစခန်းသို့
လာရောက်ရန်အတွက် သွားလာနေထိုင်စားသောက်မှုတို့ကို သူ့တာဝန်ထားပါဟူ၍လည်း အမှာစကားပါးထားသည်။
ထို့အပြင် မိမိခေါ်လာလိုသော ဧည့်သည်သုံး၊ လေးဦးခန့်လည်း ခေါ်လာနိုင်ပါကြောင်းနှင့်
သူတို့အတွက်လည်း အစစအရာရာတာဝန်ယူပါကြောင်း ပြောပါသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနယ်ပယ်တွင်
လုပ်ကိုင်နေစဉ်အတွင်း ယခုကဲ့သို့ ဖိတ်ကြားမှုများ မကြာခဏကြုံရသည်။ လိုအပ်သည့် အကူအညီများပေးရသည်။
မိတ်ဆွေ၏စာကို ဖတ်ပြီးနောက် ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း Familiarization Trip (အတိုကောက်
Fam Trip) (သက်ဆိုင်ရာဌာနက “ရင်းနှီးကျွမ်းဝင်မှုခရီးစဉ်” ဟု မြန်မာမှုပြုသည်။) များ
ဆောင်ရွက်ခဲ့ရသည်ကို စဉ်းစားတွေးတောနေမိသည်။ ယခုမိတ်ဆွေ၏ ဖိတ်ခေါ်မှုသည် Fam Trip ဖိတ်ခေါ်မှုနှင့်
အလားတူသည်ဟု ပြော၍ရသည်။
Familiarization
Trip (Fam Trip) ဆိုသည်မှာ ပြည်တွင်း(သို့မဟုတ်)ပြည်ပမှ ခရီးသွားလုပ်ငန်းနှင့် နှီးနွှယ်သည့်
ပုဂ္ဂိုလ်များ၊ ဥပမာ - ခရီးလှည့်လည်ရေးလုပ်ငန်းလုပ်ကိုင်သူများ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊
မီဒီယာများ၊ လေကြောင်းလိုင်း ကိုယ်စားလှယ်များ၊ ထင်ရှားကျော်ကြားသူ/ ဩဇာတိက္ကမရှိသူများ၊
ခရီးသွားဆောင်းပါး၊ စာအုပ်စာတမ်းရေးသားသူများ၊ ပွဲလမ်း၊ အခမ်းအနားစီစဉ်ဆောင်ရွက်သူများ
စသူတို့ကို အထူးပြုလိုသော ခရီးစဉ်ဒေသတစ်ခုသို့ ဖိတ်ခေါ်၍ “ကိုယ်တိုင်သိမြင်/ ကိုယ်တိုင်တွေ့ကြုံ/
ကိုယ်တိုင်ခံစား စားသုံး”စေသည့် Promotional Inspection Trip (PIT) တစ်ခု ဖြစ်ပါသည်။
ထိုသို့ ဖိတ်ခေါ်ရာ၌
ခရီးစဉ်တွင် ပါဝင်လိုက်ပါလာသည့် ပုဂ္ဂိုလ်များ၏ တည်းခိုနေထိုင်သွားလာစားသောက်ရေးနှင့်
အခြားအုပ်ချုပ်မှုကိစ္စအဝဝကို ဒေသခံအိမ်ရှင် (နိုင်ငံ/အဖွဲ့အစည်း)က အကုန်အကျခံ စီစဉ်ဆောင်ရွက်ပေးရသည်။
ယခု စာရေးသူ၏ မိတ်ဆွေကလည်း သူ၏အပန်းဖြေစခန်းသို့ ဖိတ်ခေါ်ခြင်းသည် သူ၏အပန်းဖြေစခန်းအပေါ်
မိမိ၏အတွေးအမြင်၊ အယူအဆကို သိရှိလိုခြင်းဖြစ်ပါသည်။ ထို့အပြင် သူ၏အပန်းဖြေစခန်း အကြောင်း
(ကောင်းကြောင်း)ကို စာရေးသူ၏ နယ်ပယ်အတွင်း ပြန့်ပွားစေလိုမည်ဖြစ်သည်။
Fam Trip တစ်ခုအကောင်အထည်ဖော်ခြင်းသည်
လွယ်ကူသော ကိစ္စရပ်တစ်ခုတော့မဟုတ်ချေ။ ဖိတ်ခေါ်လိုသည့် အဖွဲ့ဝင်အရေအတွက်နှင့် အဖွဲ့ဝင်များ၏
ကျွမ်းကျင်မှုနယ်ပယ် ကွဲပြားမှုအပေါ် မူတည်၍ စီမံခန့်ခွဲရသည့် တာဝန်အလေးအပေါ့လည်း ကွဲပြားသည်။
ဖိတ်ခေါ်မည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းရွေးချယ်ခြင်းမှသည် မိမိနိုင်ငံ/ဒေသအတွင်း မိတ်ဆက်ပြသလိုသည့်
ခရီးစဉ်ဒေသရွေးချယ်ခြင်း၊ ခရီးစဉ်ရေးဆွဲအတည်ပြုခြင်း၊ တည်းခိုနေထိုင်ခြင်း၊ သွားလာလည်ပတ်ခြင်း၊
လှည့်လည်ပြသခြင်း၊ တည်ခင်းစားသောက်ခြင်း၊ ဖျော်ဖြေတင်ဆက်ခြင်း၊ မီဒီယာတွေ့ဆုံပွဲပြုလုပ်ခြင်း၊
စီးပွားရေးမိတ်ဖက်ရှာဖွေခြင်း စသည့်ကိစ္စရပ်များ ဟန်ချက်ညီညီ အဆင်ပြေချောမွေ့စေရန်
အသေးစိတ်စီစဉ်ဆောင်ရွက်ရသည်။ လွဲချော်မှု တစ်စုံတစ်ရာဖြစ်၍မရပါချေ။ သို့သော် အဘယ်ကြောင့်
ဤသို့တာဝန်ကြီးလေးများပြားသော Fam Trip များကို စီစဉ်ဆောင်ရွက်ကြပါသနည်း။ အခြားနည်းလမ်းဖြင့်
မိမိ၏ခရီးစဉ်ဒေသကို ကြော်ငြာပြီး လူသိများအောင် လုပ်၍မရသလော။
ခရီးသွားလုပ်ငန်းတွင်
“Seeing is selling” ဟူသော စကားရပ်ရှိပါသည်။ “Seeing is believing” “မျက်မြင်မှ ယုံရ”
ဆိုသောစကားကဲ့သို့ပင် ခရီးသွားလုပ်ငန်း၌ မြင်တွေ့ခြင်းမှသည် ရောင်းချခြင်းဆီသို့ ဟူသောအယူအဆကို
ယနေ့တိုင် လက်ခံထားကြသည်။ အတွေ့အကြုံကိုအခြေခံသော ခရီးသွားလုပ်ငန်းကို မျက်မြင်လက်တွေ့မခံစားဘဲမည်သို့
ဈေးကွက်တွင် ကြော်ငြာရောင်းချကြမည်နည်း။
ထို့ကြောင့်
Fam Trip များကို ကြိုးပမ်းစီစဉ်ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ မိမိ၏ခရီးစဉ်ဒေသကို ခရီးသွားလုပ်ငန်းဈေးကွက်တွင်
ပိုမိုလူသိများလာစေရန်၊ မိမိတို့ဒေသ၏ ခရီးသွားလုပ်ငန်း ထုတ်ကုန်များကို လက်တွေ့ပြသရန်၊
ခရီးသွားလုပ်ငန်းထုတ်ကုန်များကို ဈေးကွက်တင်ရောင်းချနိုင်ရန်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍကို
မြှင့်တင်ရန်၊ ဒေသတွင်း (သို့မဟုတ်) နိုင်ငံတကာခရီးသွားလုပ်ငန်း မျက်နှာစာတွင် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအကြား
ဆက်သွယ်ဆောင်ရွက်မှု ကွန်ရက်ကို ချဲ့ထွင်ရန်နှင့် ခိုင်မာမှုရှိစေရန်၊ ခရီးစဉ်ဒေသအပေါ်
ယုံကြည်မှု ပိုမိုအားကောင်းလာစေရန်တို့သည် Fam Trip ဖော်ဆောင်ခြင်း၏ အဓိကရည်ရွယ်မျှော်မှန်းချက်များ
ဖြစ်ကြသည်။
Fam Trip များ
ဆောင်ရွက်ရာ၌ မိမိခရီးစဉ် ဒေသ/ထုတ်ကုန်ကို သိရှိစေလိုသည့် ဈေးကွက်/ မိမိရောင်းချလိုသည့်
ပုံစံအပေါ်မူတည်၍ Fam Trip ပုံစံများကွဲပြားသွားပါသည်။ တချို့က မိမိမျှော်မှန်းထားသော
ဈေးကွက် (Target Market)နှင့် အံဝင်ခွင်ကျဖြစ်မည့် Fam Trip ပုံစံကို Tailor Made ပြုလုပ်၍
သီးခြားစိစစ်ခေါ်ယူသလို နယ်ပယ်အသီးသီးမှ Stakeholder များပါဝင်သည့် Package ပုံစံ
Fam Trip များလည်း စီစဉ်ဆောင်ရွက်ကြသည်။
ယေဘုယျအားဖြင့်
Fam Trip အမျိုးအစား လေးမျိုးခန့်ကို ဦးစားပေးဆောင်ရွက်ကြသည်ကို လေ့လာတွေ့ရှိရသည်
-
(၁) ခရီးလှည့်လည်ရေးလုပ်ငန်း
ဆောင်ရွက်သူများ (Tour Operators/ Travel Agents) အတွက် Fam Trip။ ယင်းအမျိုးအစားတွင်
ခရီးစဉ်ကို စမ်းသပ်ရန်ဖြစ်ပြီး ခရီးစဉ်ဒေသ၏ ဆွဲဆောင်နိုင်မှု၊ ဟိုတယ်များ၏ အဆင့်အတန်းနှင့်
ဝန်ဆောင်မှုပေးနိုင်မှု၊ ဈေးနှုန်းစမ်းသပ်စစ်ဆေးမှု၊ သွားလာလည်ပတ်မှု၏ ကြာမြင့်ချိန်တို့ကိုပါ
တစ်ပါတည်းသတ်မှတ်ပါသည်။
(၂) မီဒီယာ
Fam Trip ။ ဤအမျိုးအစားတွင် ခရီးသွားဆောင်းပါး/စာပေရေးသားထုတ်လုပ်သူများ၊ ရုပ်သံရိုက်ကူးထုတ်လွှင့်သူများပါဝင်၍
ကြော်ငြာလိုသော ခရီးစဉ်ဒေသအကြောင်းကို သွားလာနေထိုင်စားသောက်မှုအပါအဝင် ဒေသ၏ ယဉ်ကျေးမှုနှင့်
သဘာဝအလှအပအကြောင်းအရာများကို ရေးသားရိုက်ကူးတင်ပြပေးရန်နှင့် သုံးသပ်တင်ပြပေးရန် ဖြစ်ပါသည်။
မီဒီယာ Fam Trip ကို ပွဲလမ်းသဘင်အခမ်းအနားများ ကျင်းပရာသို့လည်း အဓိကဖိတ်ခေါ်လေ့ရှိကြသည်။
(၃) ထင်ရှားကျော်ကြားသူများနှင့်
ဩဇာတိက္ကမရှိသူများကို ဖိတ်ကြားဆောင်ရွက်သော Fam Trip ။ ယနေ့ခေတ်တွင် အများဆုံးဆောင်ရွက်သော
Fam Trip အမျိုးအစားဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ဆိုရှယ်မီဒီယာများတွင် ကြည့်ရှုအားပေးသူများပြားသော
Influencers, Celebrities ကို ခရီးစဉ်ဒေသနှင့် ခရီးသွားဆွဲဆောင်မှုနေရာများကို ဖိတ်ခေါ်လည်ပတ်စေပြီး
လူသိများထင်ရှားအောင် Promotion ပြုလုပ် ခြင်းဖြစ်ပါသည်။ ၎င်းသည် လူမှုကွန်ရက်အသုံးချမှုနှင့် ဆက်နွှယ်လျက်ရှိပြီး
ဆိုရှယ်မီဒီယာများတွင် လူသိများသူများ၏ ကျော်ကြားမှုကိုအသုံးချကာ မိမိခရီးစဉ် ဒေသ/ထုတ်ကုန်ကို
လူသိများစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယနေ့ခေတ်စားလာ သော Digital Tourism
Marketing ခေတ်တွင် အရေးပါသော Fam Trip အမျိုးအစားဖြစ်သည်။
(၄) MICE Fam
Trip။ Meeting, Incentive, Convention/ Conference, Exhibition (MICE) ခရီးသွားလုပ်ငန်းအမျိုးအစားအတွက်
ဆောင်ရွက်သော Fam Trip အမျိုးအစားဖြစ်ပါသည်။ စီးပွားရေး ခရီးသွားလုပ်ငန်းအတွက် အဓိကဆောင်ရွက်သော
Fam Trip အမျိုးအစားဖြစ်ပြီး ၎င်းတွင် အစည်းအဝေးနှင့် အခြားသောလုပ်ဆောင်မှုများအတွက်
အဆောက်အအုံ (Venue)၊ ဝန်ဆောင်မှုနှင့် နေရာအကျယ်အဝန်းတို့ကို ဦးစားပေးလေ့လာ ကြည့်ရှုကြရသည်။
Fam Trip များကို
အကောင်အထည်ဖော်ရာ၌ ထိရောက်အောင်မြင်မှုရှိစေရန်အတွက် အချိန်ကိုက်ဖြစ်ရန်လည်း လိုအပ်ပါသည်။
အချိန်ကိုက်ဆောင်ရွက်နိုင်မှုမရှိပါက Fam Trip ၏ ထိရောက်မှုနည်းပါးပြီး မျှော်မှန်းရလဒ်ကို
ရရှိဆုပ်ကိုင်နိုင်မည် မဟုတ်ပါချေ။ သို့ဆိုလျှင် Fam Trip များကို မည်သည့်အချိန်တွင်
လုပ်ဆောင်ကြပါသနည်း။
(၁) ခရီးစဉ်ဒေသ/
ခရီးသွားဆွဲဆောင်မှုအသစ်များ ဖော်ထုတ်ချိန်။ ဒေသတစ်ခု၏ ခရီးသွားဆွဲဆောင်မှုတစ်ခုကို
ဖော်ထုတ်ချိန်တွင် အချိန်တိုအတွင်း ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း လူသိများ၍ စိတ်ဝင်စားမှုရရှိစေရန်
သက်ဆိုင်ရာဆက်စပ်နယ်ပယ်အတွင်းမှာ ပုဂ္ဂိုလ်များ/ အသင်းအဖွဲ့များကို ဖိတ်ကြားဆောင်ရွက်ခြင်းမျိုးဖြစ်ပါသည်။
ယင်းတွင် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၊ မီဒီယာများ၊ ထင်ရှားကျော်ကြားသူများအားလုံး
ပါဝင်နိုင်ပါသည်။
(၂) ခရီးသွားဝင်ရောက်မှုကျဆင်းနေချိန်။
ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါများ၊ သဘာဝဘေးအန္တရာယ် (သို့မဟုတ်) အကြမ်းဖက်မှုဖြစ်စဉ်များ
ပေါ်ပေါက်ခြင်းကြောင့် သော်လည်းကောင်း၊ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့်
တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကင်းမဲ့မှုဖြစ်စဉ်များ ပေါ်ပေါက်ခြင်းကြောင့် သော်လည်းကောင်း
ခရီးသွားဝင်ရောက်မှုကျဆင်းမှုများ ဖြစ်ပေါ်လေ့ရှိရာ ၎င်းဖြစ်စဉ်များကို ပြန်လည်ထိန်းချုပ်နိုင်ပြီးသော
ကာလများတွင် ခရီးသွားလုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်နိုင်စေရန် “Safe to
Travel” ဆိုသောပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။
(၃) Low
Season Travel။အထက်ပါထူးခြားဖြစ်စဉ် များ ပေါ်ပေါက်ခြင်းမရှိသော်လည်း ဧည့်သည် ဝင်ရောက်မှုနည်းပါးသည့်
ရာသီချိန်များတွင် ခရီးစဉ်အသစ်များ ဖန်တီးရောင်းချလိုသောအချိန်တွင် လည်း Fam Trip များကို
ဆောင်ရွက်လေ့ရှိပါသည်။
(၄) ဝန်ဆောင်မှုအသစ်များစတင်ချိန်။
ဟိုတယ်နှင့် အပန်းဖြေစခန်းအသစ်များ ဖွင့်လှစ်ချိန်၊ လေကြောင်းလိုင်း၊ အပျော်စီးသင်္ဘောများ
Maiden Trip/ Maiden Voyage ဟုခေါ်သော စတင်ပြေးဆွဲ ဝန်ဆောင်မှုပေးချိန်များတွင်လည်း
Fam Trip များကို ဖိတ်ခေါ်လေ့ရှိကြပါသည်။
(၅) နိုင်ငံတကာ
(သို့မဟုတ်) ရည်မှန်းထားသော ဈေးကွက်တစ်ခုကို ထိုးဖောက်လိုချိန်။ ဥပမာအားဖြင့် မိမိနိုင်ငံ၏
ခရီးသွားထုတ်ကုန်များကို နိုင်ငံတကာဈေးကွက် (သို့မဟုတ်) မိမိမျှော်မှန်းထားသည့် အလားအလာရှိသည့်
ဈေးကွက်တွင် မိတ်ဆက်ရောင်းချလိုသော အချိန်များ၌လည်း သီးသန့်စီစဉ်ဆောင်ရွက်ကြပါသည်။
မိမိအနေဖြင့် Fam
Trip (ပဲဆိုကြပါစို့)။ မိတ်ဆွေများ ခင်မင်ရင်းနှီးသူများက ၎င်းတို့လုပ်ဆောင်မည့် ဟိုတယ်/အပန်းဖြေစခန်းစသည့်
နေရာများသို့ ဖိတ်ကြားသည့်အကြောင်းကို အခြားသူများက ကြားသိသည့်အခါ ဤကဲ့သို့သော အလုပ်ကို
သဘောကျနှစ်ခြိုက်ကြောင်းပြောကြ၏။ ၎င်းတို့၏အမြင်တွင် အခမဲ့သွားလာတည်းခို စားသောက်ရသောအလုပ်ဟု
ထင်မှတ်ပုံရ၏။ Fam Trip သဘောတရားကို အချို့ကလည်း ယင်းကဲ့သို့ယူဆကြောင်း ကြားသိရသည်။
သွားလာစားသောက်လျှောက်ကြည့်ပြီး ပြန်သွားသူများဟု ထင်မှတ်ကြဖွယ်ရှိပါသည်။ Fam Trip
စတင်ပြင်ဆင်ဆောင်ရွက်ချိန်၊ Fam Trip တွင် လိုက်ပါမည့်သူများ စိစစ်ရွေးချယ်ချိန်ကပင်
အားနည်းမှုများရှိခြင်း၊ Fam Trip တစ်ခု၏ ထိရောက်အောင်မြင်မှုကို တိုင်းတာသုံးသပ်နိုင်မှု
မရှိခြင်းတို့သည် Fam Trip များကျရှုံးခြင်း၊ မအောင်မြင်ခြင်း၏ အကြောင်း တရားများစွာအနက်မှ
တစ်ခုဖြစ်သည်။
Fam Trip တစ်ခုကို
ခရီးသွားမြှင့်တင်ရေး၏ လက်နက်ကိရိယာတစ်ခုအဖြစ် အသုံးချရမည့်အစား လုပ်ဆောင်ချက်တစ်ခုအဖြစ်
ရှုမြင်ဖော်ဆောင်သွားခြင်းကြောင့် Fam Trip ခရီးစဉ်အောင်မြင်စွာ ပြီးဆုံးသွားသော်လည်း
နောက်ဆက်တွဲတိုင်းတာမှုများအရ အကယ်စင်စစ်အောင်မြင်သော Fam Trip တစ်ခုအဖြစ် သတ်မှတ်ရန်
ခက်ခဲလှပါသည်။ ။
No comments:
Post a Comment