နေပြည်တော် ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ(NCC) အစည်းအဝေးခန်းမ၌ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မူလတန်းသင်ရိုးညွှန်းတမ်းများကို ပြဋ္ဌာန်းသင်ကြားလာသည်မှာ ၁၀ နှစ်ရှိပြီဖြစ်သဖြင့် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းအသစ်များအဖြစ် ပြန်လည်ပြုစုနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ယမန်နေ့နံနက်ပိုင်းကလည်း ဒဂုံတက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အဆိုပါတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တက္ကသိုလ်အဆင့်မြှင့်တင်ရေးနှင့် ပညာရေးမြှင့်တင်မှုအစီအမံများကို ဆွေးနွေးညှိနှိုင်းကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုသည်။
ယင်းနောက် မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့အစည်းအဝေးခန်းမ၌ မြန်မာစာအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မြန်မာအဘိဓာန် အကျဉ်းချုပ်(စတုတ္ထတွဲ)၊ ၃၈ ဖြာ မင်္ဂလာအလိမ္မာပုံပြင်များ၊ လောကနီတိ၊ ပြည်သူ့နီတိ ကျင့်ဝတ်အဖြာဖြာနှင့် ကျောင်းသုံးစာစီ စာကုံးစာအုပ်များ ပြုစုထုတ်ဝေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ကျင်းပသည့် တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှု ဖလှယ်ပွဲနှင့် ရန်ကုန်တက္ကသိုလ် သထုံလမ်း ဘောလုံးကွင်း၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ပညာရေးဝန်ကြီးဌာနတက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ရန်ကုန်ဇုန်) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment