Sunday, June 21, 2026

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်အဖွဲ့ဝင်များ ရုရှားနိုင်ငံ မော်စကိုသို့ ရောက်ရှိ

 

မော်စကို ဇွန် ၂၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက် အရ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်ရန် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့မှလေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြသည်။

ထို့နောက် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာရာ ရုရှားနိုင်ငံမော်စကိုမြို့ Sheremetyevo International Airport သို့ ဒေသစံတော်ချိန် ည ၇နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Valerievich Kara-ool နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ လွှတ်တော်မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် လေဆိပ်သီးသန့်နားနေခန်းတွင် မြန်မာ- ရုရှား- ဘယ်လာရုစ် နိုင်ငံများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ချစ်ကြည်ရေးအသင်းများဖွဲ့စည်း၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။         

သတင်းစဉ်

No comments:

Post a Comment