မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နှစ်နိုင်ငံကူးသန်းသွားလာရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ တည်ဆောက်ဖွင့်လှစ်ပေးထားသည်။ မြန်မာ-ထိုင်း မြဝတီကုန်သွယ်ရေးစခန်း၊ မြန်မာ-တရုတ် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-အိန္ဒိယတမူးကုန်သွယ်ရေးစခန်းများသည် ကူးသန်းရောင်းဝယ်ကုန်သွယ်မှုတွင် အစဉ်အဆက်အရေးပါပြီး ကုန်စည်စီးဆင်းမှုများ ကောင်းမွန်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည်။
၂၀၂၁ ခုနှစ်နောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့်
နိုင်ငံရေးအခြေအနေများကို အကြောင်းပြု၍ ဒေသတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏
နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့်
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းမှုများဖြစ်ပေါ်ခဲ့ရာ
ကုန်စည်စီးဆင်းမှုများ ရပ်တန့်ပြတ်တောက်ခြင်း၊ ကုန်ပစ္စည်းများရှားပါးခြင်း၊
အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခြင်းများဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ၏
လူမှုစီးပွားဘဝများ ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့်
နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့်
နယ်စပ်ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကုန်စည်စီးဆင်းမှု
ချောမွေ့စေရေးတို့အတွက် နယ်မြေဒေသလုံခြုံရေးနှင့်
ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့်
ကလေး-တမူး လမ်းကြောင်းကို PDF
အမည်ခံအကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ၂၀၂၄
ခုနှစ်မှစတင်၍ ယာယီစိုးမိုးပိတ်ဆို့ခြင်းဖြစ်ပေါ်ခဲ့သည်။ အဆိုပါလမ်းကြောင်းတစ်လျှောက်
သွားလာနေကြသည့် ကုန်တင်ယာဉ်များနှင့် ခရီးသွားယာဉ်များအား
အကြမ်းဖက်သောင်းကျန်းသူများက ဆက်ကြေးများကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်အကျပ်ကိုင်ခြင်း၊
ဖမ်းဆီးသတ်ဖြတ်ခြင်း၊ မော်တော်ယာဉ်များအား မီးရှို့ဖျက်ဆီးခြင်း၊
ကုန်ပစ္စည်းများအား လုယက်ယူဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို
လုပ်ဆောင်ခဲ့သည်။ ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်များအနေဖြင့်
ကူးသန်းသွားလာခြင်းမပြုလုပ်ရဲတော့ဘဲ ကုန်စည်သယ်ယူပို့ဆောင်မှုများ
နှောင့်နှေးရပ်တန့်၍ နယ်စပ်ကုန်သွယ်ရေးလျော့ကျလာပြီး ဒေသတွင်းစားသောက်ကုန်နှင့်
လူသုံးကုန်များ ပြတ်လပ်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။
ထို့ကြောင့် တပ်မတော်အနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းပြီး
ပြည်သူလူထုအေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ
ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တမူး
လမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ကလေး-တမူး လမ်းကြောင်းအား ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် ဇွန်လ
၇ ရက်မှစတင်၍ တပ်မတော်စစ်ကြောင်းများသည် ကလေးမြို့နှင့် တမူးမြို့ဘက်မှ စစ်ကြောင်းခွဲကာ
ချီတက်ရှင်းလင်းခြင်းကို ဟန်ချက်ညီညီဆောင်ရွက်ခဲ့ရာ မကြာမီတွင် ကလေး-
တမူးလမ်းကြောင်းအား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်တော့မည်ဟု သိရသည်။
တပ်မတော်စစ်ကြောင်းများသည် ကလေး-တမူးလမ်းကြောင်းအား
ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့်
ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ရှိ အကြမ်းဖက်သောင်းကျန်းသူများ
ထောင်ထားခဲ့သော မိုင်းများကို ရှင်းလင်းဖယ်ရှားခြင်းနှင့် ဖျက်ဆီးခဲ့သော
လမ်းတံတားများအား ပြန်လည်ပြုပြင်တည်ဆောက်ပေးသွားမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ
အကြမ်းဖက်သောင်းကျန်းသူအားလုံးကို ရှင်းလင်းတိုက်ဖျက်လျက်ရှိရာ အိန္ဒိယနယ်စပ်ရှိ
တမူးနယ်စပ်ဂိတ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်သည်။ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို
ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်
ယာယီထိန်းချုပ်ပြီး အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးပြုလုပ်နေရုံသာမက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများပါ
ပြုလုပ်လာကြသဖြင့် ပြင်းပြင်းထန်ထန်နှိမ်နင်းမှုများရှိသလို အိန္ဒိယနိုင်ငံဘက်မှ
ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတိုင်း အတာတစ်ခုအထိ
မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသများသည် တောတောင်ထူထပ်ပြီး သွားလာရေးခက်ခဲသောဒေသများဖြစ်သည်။
တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ခက်ခဲကြမ်းတမ်းစွာဖြင့်
စွန့်စွန့်စားစားဆောင်ရွက်ခဲ့ရသည်။
သို့ဖြစ်ရာ ကလေး-တမူး ကုန်သွယ်ရေးလမ်းကြောင်းသည်
နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပြည်သူလူထုလူမှုစီးပွားဘဝတိုးတက်ရေးအတွက် အရေးပါသည့်
လမ်းကြောင်းဖြစ်သည့်အပြင် အဆိုပါလမ်းကြောင်းမှတစ်ဆင့် မြန်မာပြည်အလယ်ပိုင်းကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံအထိ
ကုန်သွယ်မှုခရီးလမ်းကြောင်းပေါက်သဖြင့် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး၊ ပြည်သူများ
လူမှုစီးပွားဘဝအဆင်ပြေစေရေး၊ ကုန်စည်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် တမူးအပါအဝင်
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအားလုံးကို ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရန်
တပ်မတော်နှင့်ပြည်သူ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။

No comments:
Post a Comment