သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်တောတစ်တောကို ကြည့်လျှင် မြေပြင်နှင့် ကပ်လျက်၌ မြက်ပင်များနှင့် ချုံပင်များ၊ ၎င်းတို့၏အထက်၌ အပင်လတ်များ၊ အားလုံး၏ အထက်တွင် အပင်မြင့်ကြီးများကို တွေ့ကြရမည်ဖြစ်သည်။ ယင်းသို့ ပေါက်ရောက်နေသည့် မြက်ပင်၊ ချုံပင်၊ သစ်ပင်များအားလုံးသည် လူတို့အတွက် အသုံးမဝင်သည်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ကိုမူ တစ်နည်းတစ်ဖုံအားဖြင့် ထိန်းသိမ်းပေးနိုင်ကြသည်။ လေထုနှင့် မြေထုကို အေးမြစေခြင်း၊ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ မြေအောက်ရေကို ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာတိုက်စားမှုမဖြစ်အောင် ထိန်းသိမ်းပေးခြင်း၊ သားငှက်တိရစ္ဆာန်များ ရှင်သန်ကျက်စားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်တို့ကို ထိန်းသိမ်းပေးခြင်းစသည်ဖြင့် အသုံးဝင်ကြသည်။
သစ်ပင်များ ရှင်သန်ပေါက်ရောက်နေသည့် ပတ်ဝန်းကျင်သည်
သစ်ရိပ်နှင့် Evapotranspiration
ခေါ် ရေငွေ့ပြန်ခြင်း ဖြစ်စဉ်တို့ကြောင့် အအေးဓာတ်ကိုဖြစ်ပေါ်စေပြီး
မြေပြင်နှင့် လေထု၏ အပူချိန်ကို ကျဆင်းစေသည်။ နေ့အပူချိန်များ မြင့်မားနေသည့်
အချိန်တွင် အရိပ်ကင်းမဲ့သည့်နေရာနှင့် အရိပ်အောက်ရှိနေရာတို့၏
အပူချိန်ကွာခြားချက်မှာ ၂၀ မှ ၄၅ ဒီဂရီဖာရင်ဟိုက် (၁၁ မှ ၂၅ ဒီဂရီစင်တီဂရိတ်)
အထိရှိသည်။ အကယ်၍ သစ်ရိပ်ဝါးရိပ်ဖြစ်မည် ဆိုပါက လေထုထဲမှ အပူကိုစုပ်ယူ၍ ရေငွေ့အဖြစ်
ပြန်လည်ထုတ်ပေးမှု Evapotranspiration အကျိုးကြောင့် ၂ - ၉
ဒီဂရီ ဖာရင်ဟိုက် (၁-၅ ဒီဂရီစင်တီဂရိတ်) မျှ ပို၍အပူသက်သာစေသည်ဟု ဆိုသည်။
တစ်ဖန်သစ်ပင်များက လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို
စုပ်ယူပေးကြရာ ကမ္ဘာကြီးကို ပူနွေးလာစေသည့် အဓိကအကျဆုံးသော မှန်လုံအိမ်ဓာတ်ငွေ့ကို
လျှော့ချပေးနေခြင်း ပင်ဖြစ်သည်။ သစ်ပင်တစ်ပင်သည် နှစ်စဉ်လေထုထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓာတ်ငွေ့ ၄၈ ပေါင်ကို စုပ်ယူပေးနိုင်စွမ်းရှိရာ သစ်ပင်ပေါင်း ၄၀ ဆိုလျှင်
စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တစ်တန်ကို စုပ်ယူပေးနေကြသည်ဟု
ဆိုနိုင်သည်။ သစ်ပင်နှင့်အတူ မမေ့မလျော့ ထိန်းသိမ်းသင့်သည်မှာ ဝါးပင်များဖြစ်သည်။
ဝါးသည် မြေဆီလွှာထိန်းသိမ်းရေးတွင် သစ်ပင်ထက်သာလွန်ပြီး ရေဝေရေလဲဒေသများတွင် ရေတိုက်စားခြင်းကို
ကာကွယ်ပေးသည်။ ဧရိယာတူညီသော ဝါးစိုက်ခင်းတစ်ခုသည် သစ်စိုက်ခင်းတစ်ခုထက်
အောက်ဆီဂျင်ထုတ်လုပ်မှု ၃၀ မှ ၃၅ ရာခိုင်နှုန်းအထိ ပိုကြောင်းလေ့လာတွေ့ရှိထားကြသည်။
ဝါးစိုက်ခင်း တစ်ဟက်တာ (၂ ဒသမ ၅ ဧက) သည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တန်ချိန်
၃၇၀၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန် ၉ဝ နှင့် ဖုန်မှုန့် တန် ၉ဝ ကို စုပ်ယူနိုင်ပြီး
ဆူညံသံကို နည်းပါးအောင် လျှော့ချပေးနိုင်သည်ဟုလည်း ဆိုသည်။
မိမိတို့နိုင်ငံတွင် ပတ်ဝန်းကျင်
စိမ်းလန်းစိုပြည်သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန်မျှတရေး၊ သဘာဝဘေးအန္တရာယ်များမှ
တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုကောင်းမွန်စေရေးဟူသော ရည်ရွယ်ချက်များဖြင့်
နှစ်စဉ်နှစ်တိုင်း သစ်ပင်စိုက်ပွဲတော်များကို ကျင်းပလျက်ရှိရာ ယခုနှစ်မိုးရာသီတွင်
နိုင်ငံတစ်ဝန်း သစ်တောစိုက်ခင်း ဧက ၃ သောင်းကျော်၊ သစ်ပင်ပေါင်း ၂၁ ဒသမ ၃၆ သန်း
စိုက်ပျိုးတည်ထောင်သွားမည်ဟု သိရသည်။ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို အပူပိုင်းဒေသ
၁၃ ခရိုင်၊ မီးရထားလမ်းများ၊ အာဆီယံလမ်းမကြီးနှင့် ကားလမ်းဘေးဝဲယာများ၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊
အင်းလေးကန်တစ်ဝိုက်ဧရိယာများနှင့် ကမ်းရိုးတန်းဒေသများတွင် သစ်ပင်များ စိုက်ပျိုးခြင်းကို
ဆက်စပ်ဌာနများ၊ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
“သစ်ပင်စိုက်ပျိုး ထိန်းသိမ်းခြင်းသည်
ရေရှည်ဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်ခြင်းကြောင့် နှစ်စဉ်စဉ်ဆက်မပြတ်
စိုက်ပျိုးပြုစုထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ သစ်ပင်စိုက်ပျိုးရေး၊
သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အတူ
ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်သူများအားလုံး
ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည် ဖြစ်သည့်အတွက် တက်ကြွစွာ
ပူးပေါင်းပါဝင်စေရေး စည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် မိုးရာသီနိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအမှာစကားပြောကြားရာတွင်
ထည့်သွင်းပြောကြားခဲ့ရာ နှစ်စဉ်စိုက်ပျိုးခဲ့သည့် သန်းနှင့်ချီသော သစ်ပင်များကိုစိုက်ပြီး
စွန့်ပစ်ခဲ့သလိုမပြုကြဘဲ စိုက်ပျိုးခဲ့သမျှ သစ်ပင်တို့ ရှင်သန်ဖွံ့ဖြိုးစေရန်
ရေရှည်ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရေးအတွက် နှိုးဆော်ခြင်းပင်ဖြစ်သည်။
တစ်ပင်စိုက် တစ်ပင်ရှင်သန်စေနိုင်သည်နှင့်အမျှ
နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်ကာ ဥတုသပ္ပာယမျှတစေပြီး သဘာဝဘေးအန္တရာယ်များ
လျော့နည်းစေမည်ဖြစ်သည့်အကြောင်း။ ။

No comments:
Post a Comment