ဒေါက်ဇော် (သလ္လာမြေ)
ကမ္ဘာဦးအစ သမိုင်းဦးကာလများမှစ၍ ယနေ့အထိ ကမ္ဘာမြေပေါ်တွင် လူသားတို့သည် မိမိတို့၏အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ကာ ကမ္ဘာကြီးကို အစဉ်တစိုက် ပြောင်းလဲတိုးတက်စေခဲ့သော အသိဉာဏ်အမြင့်မားဆုံး သက်ရှိထူးခြားမျိုးစိတ်များဖြစ်ကြပါသည်။ လူသားတို့၏ လေ့လာသင်ယူနိုင်စွမ်း၊ အကြောင်းအရာများကို နားလည်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းဟူသော စွမ်းရည်ထက်မြက်မှုများကြောင့် ယနေ့ခေတ်တွင် ဘဝကို ပိုမိုလွယ်ကူသက်သာစေသည့် အဆင့်မြင့်နည်းပညာများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
ဤလူသားဉာဏ်ရည်ဉာဏ်သွေး
အယူအဆကို အခြေခံ၍ ၁၉၅၆ ခုနှစ်တွင် Stanford University မှ ကွန်ပျူတာသိပ္ပံပညာရှင် ပါမောက္ခ
ဂျွန်မက္ကာသီ (John McCarthy) က ‘Artificial Intelligence’ သို့မဟုတ် ‘ဉာဏ်ရည်တု
(AI)’ ဟူသော ဝေါဟာရကို စတင်ခေါ်ဝေါ်ခဲ့ပြီး ၎င်းအား “ဉာဏ်ရည်ရှိသော စက်ပစ္စည်းများနှင့်
အထူးသဖြင့် ဉာဏ်ရည်မြင့်မားသော ကွန်ပျူတာပရိုဂရမ်များဖန်တီးသည့် သိပ္ပံနှင့် အင်ဂျင်နီယာ
ပညာရပ်” ဟု ဖွင့်ဆိုခဲ့ပါသည်။
ယနေ့ခေတ် ၂၁ ရာစု
ပညာရေးအခင်းအကျင်းတွင် ဤ AI နည်းပညာကို စနစ်တကျနှင့် မှန်ကန်စွာအသုံးချပါက အကောင်းဆုံးသော
အရည်အသွေးနှင့် စွမ်းဆောင်ရည်များကို ရရှိစေနိုင်သော်လည်း ပညာရပ်ဆိုင်ရာကျင့်ဝတ်များကို
လျစ်လျူရှုကာ အလွန်အမင်း အမှီပြု မိပါက သုတေသနနှင့် သင်ယူမှုကဏ္ဍများတွင် ဘေးအန္တရာယ်ကြီးမားစွာ
ကြုံတွေ့ရနိုင်ပုံကို ပေါ်လွင်ထင်ရှားစေရန် တင်ပြခြင်းဖြစ်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ
စီးပွားရေးမဏ္ဍိုင်နှင့် AI ဈေးကွက်တန်ဖိုး
ယနေ့ စတုတ္ထအကြိမ်မြောက်
စက်မှုတော်လှန်ရေးခေတ်ကြီး ၄.၀ (Industry 4.0) ကာလတွင် ဉာဏ်ရည်တု (AI) နည်းပညာက နေ့စဉ်နှင့်အမျှ
တစ်ဟုန်ထိုးတိုးတက်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ AI ဈေးကွက်တန်ဖိုးသည်လည်း ကမ္ဘာ့စီးပွားရေးအဆောက်အအုံကို
ပြောင်းလဲစေသည့် အဓိကအင်ဂျင်စက်တစ်ခု ဖြစ်လာခဲ့ပါသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်
(WEF) ၏ The Future of Jobs Report 2025 အပါအဝင် လက်ရှိခန့်မှန်းချက် ဒေတာအချက်အလက်များအရ
၂၀၂၅ ခုနှစ်တွင် စက်မှုလုပ်ငန်း ၄.၀ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၆၀ ဒသမ ၃၇ ဘီလီယံအဖြစ်
ရောက်ရှိခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ ရောက်ရှိသည့်အခါ နှစ်စဉ် ပျမ်းမျှ ၂၃ ဒသမ ၄၈ ရာခိုင်နှုန်းဆိုသည့်
ထူးခြား မြင့်မားသော တိုးတက်မှုနှုန်းဖြင့် ကမ္ဘာ့ AI ဈေးကွက်ပမာဏသည် အမေရိကန်ဒေါ်
လာ ၇၄၇ ဒသမ ၄၄ ဘီလီယံအထိ ကြီးမားကျယ်ပြန့်စွာ တိုးတက်အမြစ်တွယ်လာတော့မည်ဖြစ်ပါသည်။
ဤကဲ့သို့ ကြီးမားလှသော
ကမ္ဘာ့ AI ဈေးကွက်သည် ကမ္ဘာ့စီးပွားရေးနှင့် လုပ်ငန်းခွင် အခင်းအကျင်းအပေါ် ကြီးမားလှသော
လွှမ်းမိုး သက်ရောက်မှုများကို ဖြစ်ထွန်းစေလျက်ရှိပါသည်။ AI သည် စက်ပစ္စည်း များနှင့်
ကွန်ပျူတာပရိုဂရမ်များအား လူသားကဲ့သို့ အမြင်အာရုံ၊ အကြား အာရုံ၊ ကျိုးကြောင်းဆင်ခြင်မှုနှင့်
ပြဿနာဖြေရှင်းမှုဆိုင်ရာ သိမြင်မှုလုပ်ငန်းဆောင်တာများကို အမှားအယွင်းကင်းစွာဖြင့်
လုပ်ဆောင်နိုင်စေရန် တွန်းအားပေးလျက်ရှိပါသည်။ ဤသို့ဖြင့် လုပ်ငန်းခွင်များတွင် အချိန်ကုန်လူပင်ပန်းမှုများကို
အတိုင်းအတာတစ်ခုအထိ လျှော့ချပေးပြီး ကမ္ဘာ့ကုန်ထုတ်စွမ်းအားကို အဆမတန်မြင့်မားလာစေပါသည်။
ခေတ်ပြိုင်လူမှုဘဝနှင့်
ဘာသာရပ်ဆိုင်ရာ နယ်ပယ်စုံအသုံးချမှု
ယနေ့ခေတ်တွင်
AI နည်းပညာက ကျွန်ုပ်တို့၏ နေ့စဉ်လူမှုဘဝတစ်လျှောက် နေရာအနှံ့အပြားတွင် ကိန်းအောင်းလျက်ရှိနေပါသည်။
ဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် စာရိုက်သည့်အခါ စကားလုံးများကို ကြိုတင်အကြံပြုပေးသည့်
စာသားတည်းဖြတ်စနစ် (Text Editor) နှင့် စာလုံးပေါင်းသတ်ပုံများကို အလိုအလျောက်ပြင်ဆင်ပေးသည့်စနစ်
(Auto-correction feature) များသည် AI ၏ အခြေခံပြကွက်များ ဖြစ်ပါသည်။
ထို့ပြင် ကဏ္ဍအသီးသီးတွင်လည်း
AI ကို အဆင့်မြင့်မားစွာ အသုံးပြုလျက်ရှိရာ လုံခြုံရေးကဏ္ဍတွင် မျက်နှာသွင်ပြင်မှတ်မိခြင်းစနစ်များက
ရာဇဝတ်မှုများကို စုံစမ်းထောက်လှမ်းရန် ကူညီပေးလျက် ရှိပါသည်။ သယ်ယူပို့ဆောင်ရေးတွင်လည်း
လူသားတို့၏ မတော်တဆ မှုကို လျှော့ချပေးနိုင်သည့် အလိုအလျောက်မောင်းနှင်သောစနစ်များနှင့်
မကျွမ်းကျင်သောနေရာများသို့ လမ်းညွှန်ပေးသည့် GPS စနစ်များ တိုးတက်လာပါသည်။ ထို့အပြင်
ကျန်းမာရေးကဏ္ဍတွင် ဆေးရုံသုံး စက်ရုပ်များသည် လူနာများကို အစားအစာနှင့် ဆေးဝါးများ
ပို့ဆောင်ပေးခြင်းဖြင့် ကုသမှုအရည်အသွေးကို မြှင့်တင်ပေးသလို အာကာသသိပ္ပံတွင်လည်း လူမဲ့အာကာသယာဉ်များတွင်
AI တွက်ချက်မှုများကို အသုံးပြု၍ အမည်မသိ ကြယ်စုများနှင့် တွင်းနက်များ (Black
Holes) ကို စူးစမ်းလေ့လာလျက်ရှိပါသည်။
၂၁ ရာစု ပညာရေး
ပညာရေးနယ်ပယ်တွင်
ယနေ့ခေတ် ကျောင်းသားလူငယ်များသည် ဒစ်ဂျစ်တယ်စနစ်နှင့်အတူ ကြီးပြင်းလာကြသော Digital
Natives များ ဖြစ်ကြပါသည်။ ၎င်းတို့အတွက် AI သည် ကစားဖော်၊ သူငယ်ချင်း၊ ပုဂ္ဂိုလ်ရေးရာကျူတာ
(Tutor) နှင့် အကြံပေးပညာရှင်ကဲ့သို့သော အခန်းကဏ္ဍစုံတွင်ရှိနေပြီး မိမိတို့လေ့လာလိုသည်များကို
စိတ်ကြိုက်လေ့လာနိုင်သော ကိုယ်ပိုင်စာသင်ခန်းတစ်ခုသဖွယ် ဖန်တီးပေးနိုင်စွမ်းရှိပါသည်။
တစ်ချိန်တည်းမှာပင်
AI သည် ဆရာ ဆရာမများအတွက်လည်း အလွန်ထိရောက်သော သင်ကြားရေးအထောက်အကူပြုကိရိယာတစ်ခုဖြစ်ပါသည်။
ဆရာများအနေဖြင့် စာမေးပွဲအမှတ်စာရင်းများ တွက်ချက်ခြင်း၊ ကျောင်းသားများ၏ တိုးတက်မှုအစီရင်ခံစာများ
ရေးသားခြင်းနှင့် မိမိတို့သင်ကြားမည့် ဘာသာရပ်ဆိုင်ရာ ခေတ်မီနောက်ဆုံးပေါ်အချက် အလက်များကို
လျင်မြန်စွာရှာဖွေဖော်ထုတ်ခြင်းတို့တွင် AI ကို အသုံးပြု ၍ သင်ကြားရေးစွမ်းရည်ကို ပိုမိုမြင့်မားအောင်
ဖော်ဆောင်နိုင်ပါသည်။
သုတေသနကျင့်ဝတ်နှင့်
AI မှီခိုမှု စိန်ခေါ်ချက်
ပညာရပ်ဆိုင်ရာနှင့်
သုတေသနကဏ္ဍများတွင် AI သည် သာမန်အချက်အလက်များသာမက နက်နဲသော သုတေသနနယ်ပယ်များကိုပါ
ထိရောက်စွာ ရှာဖွေဆွေးနွေးပေးနိုင်စွမ်းရှိပါသည်။ သို့ရာတွင် ၂၁ ရာစု သင်ယူသူများနှင့်
သုတေသီပညာရှင်များက “သုတေသနကျင့်ဝတ်”ကို အထူးလိုက်နာစောင့်ထိန်းရန် လိုအပ်ပါသည်။
AI သည် ပံ့ပိုးပေးရုံ သက်သက်သာဖြစ်ပြီး သင်ယူသူကိုယ်တိုင်၏ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့်
ကျိုးကြောင်းဆင်ခြင်မှုမပါဝင်ဘဲ AI တစ်ခုတည်းအပေါ် ပုံအောမှီခိုနေပါက လွဲမှားသောအချက်အလက်များနှင့်
ရင်ဆိုင်ရနိုင်ပြီး သုတေသန၏အဖြေမှန်ကို ဖော်ထုတ်ရန် လမ်းလွဲသွားနိုင်ပါသည်။
အစဉ်အလာ ဘွဲ့ဒီဂရီတစ်ခု၏
တန်ဖိုးနှင့် သစ္စာတရား (Academic Integrity) ကို ထိန်းသိမ်းရန်အတွက် AI ကို ကိုယ်ပိုင်တွေးခေါ်မှု၏
အစားထိုးကိရိယာအဖြစ်မသုံးဘဲ မိမိ၏ စူးစမ်းရှာဖွေမှုကို အားဖြည့်ပေးသည့် နည်းပညာမြှင့်တင်မှုအဖြစ်သာ
စနစ်တကျ ခွဲခြားအသုံးချ တတ်ရပါမည်။
AI အား လွဲမှားစွာသုံးစွဲခြင်း၏
လူမှုစီးပွားရိုက်ခတ်မှု
ဉာဏ်ရည်တုနည်းပညာသည်
ကမ္ဘာကြီးကို ကဏ္ဍစုံ၌ ပိုမိုလွယ်ကူ ချောမွေ့အောင် ပံ့ပိုးပေးနိုင်စွမ်းရှိသည်မှာ မှန်သော်လည်း
ယင်းအား စနစ်တကျမဟုတ်ဘဲ လွဲမှားစွာ အသုံးချမိပါက ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားလူ့အဖွဲ့အစည်းအပေါ်
ပြင်းထန်လှသော ရိုက်ခတ်မှုများကိုဆောင်ကြဉ်းလာနိုင်ပါသည်။ အထူးသဖြင့် မဟုတ်မမှန် လုပ်ကြံထားသော
အချက်အလက်များနှင့် ရုပ်သံအတုများ ဖန်တီးနိုင်သည့် (Deep - fake) နည်းပညာများကို မသမာသူများက
လွဲမှားစွာအသုံးချခြင်းဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရုံမျှမက
နိုင်ငံရေးနှင့် စီးပွားရေးလောကအတွင်း မတည်ငြိမ်မှုများနှင့် လူထုဗဟိုပြုပဋိပက္ခ များကိုပါ
ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ပြင် ငွေကြေးဈေးကွက်များနှင့်
ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် စီမံခန့်ခွဲမှုစနစ်များတွင် AI စနစ်များကို အဆိပ်ခတ်ခြင်း
သို့မဟုတ် ဆိုက်ဘာတိုက်ခိုက်မှုများတွင် AI အား အသုံးပြုခြင်းဖြင့် ကမ္ဘာ့စီးပွား ရေး
အဆောက်အအုံတစ်ခုလုံးကို အချိန်တိုအတွင်း ကမောက်ကမဖြစ်အောင် အန္တရာယ်ပြုနိုင်ပါသည်။
ဤကဲ့သို့သော နည်းပညာဆိုင်ရာ လွဲမှားမှုများသည် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုကင်းမဲ့ခြင်းကို
ဖြစ်ပေါ်စေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအကြား နည်းပညာလက်လှမ်းမီမှု
ကွာဟချက်ကြောင့် လူမှုစီးပွားဆိုင်ရာ မညီမျှမှုများကို ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာစေနိုင်ပါသည်။
ဉာဏပစ္စည်းမူပိုင်ခွင့်အပေါ်
ခြိမ်းခြောက်လာသည့် နည်းပညာဘေး
အခြားတစ်ဖက်တွင်လည်း
ဉာဏ်ရည်တု (AI) ၏ စည်းကမ်းမဲ့ ကြီးထွားလာမှုသည် လူသားတို့၏ ကိုယ်ပိုင်ဖန်တီးမှုနှင့်
ဉာဏပစ္စည်း မူပိုင်ခွင့် (Intellectual Property - IP) နယ်ပယ်အပေါ် အလွန် စိုးရိမ်ဖွယ်ရာကောင်းသော
ခြိမ်းခြောက်မှုကြီးတစ်ခုအဖြစ် ပေါ်ထွက်လာနေပါသည်။ လက်ရှိအသုံးပြုနေသော Generative
AI စနစ်များသည် ကမ္ဘာတစ်ဝန်းရှိ လူသားစာရေးဆရာများ၊ ကဗျာဆရာများ၊ ပန်းချီပညာရှင်များနှင့်
သုတေသီများ၏ မူရင်းဖန်တီးမှုလက်ရာ ပေါင်းမြောက်မြားစွာကို ယင်းတို့၏ ခွင့်ပြုချက်မရှိဘဲ
ဒေတာများအဖြစ် ရယူကာ အလိုအလျောက် လေ့ကျင့်ထားကြခြင်းဖြစ်ပါသည်။
ဤသို့ဖြင့်
AI သည် လူသားတို့ ဆယ်စုနှစ်ပေါင်းများစွာ အပင်ပန်း ခံ တည်ဆောက်ခဲ့ရသော စာပေ၊ အနုပညာနှင့်
သိပ္ပံဆိုင်ရာ မူရင်းဖန်တီးချက်များကို မိနစ်ပိုင်းအတွင်း အတုပွားယူကာ အသစ်သဖွယ် ဖန်တီးချပြလာနိုင်ခြင်းကြောင့်
လူသားတို့၏ စစ်မှန်သောကဏ္ဍရပ်နှင့် မူပိုင်ခွင့်ဥပဒေကြောင်းဆိုင်ရာ တရားဝင်မှုများကို
ကြီးမားစွာ ဝေဝါးပျက်ပြားစေလျက်ရှိပါသည်။ အကယ်၍ ၂၁ ရာစု လေ့လာသင်ယူသူ များနှင့် သုတေသီများအနေဖြင့်
ပညာရပ်ဆိုင်ရာကျင့်ဝတ်ကို လျစ်လျူ ရှုကာ ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးခေါ်ခြင်းမပြုဘဲ
AI ၏ ခိုးယူအတုပွားထားသော ရလဒ်များကိုသာ ပုံအောအသုံးပြုပြီး မိမိတို့၏ဖန်တီးမှု အဖြစ်
အလွယ်တကူအသုံးချလာကြပါက လူသားမျိုးနွယ်တို့၏ စစ်မှန်သော ဉာဏ်ပညာဆန်းသစ်တီထွင်နိုင်စွမ်းသည်
ရေရှည်တွင် ကွယ်ပျောက်ပြီး နည်းပညာ၏အကျဉ်းသားဘဝသို့ သက်ဆင်းသွားရ နိုင်ကြောင်း အလေးအနက်သတိပြုရပါမည်။
အော်တိုမေးရှင်းစနစ်နှင့်
အလုပ်လက်မဲ့ဖြစ်နိုင်ခြေ စိန်ခေါ်ချက်
မည်သည့်ခေတ်မီဆန်းသစ်သော
တီထွင်မှုတွင်မဆို အားသာချက်များနှင့်အတူ ကြီးမားသောအားနည်းချက်များလည်း ဒွန်တွဲပါရှိနေတတ်ပါသည်။
ပထမအချက်အနေဖြင့် အဆင့်မြင့် AI စနစ်များနှင့် စက်ပစ္စည်းများကိုတည်ဆောက်ရန် ကုန်ကျစရိတ်မှာ
အလွန်မြင့်မား လှပါသည်။ ထို့ထက် ပိုမိုအရေးကြီးသည်မှာ စက်မှုလုပ်ငန်းအမြောက်အမြား ထုတ်လုပ်မှုကဏ္ဍများတွင်
လူသားအလုပ်သမားများ၏နေရာ၌ AI စက်ရုပ်များကို အစားထိုးအသုံးပြုလာခြင်းကြောင့် အနာဂတ်တွင်
လုပ်ငန်းခွင်၌ လူသားများ အလုပ်လက်မဲ့ဖြစ်နိုင်ခြေနှင့် ပိုလျှံအလုပ်သမားဖြစ်လာနိုင်ခြေ
ဘေးအန္တရာယ် ရာခိုင်နှုန်းအလွန်မြင့်မားလျက်ရှိနေပါသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်၏
ခန့်မှန်းချက်များအရ ဤအရည်အချင်း မပြည့်မီသော လုပ်သားထုပြဿနာကို ကျောင်းသားလူငယ်များ
အောင်မြင်စွာ ကျော်လွှားနိုင်ရန် နည်းပညာနောက်သို့ မျက်စိမှိတ် လိုက်ရုံမျှမကဘဲ လူသားချင်းစာနာမှု၊
ကျင့်ဝတ်သိက္ခာများနှင့် နည်းပညာကို အကျိုးရှိရှိထိန်းချုပ်နိုင်စွမ်းများကိုပါ ပူးတွဲမြှင့်တင်ထားရန်
အထူးလိုအပ်လှပါသည်။
ဉာဏ်ပညာနှင့်
ကိုယ်ကျင့်တရား ပေါင်းစပ်ထားသည့် ၂၁ ရာစု လူသားအရင်းအမြစ်
နိဂုံးချုပ်အားဖြင့်ဆိုရသော်
AI နည်းပညာသည် လက်ရှိပတ်ဝန်းကျင်၏ ကဏ္ဍစုံတွင် လူသားများထက်ပင် ပိုမိုတိကျစွာ စွမ်းဆောင်နိုင်စွမ်းရှိနေပြီဖြစ်သော်လည်း
ယင်းအစွမ်းထက်ကိရိယာများသည် မကောင်းသောစိတ်ဓာတ်ရှိသူများ၏လက်ထဲသို့ ရောက်ရှိသွားပါက
လူသားမျိုးနွယ်တစ်ခုလုံးအတွက် တွေးဝံ့စရာမရှိအောင် အန္တရာယ် ကြီးမားလှပါသည်။ ထို့ကြောင့်
ကျွန်ုပ်တို့သည် ကမ္ဘာလုံးဆိုင်ရာ အသုံးပြုသူများနှင့် ကျောင်းသားလူငယ်၊ လေ့လာသင်ယူသူများကို
AI နည်းပညာကို လုံးဝပိတ်ပင်ခြင်းမပြုဘဲ ၎င်းကို အဆင့်မြင့်တွေးခေါ်မှုစနစ်နှင့် ဆန်းသစ်တီထွင်မှုများတွင်
မှန်ကန်စွာ၊ စနစ်ကျစွာ မည်သို့ကျင့်ဝတ်သိက္ခာစောင့်ထိန်းပြီး အသုံးချရမည်ကို အလေးထား
လမ်းညွှန်သင်ကြားပေးရပါမည်။
၂၁ ရာစု သင်ယူသူများနှင့်
ကမ္ဘာ့လူသားထုတစ်ရပ်လုံးအနေဖြင့် မိမိတို့၏ဘဝကို လှပစွာပုံဖော်ရန်နှင့် နိုင်ငံတော်ကြီးကို
တည်ဆောက်ရန်အတွက် နည်းပညာဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးသက်သက်ကိုသာ မကိုင်စွဲဘဲ ပညာရပ်ဆိုင်ရာ
ရိုးသားမှုနှင့် ကိုယ်ကျင့်တရားအသိ စိတ်ဓာတ်ဟူသော မဏ္ဍိုင်နှစ်ရပ်လုံးကို ဟန်ချက်ညီညီ
ပေါင်းစပ် ထိန်းသိမ်းကာ AI နည်းပညာကို လူသားမျိုးနွယ်အကျိုးအတွက် စံပြမောင်းနှင်သူများဖြစ်အောင်
မရှိမဖြစ်လိုက်နာကျင့်သုံးကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ဉာဏ်ပညာနှင့်
ကိုယ်ကျင့်တရား မျှတစွာဖွံ့ဖြိုးသော လူငယ်ထုအားဖြင့်သာလျှင် ကျွန်ုပ်တို့၏ အနာဂတ်မိခင်မြန်မာနိုင်ငံတော်ကြီးနှင့်
ကမ္ဘာမြေပြင်သည် စက်မှုလုပ်ငန်း ၄.၀ ခေတ်နှင့် ထို့ထက်ကျော်လွန်သော အနာဂတ်ကာလများတွင်
ပိုမိုတောက်ပ၊ စိမ်းလန်းငြိမ်းချမ်းပြီး ဘေးကင်းလုံခြုံစွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲနိုင်ပါစေကြောင်း၊
လူသားထုတစ်ရပ်လုံး ကျန်းမာရွှင်လန်းစွာဖြင့် နည်းပညာအကျိုးကျေးဇူးကို လှပစွာ ခံစားနိုင်ကြပါစေကြောင်း
ချိုသာနွေးထွေးသော သွေးချင်းစိတ်ထားဖြင့် ဆုမွန်ကောင်းတောင်းလျက် အလေးအနက် တိုက်တွန်း
နှိုးဆော်လိုက်ရပါသည်။ ။
No comments:
Post a Comment