Monday, June 1, 2026

နှစ်နိုင်ငံချစ်ကြည်ရေးမှသည် အနာဂတ်အကျိုးတူ ဖွံ့ဖြိုးရေးဆီသို့



သက်လွင် (PPIB)

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အဲဒီအချိန်က နိုင်ငံတော်ကိုတာဝန်ယူခဲ့တဲ့ NLD အစိုးရအဖွဲ့ဟာ ၎င်းတို့ပါတီရဲ့အာဏာ ဆက်လက်တည်တံ့ရေးအတွက် ရွေးကောက်ပွဲပြုလုပ်ချိန်မှာ မဲမသမာမှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ရဲ့အာဏာကို အဓမ္မ နည်းလမ်းဖြင့် ဆက်လက်ရယူဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတယ်။ ဒီလိုလုပ်ဆောင်ခြင်းကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ရတယ်။




ဒီလိုတပ်မတော်ရဲ့ မလွှဲမရှောင်သာ တာဝန်ယူရမှုကို မလိုလားတဲ့ နိုင်ငံအချို့နဲ့ ပြည်ပအဖွဲ့အစည်းအချို့ဟာ တပ်မတော်ရဲ့ နိုင်ငံတော်တာဝန် ထမ်းဆောင်မှုကို အခက်အခဲဖြစ်စေဖို့ နိုင်ငံရေးနည်းလမ်းများ၊ စီးပွားရေးနည်းလမ်းများအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ အဘက်ဘက်ကနေ ပိတ်ဆို့နှောင့်ယှက်ပေးမှုတွေ ဆောင်ရွက်ခဲ့ကြပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေးတာဝန် ထမ်းဆောင်မှုအပေါ်  နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်တဲ့ PDF အမည်ခံ အကြမ်းဖက်သမားများ ပေါ်ပေါက်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် EAO တွေအပေါ် နောက်ကွယ်ကနေ ထောက်ပံ့ပေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုအနောက်ကနေသွေးထိုးလှုံ့ဆော်ပြီး အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးနေမှုတွေကြောင့် မိမိတို့နိုင်ငံအတွင်းက အကြမ်းဖက်သောင်းကျန်းမှုတွေဟာ သက်ဆိုးရှည်ကြာလာခဲ့ရပါတယ်။

ယနေ့အချိန်မှာတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများရဲ့ ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ်ဟာ နိုင်ငံတော်ကို ဦးဆောင်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ ဒီလိုလွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ မဲဆန္ဒရှင်စုစုပေါင်း၏ ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းက ၎င်းတို့ဆန္ဒအလျောက် ဆန္ဒမဲပေးခဲ့ကြပြီး အဲဒီအထဲမှာ လူငယ်နဲ့ လူလတ်ပိုင်း အများစုပါဝင်ခဲ့ကြတာကို ဆန္ဒမဲပေးခဲ့ကြတဲ့ ပြည်သူများအားလုံး အသိပဲဖြစ်ပါတယ်။

ဒီလို ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်မှာလည်း နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များပါ လာရောက်လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ ယခုကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကို လာရောက်ခဲ့ကြတဲ့ နိုင်ငံတကာက စောင့်ကြည့်လေ့လာကြသူများရဲ့ ပြောကြားမှုများကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အချို့နိုင်ငံများအပါအဝင် ဒီလိုပွင့်လင်းမြင်သာစွာဖြင့် ဒီမိုကရေစီနည်းလမ်းတကျနဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ မိမိတို့နိုင်ငံရဲ့ ရွေးကောက်ခံအစိုးရအပေါ်မှာ ၎င်းတို့အလိုကျ ခြယ်လှယ်နိုင်မယ့် အစိုးရအဖွဲ့မဟုတ်တဲ့အတွက် ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ဖိနှိပ်ဆန့်ကျင်နေကြဆဲပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီနည်းလမ်းတကျနဲ့ ပေါ်ပေါက်လာတဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ဟာ နိုင်ငံတော်ကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိတ်ဆို့မှုအမျိုးမျိုးကြားမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့လည်း တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ရပ်ကွက်တစ်ခုလို့ဆိုရာမှာ အိမ်တစ်အိမ်တည်း၊ ခြံတစ်ခြံတည်း ဖွဲ့စည်းလို့မရပါဘူး။ ဒီလိုပါပဲ ကမ္ဘာပေါ်က နိုင်ငံတွေအနေနဲ့လည်း အိမ်နီးချင်း၊ ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံ‌ရေးကောင်းမွန်ဖို့ အစဉ်ကြိုးပမ်းလုပ်ဆောင်ကြရပါတယ်။

၎င်းတို့သက်ဆိုင်ရာအလိုက် ဝင်ရောက်ထားတဲ့ အဖွဲ့ဝင်နိုင်ငံများ၊ ရေနယ်နိမိတ်၊ လေနယ်နိမိတ်နဲ့ ကုန်းနယ်နိမိတ်ချင်းဆက်စပ်လျက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံများလည်း ရှိကြပါတယ်။

အဓိကအားဖြင့် နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တည်တံ့ခိုင်မြဲနေဖို့ လိုအပ်ပါတယ်။ ဒီလို ကောင်းမွန်နေဖို့အတွက် နှစ်နိုင်ငံခေါင်းဆောင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေ၊ ရင်းနှီးကျွမ်းဝင်မှုတွေ ရှိနေဖို့ အထူးလိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံတွေအနေနဲ့ မိမိတို့အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ယဉ်ကျေးမှုအရ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါတယ်။ အိမ်နီးချင်းနိုင်ငံအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေမှသာ နှစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာလည်း မိမိတို့ရဲ့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဟာ မိမိတို့နိုင်ငံရဲ့ အိမ်နီးချင်းဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယသမတနိုင်ငံ ဝန်ကီးချပ် ရှရီနာရန် ဒရာ မိုဒီရဲ့ ဖိတ်ကားမှုအရ အိန္ဒိယသမ္မတနိုင်ငံသို့ မေလ ၃၀ ရက်နေ့ နံနက် ၈ နာရီမှာ နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ အိန္ဒိယနိုင်ငံသို့ ထွက်ခွာခဲ့ပါတယ်။ ဒီလိုထွက်ခွာတဲ့အချိန်မှာ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတများဖြစ်ကြတဲ့ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးနဲ့ စစ်သံရုံးက တာဝန်ရှိသူတွေက လေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာတဲ့ အထူးလေယာဉ်ကြီးဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒေသစံတော်ချိန် နံနက် ၉ နာရီမှာ ရောက်ရှိကြပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဂါယာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဦး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မိုးလွင်၊ မြန်မာကောင်စစ် ဝန်ချုပ်နဲ့ ဘီဟာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေက လှိုက်လှဲနွေးထွေးစွာနဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီလို ကြိုဆိုနှုတ်ဆက်တဲ့အချိန်မှာလည်း ဘီဟာပြည်နယ်မှ ဂုဏ်ပြုတပ်ဖွဲ့ကလည်း နိုင်ငံတော်သမ္မတကို ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နွေရာသီဟာ အပူရှိန်မြင့်မားလေ့ရှိပြီး မိမိတို့မလာရောက်မီ ရက်ပိုင်းက မိုးရွာသွန်းထားသဖြင့် ရာသီဥတုအနေအထားမှာ သင့်တင့်မျှတပြီး ကောင်းမွန်လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးဆောင်တဲ့ မိမိတို့မြန်မာကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေတဲ့နေရာဟာ မြန်မာလူမျိုးတို့ရဲ့ သက်ဝင်ကိုးကွယ်ယုံကြည်ရာ ထေရဝါဒဗုဒ္ဓဘာသာရဲ့ မြတ်ဗုဒ္ဓပွင့်တော်မူရာ အထွတ်မြတ်ဆုံးသော နယ်မြေဒေသဖြစ်တဲ့ ဗုဒ္ဓဂယာယဉ်ကျေးမှုနယ်မြေကို မဟာသမယနယုန်လပြည့်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိတယ်ဆိုတဲ့ ထူးခြားတဲ့ကြည်နူးမှု ခံစားချက်ကို မိမိတို့ကိုယ်စားလှယ်အဖွဲ့ဝင်တွေ အားလုံးရဲ့ စိတ်ထဲမှာ ခံစားရပါတယ်။

ဂါယာမြို့ဟာ ယခင် မိမိရောက်ရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်ကာလနဲ့ နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်လာတာကိုလည်း တွေ့ရှိရပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဂါယာမြို့သို့ ရောက်ရောက်ချင်း၌ပင် မဟာဗောဓိ မဟာဝိဟာရဘုရားကျောင်းသို့ သွားရောက်ကာ မဟာဗောဓိစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပါတယ်။ ဒီလိုသွားရောက်ဖူးမြော်တဲ့အချိန်မှာ မဟာဗောဓိကျောင်းဆရာတော်ကြီးက မဟာဗောဓိစေတီတော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းလျက်ရှိမှု အခြေအနေတွေကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ မဟာဗောဓိ စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး၊ သင်္ကန်းနှင့် မြသပိတ်ဆွမ်းတော်များ ကပ်လှူပူဇော်ကာ စေတီတော်ကြီး ဘက်စုံပြုပြင်ထိန်းသိမ်းမွမ်းမံရန်အတွက် အလှူငွေတွေကို ကျောင်းထိုင်ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် မဟာဗောဓိပင်၌လည်း ပန်း၊ ရေချမ်းများ ကပ်လှူသကဲ့သို့ မိမိတို့နိုင်ငံရှိ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များတွင် အကြီးဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ စကျင်ကျောက်နဲ့ ပြုလုပ်ထားတဲ့ ရုပ်ပွားတော်တစ်ဆူကိုလည်း လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီးနဲ့ အဖွဲ့ဝင်များဟာ မဟာဗောဓိ မဟာဝိဟာရဘုရားကျောင်းဝင်းအတွင်း လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။

ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဂါယာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ အိန္ဒိယနိုင်ငံ၏ အစိုးရရုံးစိုက်ရာ ဒေလီမြို့သို့ အထူးလေယာဉ်နဲ့ ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ ဒီလိုထွက်ခွာတဲ့အချိန်မှာလည်း ဂါယာသို့ ရောက်ရှိချိန်က ကဲ့သို့ပင် ဘီဟာပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေနဲ့အတူ ဘီဟာပြည်နယ်မှ ဂုဏ်ပြုတပ်ဖွဲ့ကလည်း လေဆိပ်မှာ နိုင်ငံတော်သမ္မတကို ဂုဏ်ပြုပို့ဆောင် နှုတ်ဆက်ခဲ့ကြပြန်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စီးနင်းလိုက်ပါလာတဲ့ အထူးလေယာဉ်ကြီးဟာ နယူးဒေလီမြို့ Palam လေတပ်စခန်းကို ရောက်ရှိဆင်းသက်ချိန်မှာတော့ နယူးဒေလီမြို့ရဲ့ ရာသီဥတုဟာ သာယာကောင်းမွန်လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတကို လေဆိပ်မှာ အိန္ဒိယအစိုးရအဖွဲ့ဝင်ဖြစ်သူ Minister of State for External Affairs Shri Kirti Vardhan Singh၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး၊ Palam လေတပ်စခန်းဌာနချုပ်မှူးနဲ့ တာဝန်ရှိသူတွေ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးတို့က ဝန်ထမ်းမိသားစုများက လှိုက်လှဲနွေးထွေးစွာနဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ကြတယ်။ အဲဒီလိုကြိုဆိုနှုတ်ဆက်ချိန်မှာ ဂုဏ်ပြုတပ်ဖွဲ့ကလည်း လျှောက်လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ခြံရံပြီး နိုင်ငံတော်သမ္မတကို ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသမ္မတကြီးကို အခုလိုဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ကြိုဆိုနှုတ်ဆက်ခြင်းဟာ အိန္ဒိယနိုင်ငံအနေနဲ့ မိမိတို့မြန်မာနိုင်ငံ ခေါင်းဆောင်အပေါ် လေးစားတန်ဖိုးထားမှုနဲ့အလေးအနက်ထားမှုတွေကို ပြသခြင်းပင်ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဟာ နယူးဒေလီမြို့က ခေတ္တတည်းခိုမယ့် ဟိုတယ်ကို ရောက်ရှိချိန်မှာလည်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး H.E. Dr. Subrahmanyam Jaishankar နဲ့တွေ့ဆုံပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေတွေ၊ ယခုလာရောက်တဲ့ တရားဝင်ခရီးစဉ်ကနေပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မယ့် အခြေအနေတွေ၊ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပေါ် ထောက်ခံမှုအခြေအနေတွေ၊ နှစ်နိုင်ငံအကြား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့်အခြေအနေတွေ၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မယ့်အခြေအနေတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေတွေနဲ့ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ဆောင်ရွက်လျက်ရှိမှုအခြေအနေတွေ၊ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေတွေနဲ့ အခြားနှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်သွားမယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီလို နိုင်ငံတော်သမ္မတကြီးနဲ့ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ တွေ့ဆုံစဉ်ဆွေးနွေးမှုများကို ထောက်ရှုခြင်းအားဖြင့် အိန္ဒိယနိုင်ငံဟာ မိမိတို့မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနှစ်နိုင်ငံ ဆက်ဆံရေးကို အလေးထားဆောင်ရွက်နေတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအိန္ဒိယနိုင်ငံကဲ့သို့သော အင်အားကြီးအိမ်နီးချင်းနိုင်ငံတစ်ခုနဲ့ မိမိတို့နိုင်ငံအနေနဲ့ အဘက်ဘက်က၊ ကဏ္ဍစုံက ပူးပေါင်းဆောင်ရွက်မှုတွေကို အရှိန်အဟုန်နဲ့ တိုးမြှင့်ဆောင်ရွက်သွားနိုင်မယ်ဆိုရင် မိမိတို့နိုင်ငံအနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ အကျိုးရလဒ်တွေရရှိလာမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါတယ်။

မိမိတို့ယနေ့သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ နေပြည်တော်မှ အိန္ဒိယနိုင်ငံ ဂါယာမြို့၊ ၎င်းမှတစ်ဆင့် နယူးဒေလီမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် သွားရောက်ခဲ့ပြီး နံနက်ပိုင်းမှ ညနေပိုင်းအထိ ခရီးစဉ်အစီအစဉ်အတိုင်း အချိန်အကြားအလပ်မရှိ ဆက်တိုက်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ညနေပိုင်းမှာလည်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို သွားရောက်ပြီး သံရုံး၊ စစ်သံရုံး မိသားစုများနဲ့ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီး ပြည်သူများက ရွေးချယ်တင်မြှောက်တဲ့ နိုင်ငံတော်အစိုးရသစ်က နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာဖြစ်စေဖို့နဲ့ နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးပမ်းလုပ်ဆောင်နေမှုတွေ၊ မြန်မာနိုင်ငံမှာ ပညာတတ်လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝစေရေးအတွက် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတွေ၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးတက်ခိုင်မာစေဖို့ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသလို သံရုံး၊ စစ်သံရုံးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်မှုတွေ၊ ပြည်ပနိုင်ငံကို ရောက်ရှိနေချိန်မှာ တစ်ဦးချင်းရဲ့ အင်္ဂလိပ်စာ အရည်အချင်းတွေ တိုးတက်လာစေရေးနဲ့ ကွန်ပျူတာနည်းပညာဆိုင်ရာတွေ ပိုမိုတတ်ကျွမ်းနားလည်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်စေလိုမှုတွေကို မှာကြားခဲ့တဲ့အပြင် မိမိလက်အောက်ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို တစ်ဦးချင်းရဲ့ ကျန်းမာရေးမှအစ ဂရုစိုက်နေထိုင်ကြဖို့နဲ့ စည်းစည်းလုံးလုံးနေထိုင်ကြဖို့ မှာကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတော်သမ္မတကြီးဟာ သံရုံး၊ စစ်သံရုံးမိသားစုဝင်တွေ၊ အိန္ဒိယနိုင်ငံမှာပညာတော်သင်နေကြတဲ့ သင်တန်းသား သင်တန်းသူတွေအတွက် စားသောက်ဖွယ်ရာတွေနဲ့ ချီးမြှင့်ငွေတွေကိုပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတကြီးနဲ့ အိန္ဒိယနိုင်ငံကို အဖွဲ့ဝင်တွေအဖြစ် လိုက်ပါလာတဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ သံရုံး၊ စစ်သံရုံး မိသားစုက တည်ခင်းဧည့်ခံတဲ့ညစာကို မိသားစုတွေနဲ့ အတူတကွသုံးဆောင်ခဲ့ကြပါတယ်။

No comments:

Post a Comment