Thursday, June 18, 2026

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီပေါမြို့နယ်ရှိ ကျင်သီတံတားနှင့် ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေ ကြည့်ရှုပြီး ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ

 


နေပြည်တော် ဇွန် ၁၇

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇွန် ၁၆ ရက်က ပြင်ဦးလွင်-လားရှိုးလမ်းပိုင်းရှိ သီပေါမြို့နယ် ဘော်ကြိုဘူတာအနီး အလျားပေ ၂၈၀ ရှိ ကျင်သီတံတား ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လဲလှယ်ရန်ကျန်ရှိသော ဆွေးမြည့်နေသည့် သစ်သားဇလီဖားတုံးများကို အသစ်လဲလှယ်ရန်နှင့် သတ်မှတ်ကာလအမီ အမြန်ဆုံးပြန်လည်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည်ပြုပြင်နေမှု၊ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်ဇလီဖား Mould နှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရုံအတွင်း ရထားလမ်း ပြုပြင်ခြင်းလုပ်ငန်း၊ Traverser ကရိန်းပြုပြင်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ဖျော်စက် ပြုပြင်ခြင်းလုပ်ငန်းနှင့် ဓာတ်အားခွဲရုံပိုင်းဆိုင်ရာ ပြုပြင်ခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

အဆိုပါစက်ရုံပြီးစီးသွားပါက တစ်လလျှင် ကွန်ကရစ်ဇလီဖားတုံး ၆၂၄၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မန္တလေး-လားရှိုးလမ်းပိုင်း ပိုမိုတောင့်တင်းကြံ့ခိုင်စေရန် လိုအပ်သည့်နေရာများတွင် အစားထိုးဖြည့်တင်းသွားမည်ဖြစ်သည်။

ယင်းနောက် မြန်မာ့စာတိုက်လုပ်ငန်း သီပေါစာတိုက်၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လည်းကောင်း၊ ကျောက်မဲမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကျောက်မဲခရိုင်ရုံး)၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ ကျောက်မဲဘူတာပရဝဏ်နှင့် ယာဒ်ဝင်းသန့်ရှင်းရေးဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ နောင်ပိန်ဘူတာအနီး ရထားလမ်းကူးနေရာမှ RBE ရထားဖြင့် ရထားလမ်းကြံ့ခိုင်မှုအခြေအနေ၊ နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂုတ်ထိပ်တံတားကြံ့ခိုင်မှု၊ တံတားကြီး၏ အောက်ခြေတိုင်များကို ခြံစည်းရိုးကာရံထားမှု၊ ဂုတ်ထိပ်ဘူတာအား သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ဘူတာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှု၊ ဘူတာအနီးရှိ ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်နှင့် အထပ်ခြောက်ထပ်ပါ အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့်မြေနေရာ၊ ပြင်ဦးလွင်ဘူတာနယ်မြေအတွင်းရှိ အလျား ၅၆၁ ပေ၊ အနံ ၃၀၈ ပေရှိ ရော်ဘာပြေးလမ်းပါ ဘောလုံးကွင်းနှင့် အလျား ၁၃၅ ပေ၊ အနံပေ ၂၀ ရှိ ပွဲကြည့်စင်တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအမီ ပြီးစီးရေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment