နေပြည်တော် ဇွန် ၁၇
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေး (နဝမနေ့) အစည်းအဝေးကျင်းပနေမှုကို လာရောက်လေ့လာသည့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ရာမညနိကာယကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဉာဏပါလ ဦးဆောင်သော (၈) ဦးပါအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ ဖူးမြော်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
ဥပဒေပြုရေးလုပ်ငန်းသည် လွှတ်တော်၏အဓိက တာဝန်ဖြစ်ပါကြောင်း၊ လွှတ်တော်အနေဖြင့် ပြည်သူများကို
ဥပဒေ၏ အကာအကွယ်အောက်တွင် အေးချမ်းလုံခြုံစွာ နေထိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများက ၎င်းတို့၏ သဘောထားဆန္ဒနှင့်အညီ
ရွေးချယ်တင်မြှောက်လိုက်သည့် သူများဖြစ်သည့်အတွက် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ လူမှုစီးပွားဘဝဖွံ့ဖြိုးစေရေးဆောင်ရွက်ရန်
တာဝန်ရှိပါကြောင်း၊ ယခုရက်ပိုင်း လွှတ်တော်အစည်းအဝေးများတွင်လည်း တောင်သူလယ်သမားများ၏
အကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကဲ့သို့သော ပြည်သူများကို
တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို လွှတ်တော်မှတစ်ဆင့် ဝန်ကြီးဌာနများသို့
မေးခွန်းများမေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းဖြင့် ပြည်သူကို ကိုယ်စားပြုသည့်
ဆောင်ရွက်ချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် မဲဆန္ဒနယ်အလိုက်
လွှတ်တော်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ထားရှိ၍ ရပ်ရွာဒေသအကျိုး စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက်
အနီးကပ်ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း၊ ဒေသဆိုင်ရာ လိုအပ်ချက်များနှင့် ဘာသာရေး၊ သာသနာရေးဆိုင်ရာ
ကိစ္စရပ်များရှိပါကလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် မိန့်ကြားဆောင်ရွက်နိုင်ပါကြောင်း
လျှောက်ထားပြီး ယခုလို လွှတ်တော်သို့ စိတ်ပါဝင်စားစွာ လာရောက်လေ့လာသည့်အတွက်လည်း အထူးဝမ်းမြောက်ပါကြောင်းနှင့်
လာရောက်လေ့လာလိုသည့် လူ၊ ပုဂ္ဂိုလ်အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယခုကဲ့သို့ လွှတ်တော် လေ့လာရေးခရီးစဉ်များ လာရောက်နိုင်ရေးအတွက်လည်း လွှတ်တော်မှ ဖိတ်ကြားဆောင်ရွက်ခြင်းနှင့်
လွှတ်တော် Website များ တည်ထောင်ဖွင့်လှစ်ခြင်းအပြင် အခြား Social Media များမှလည်း
လွှတ်တော်အကြောင်းကို ပိုမိုသိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း
ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်
မွန်ပြည်နယ်ရေး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းတို့ တက်ရောက်ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment