နေသူရဇော်(စိုက်ပျိုးရေး)
သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်ရင် “မြန်မာ” ဆိုတဲ့ နာမည်နဲ့အတူ ကမ္ဘာက လေးစားအသိအမှတ်ပြုခဲ့ရတဲ့ ဂုဏ်ပုဒ်တစ်ခု ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။ ကမ္ဘာ့အစားအသောက်တွေကို ပြည့်စုံခမ်းနားစေခဲ့တဲ့ “ကမ္ဘာ့ဆန်အိုးကြီး” ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။
ကျွန်တော်တို့ရဲ့
မိခင်လယ်ယာမြေက ထွက်ရှိတဲ့ ဆန်စပါးတွေဟာ ပြည်တွင်းကို ဖူလုံစေရုံတင် မကဘဲ နိုင်ငံတကာဈေးကွက်အထိ
ရွှေရောင်တောက်ပခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာ အတိတ်က ပုံပြင်တစ်ပုဒ်လိုပဲ အချိန်အတော်ကြာ
မှေးမှိန်နေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ အခုအချိန်မှာ အဲဒီမှေးမှိန်နေတဲ့
အိပ်မက်တွေကို ပြန်လည်အသက်သွင်းဖို့ မျှော်လင့်ချက်တံခါးတွေ ပြန်ပွင့်လာနေပြီဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်ဆိုတာ
အမြဲတမ်းပြောင်းလဲနေပြီး အရည်အသွေးမြင့်မားမှုကိုသာ တောင်းဆိုနေတာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေက
နည်းပညာတွေနဲ့ ရှေ့ကိုတစ်ဟုန်ထိုး တက်လှမ်းနေချိန်မှာ ကျွန်တော်တို့ဟာ ရိုးရာစိုက်ပျိုးထုတ်လုပ်မှု
အစဉ်အလာဟောင်းတွေကြားမှာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တစ်ချိန်က ရွှေခေတ်ဂုဏ်ရှိန်ကို
ပြန်လည်ရယူဖို့ဆိုတာ အစိုးရ သို့မဟုတ် ပြင်ပ အင်အားစုတစ်ခုခုရဲ့ ကူညီပံ့ပိုးမှုကိုပဲ
ထိုင်စောင့်နေလို့ မရပါဘူး။ အဓိက သော့ချက်ကတော့ လယ်ကွင်းထဲက တောင်သူဦးကြီးတွေနဲ့ လယ်ယာစီးပွားလုပ်ငန်းရှင်တွေရဲ့
လက်တွေ့ကျကျ ကြိုးပမ်းအားထုတ်မှုနဲ့ အရည်အသွေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေပဲ
ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်က
တောင်းဆိုလာတဲ့ အခွင့်အရေးတွေကို ရဲရဲဝံ့ဝံ့ဆုပ်ကိုင်
ကျွန်တော်တို့ရဲ့
မြေဆီလွှာက ကောင်းမွန်ဆဲဖြစ်သလို တောင်သူတွေရဲ့ ကြိုးစားအားထုတ်မှုက လည်း လျော့မသွားပါဘူး။
လိုအပ်နေတာကတော့ ခေတ်မီတဲ့ မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးဖို့၊ နိုင်ငံတကာစံနှုန်းမီ
စိုက်ပျိုးထုတ်လုပ်မှုစနစ် (GAP)ကို ကူးပြောင်းဖို့နဲ့ ခေတ်မီဆန်စက်ကြီးတွေနဲ့ အရည်အသွေးမြင့်
ဆန်ချောတွေ ထုတ်လုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ကျွန်တော်တို့ဘက်က
အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်နိုင်မှသာ ကမ္ဘာ့ဈေးကွက်က တောင်းဆိုလာတဲ့ အခွင့်အရေးတွေကို
ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့
ကမ္ဘာ့ဆန်ဈေးကွက် သမိုင်းရဲ့ အထွတ်အထိပ်မှာ ရပ်တည်ခဲ့စဉ်က အခုလောက် ပြိုင်ဆိုင်မှုမပြင်းထန်သေးသလို
စားသုံးသူတွေရဲ့ တောင်းဆိုချက်ကလည်း အရေအတွက်အပေါ်မှာပဲ အဓိက အခြေခံခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ခေတ်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာ့ဆန်ဈေးကွက်ဟာ အရေအတွက်ထက် အရည်အသွေးကိုသာ
အဓိက ဦးစားပေးရွေးချယ်လာကြပါတယ်။
အဲဒီလို ပြောင်းလဲလာတဲ့
လိုအပ်ချက်အရ တောင်သူဦးကြီးတွေရော လုပ်ငန်းရှင်တွေပါ အဓိက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီး သုံးရပ်ရှိနေပါတယ်။
ပထမဆုံးအချက်က
“မျိုးကောင်းမျိုးသန့် ရှားပါးမှုနဲ့ သွင်းအားစု ကုန်ကျစရိတ်မြင့်မားခြင်း” ပါပဲ။ လယ်ကွင်းထဲမှာ
သန့်စင်တဲ့ မျိုးစေ့တွေကို စနစ်တကျမသုံးစွဲနိုင်ဘဲ ရောနှောနေတဲ့ မျိုးဟောင်းတွေကိုသာ
ဆက်စိုက်နေတာကြောင့် ထွက်ရှိလာတဲ့ စပါးဟာ အရည်အသွေး မညီမညာဖြစ်ရပါတယ်။
ဒါတင်မကသေးပါဘူး။
လက်ရှိ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေနဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာ့ဈေးကွက်မှာ စိုက်ပျိုးရေးအတွက်
မရှိမဖြစ်လိုအပ်တဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနဲ့ စက်သုံးဆီဈေးနှုန်းတွေက တရိပ်ရိပ်မြင့်တက်နေပါတယ်။
ဒီလိုကမ္ဘာ့ရေးရာ အခင်းအကျင်းတွေကြောင့် အနာဂတ်မှာ သွင်းအားစုစရိတ်တွေက အခုထက်ပိုပြီး
ခက်ခဲလာနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။
ဒီလို ပြင်ပကမ္ဘာ့ဖိအားတွေကြားထဲကနေ
တောင်သူဦးကြီးတွေ စိုက်ပျိုးစရိတ် ဝန်ထုပ်ဝန်ပိုး လျော့ကျသွားဖို့နဲ့ ရေရှည်ကြံ့ကြံ့ခံနိုင်ဖို့အတွက်
ကျွန်တော်တို့ဘက်က ပိုပြီးတော့ အမြော်အမြင်ရှိရှိ ပြင်ဆင်ကြရတော့မှာ ဖြစ်ပါတယ်။
ဒုတိယအချက်က “ခေတ်နောက်ကျနေတဲ့
ကြိတ်ခွဲမှုစနစ်” ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအားရှိတာက အဆန်ရှည်ပြီး ဆန်ကွဲမပါသလောက်
နည်းပါးတဲ့ ဆန်ချောမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီက ဆန်စက်အများစုဟာ ခေတ်မီနည်းပညာအားနည်းတာကြောင့်
ကြိတ်ခွဲတဲ့အခါ ဆန်ကွဲများပြားပြီး နိုင်ငံတကာစံနှုန်းမီအောင် မထုတ်လုပ်နိုင်တာကြောင့်
ဈေးကောင်းမရဘဲ ဖြစ်နေရပါတယ်။
နောက်ဆုံးအချက်ကတော့
“Supply Chain ခေါ် ထုတ်လုပ်မှုကွင်းဆက် တည်ငြိမ်မှုမရှိခြင်း” ပါပဲ။ တောင်သူက စိုက်ပျိုးထုတ်လုပ်လိုက်တဲ့
စပါးဟာ ကြားပွဲစားအဆင့်ဆင့်ကို ဖြတ်သန်းရတာကြောင့် တောင်သူလည်း ထိုက်တန်တဲ့အမြတ်မရ၊
ကုန်သည်လုပ်ငန်းရှင်ဘက်ကလည်း အရည်အသွေး မှန်ကန်တဲ့ဆန်စပါးကို အချိန်မှန်မရနိုင်တဲ့
ပြဿနာတွေ ရှိနေပါတယ်။
ဘယ်လိုခြေလှမ်းမျိုးနဲ့
ရှေ့ဆက်ကြမလဲဆိုတာ အရေးကြီး
ဒီစိန်ခေါ်မှုတွေကို
ကျွန်တော်တို့ ရင်ဆိုင်အဖြေမရှာနိုင်သရွေ့ ရွှေခေတ်ကို ပြန်လှမ်းဖို့ အလှမ်းဝေးနေဦးမှာ
ဖြစ်ပါတယ်။ ဒါကြောင့် ဒီအတားအဆီးတွေကို ကျော်လွှားပြီး လက်တွေ့ ဘယ်လိုခြေလှမ်းမျိုးနဲ့
ရှေ့ဆက်ကြမလဲဆိုတာက အရေးကြီးလာပြီဖြစ်ပါတယ်။
မြန်မာ့ဆန်စပါးကဏ္ဍရဲ့
အသက်သွေးကြောဟာ လယ်ကွင်းထဲက တောင်သူဦးကြီးတွေပဲဖြစ်ပြီး ရွှေခေတ်ကို ပြန်လည်ထူထောင်ဖို့အတွက်
အရေးအကြီးဆုံးကတော့ အမြင်ဟောင်းတွေကို စွန့်လွှတ်၊ နိုင်ငံတကာအဆင့်အထိ မျှော်မှန်းနိုင်မယ့်
ဈေးကွက်စီးပွားရေးအမြင်နဲ့ ပုံစံပြောင်းလဲကြဖို့ ဖြစ်ပါတယ်။
ပထမဆုံး ပြောင်းလဲရမယ့်အချက်က “မျိုးကောင်း မျိုးသန့်ကို အလေးထားခြင်း”
ပါပဲ။ မိမိတို့ စိုက်ပျိုး ချင်တဲ့ စပါးထက် နိုင်ငံတကာဈေးကွက်က တောင်းဆိုနေတဲ့၊ ဈေးကောင်းရနိုင်တဲ့ မျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်
မြန်မာ့ကိုယ်ပိုင်အမှတ်တံဆိပ် ပေါ်ဆန်းမွှေးလိုမျိုး ထူးခြားတဲ့ ဆန်စပါးမျိုးတွေကို
စိုက်ပျိုးကြရပါမယ်။ မျိုးသန့်ရင် အထွက်နှုန်းတင်မကဘဲ ဈေးကွက်တန်ဖိုးပါ နှစ်ဆတက်လာမှာ
ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့
“GAP စံနှုန်းအတိုင်း စနစ်တကျစိုက်ပျိုးခြင်း” ဖြစ်ပါတယ်။ ယနေ့ခေတ် ကမ္ဘာ့စားသုံးသူတွေဟာ
အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလွန်အလေးထား ကြပါတယ်။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေကို
အလွန်အကျွံသုံးစွဲပြီး စိုက်ပျိုးတဲ့ ဆန်မျိုးကို နိုင်ငံတကာဈေးကွက်က ဘယ်တော့မှ လက်ခံမှာ
မဟုတ်ပါဘူး။ ဒါကြောင့် ဓာတုအကြွင်းအကျန် ကင်းစင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့
Good Agricultural Practices (GAP) စံနှုန်းတွေကို တောင်သူဦးကြီးတွေကိုယ်တိုင် စိတ်ဝင်တစားလေ့လာပြီး
လက်တွေ့ကျင့်သုံးကြဖို့ တိုက်တွန်းချင်ပါတယ်။
တောင်သူဦးကြီးတွေက
လယ်ကွင်းထဲမှာ အရည်အသွေးမြင့် စပါးတွေကို အပင်ပန်းခံ စိုက်ပျိုးထုတ်လုပ်ပေးလိုက်ပြီဆိုရင်
အဲဒီစပါးတွေကို နိုင်ငံတကာက ငွေပုံပေးဝယ်ချင်ရလောက်အောင် “ရောင်းတမ်းဝင် တန်ဖိုးမြင့်ထုတ်ကုန်”
အဖြစ် ပြောင်းလဲပေးရမယ့် တာဝန်ကတော့ လယ်ယာစီးပွားလုပ်ငန်းရှင်တွေရဲ့ ပခုံးပေါ်မှာရှိနေပါတယ်။
နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဖို့ဆိုတာ ကုန်သည်လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှု၊ အမြင်သစ်၊
အတွေးသစ်နဲ့ ရဲရဲဝံ့ဝံ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။
ကြိတ်ခွဲမှုနည်းပညာနဲ့
ဆန်စက်တွေကို အဆင့်မြှင့်တင်
ပထမဆုံးလုပ်ဆောင်ရမှာက
“ကြိတ်ခွဲမှု နည်းပညာနဲ့ ဆန်စက်တွေကို အဆင့်မြှင့်တင်ခြင်း” ပဲ ဖြစ်ပါတယ်။ စပါးဘယ်လောက်ကောင်းကောင်း
ခေတ်မမီတဲ့ ဆန်စက်တွေနဲ့ ကြိတ်ခွဲမယ်ဆိုရင် ဆန်ကွဲအထွက်များပြီး အရောင်အသွေး မညီမညာ
ဖြစ်နေဦးမှာဖြစ်ပါတယ်။ ကမ္ဘာ့ဈေးကွက်က တောင်းဆိုချက်မှာ အမှုန်အမွှားကင်းစင်ပြီး တောက်ပြောင်ညီညာတဲ့
ဆန်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရေတိုအမြတ်ထက် ရေရှည်အကျိုးစီးပွားကို
မျှော်ကိုးပြီး ခေတ်မီစက်ကိရိယာတွေနဲ့ ကြိတ်ခွဲထုတ်လုပ်မှုပိုင်းကို ကမ္ဘာ့အဆင့်မီအောင်
ရဲရဲဝံ့ဝံ့ အဆင့်မြှင့်တင်ကြရပါမယ်။
ဒုတိယအချက်ကတော့
“တောင်သူတွေနဲ့ လက်တွဲပြီး အကျိုးတူလယ်ယာစနစ် (Contract Farming) ဖော်ဆောင်ခြင်း” ဖြစ်ပါတယ်။
ကုန်သည်ဆိုတာ စပါးပေါ်ချိန်မှ ဈေးနှိမ်ဝယ်ယူသူမဟုတ်ဘဲ တောင်သူတွေရဲ့ ရေရှည်မိတ်ဖက်ဖြစ်ရပါမယ်။
တောင်သူတွေ မျိုးကောင်းမျိုးသန့်နဲ့ သွင်းအားစုတွေ စနစ်တကျသုံးစွဲနိုင်အောင် ကြိုတင်ပံ့ပိုးပေးပြီး
ထွက်လာတဲ့ သီးနှံကို အာမခံဈေးနှုန်းနဲ့ ပြန်လည်ဝယ်ယူတဲ့စနစ်မျိုး တည်ဆောက်ရပါမယ်။ ဒါမှသာ
လုပ်ငန်းရှင်ဘက်ကလည်း နိုင်ငံတကာကို တင်ပို့ဖို့အတွက် အရည်အသွေး ညီညာတဲ့ ဆန်စပါးပမာဏကို
စိတ်ချလက်ချရရှိမှာ ဖြစ်ပါတယ်။
မြန်မာ့ဆန်ကိုယ်ပိုင် Brand တည်ဆောက်
နောက်ဆုံးအနေနဲ့
“မြန်မာ့ဆန်ကိုယ်ပိုင် Brand တည်ဆောက်ခြင်း” ဖြစ်ပါတယ်။ ဆန်ကို အိတ်ကြီးတွေနဲ့ ဒီအတိုင်းတင်ပို့တာထက်
စနစ်တကျသန့်စင်၊ စံချိန်စံညွှန်းသတ်မှတ်ပြီး ဆွဲဆောင်မှုရှိတဲ့ ထုပ်ပိုးမှုစနစ်တွေနဲ့
ကမ္ဘာ့ဈေးကွက်ထဲကို မြန်မာ့ကိုယ်ပိုင် Brand အဖြစ် ထိုးဖောက်ရပါမယ်။ အထူးသဖြင့် မြန်မာ့ပေါ်ဆန်းမွှေးလိုမျိုး
ကမ္ဘာ့အကောင်းဆုံး ဆန်ဆုရဖူးတဲ့ ထူးခြားဆန်မျိုးကို နိုင်ငံတကာက တန်ဖိုးထားစားသုံးရတဲ့
Premium အဆင့်မြင့် Brand ဖြစ်လာအောင် လုပ်ငန်းရှင်တွေဘက်ကလည်း စဉ်းစားတွေးခေါ်မှုအသစ်တွေ၊
စျေးကွက်ဗျူဟာအသစ်တွေနဲ့ နိုင်ငံတကာစားသုံးသူတွေရဲ့ ရင်ထဲအရောက် လှမ်းဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။
ကျွန်တော်တို့
ရိုးရာစနစ်ကနေ ခေတ်မီစိုက်ပျိုး ထုတ်လုပ်မှုစနစ်ကို ပြောင်းလဲဖို့ တိုက်တွန်းတဲ့အခါ
တောင်သူဦးကြီးတွေနဲ့ လုပ်ငန်းရှင်တွေ အဓိကရင်ဆိုင်ရတဲ့ လက်တွေ့ကျတဲ့ အခက်အခဲကတော့ မျိုးကောင်းမျိုးသန့်ဝယ်ဖို့၊
GAP စံနှုန်းမီအောင် ပြင်ဆင်ဖို့နဲ့ ခေတ်မီနည်းပညာတွေ သုံးဖို့ဆိုတာ ငွေကြေးစိုက်ထုတ်မှုတွေ
လိုအပ်လှပါတယ်။ ဒီလိုအချိန်မှာ လက်တွေ့ကျကျ အားဖြည့်ပေးလာတာကတော့ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်ပေးနေတဲ့
“နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ” ပဲ ဖြစ်ပါတယ်။
ဒီရန်ပုံငွေဟာ
သမားရိုးကျ ချေးငွေတွေလို မဟုတ်ဘဲ လယ်ယာကဏ္ဍနဲ့ မိမိတို့ရဲ့ ဆန်စပါး ထုတ်လုပ်မှုကွင်းဆက်
(Supply Chain) တစ်ခုလုံး အမှန်တကယ်တိုးတက်လာစေဖို့ ရည်ရွယ်ပြီး မတည်ထုတ်ချေးပေးထားတဲ့
ရန်ပုံငွေဖြစ်ပါတယ်။ တောင်သူဦးကြီးတွေအနေနဲ့ ဒီရန်ပုံငွေကို အကျိုးရှိရှိ အသုံးချပြီး
မိမိတို့ရဲ့ လယ်ယာမြေမှာ မျိုးကောင်းမျိုးသန့်တွေ ပြောင်းလဲစိုက်ပျိုးဖို့နဲ့ နည်းပညာမြှင့်တင်ဖို့အတွက်
အမိအရ ဆုပ်ကိုင်ကြရပါမယ်။
ထို့အတူ လယ်ယာစီးပွားလုပ်ငန်းရှင်တွေ၊
ဆန်စက်ပိုင်ရှင်တွေအနေနဲ့လည်း ဒီရန်ပုံငွေ အရင်းအနှီးတွေကို အခြေခံပြီး တောင်သူတွေနဲ့
အကျိုးတူ လယ်ယာစနစ်ဖော်ဆောင်ရာမှာ လည်းကောင်း၊ အရည်အသွေးမြင့် ကြိတ်ခွဲစက်တွေအဖြစ်
အဆင့်မြှင့်တင်ရာမှာလည်းကောင်း ထိရောက်စွာ အသုံးချကြရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်က ပံ့ပိုးပေးထားတဲ့
ဒီလိုငွေကြေးအရင်းအနှီးအခွင့်အလမ်းတွေကို အလေအလွင့်မရှိဘဲ ထိထိရောက်ရောက် အသုံးချပြီး
မိမိတို့ဘက်က အရည်အသွေးမြင့် ဆန်စပါးတွေကို အရှိန်အဟုန်နဲ့ ထုတ်လုပ်ကြခြင်းဖြင့် မြန်မာ့ဆန်စပါး
ရွှေခေတ်ကို ပြန်လည်ပင့်တင်ရာမှာ အဓိက အထောက်အပံ့ကြီးတစ်ခုဖြစ်လာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။
စီးပွားရေးလောကမှာ
အခွင့်အလမ်းဆိုတာ လှေကြုံလိုက်သလိုမျိုး အမြဲတမ်းပေါ်မနေတတ်ပါဘူး။ လက်ရှိ ကမ္ဘာ့ဆန်ဈေးကွက်မှာ
ဝယ်လိုအားတွေ ပြောင်းလဲနေပြီး မြန်မာ့ဆန်စပါးကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့အချိန်ဟာ
မိမိတို့အတွက် တစ်ကျော့ပြန်ရွှေခေတ်ကို လှမ်းတက်ဖို့ အကောင်းဆုံးအချိန်အခါဖြစ်ပါတယ်။
ဒါပေမယ့် ဒီအခွင့်အရေးကြီးကို ရှေ့တန်းက တောင်သူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က အမိအရ မဆုပ်ကိုင်နိုင်ဘူးဆိုရင်
ကျွန်တော်တို့ ရေရှည်မှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ်။
ဒါကြောင့် အခုအချိန်မှာ
အရည်အသွေးမြှင့်တင်ဖို့ ပျက်ကွက်ခြင်းဟာ ရိုးရိုးလေး နောက်ကျကျန်ခဲ့တာမျိုးမဟုတ်ဘဲ
မိမိတို့ရဲ့အနာဂတ် ရွှေရောင်အခွင့်အလမ်းကို ကိုယ့်လက်နဲ့ကိုယ် ဖျက်ဆီးလိုက်သလို ဖြစ်သွားနိုင်တယ်ဆိုတာကို
အလေးအနက် သတိပြုကြရမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရသော်
မြန်မာ့ဆန်စပါးရဲ့ ရွှေခေတ်ကို ပြန်လည်ထူထောင်ရေးဆိုတာ စက္ကူပေါ်က အိပ်မက်တစ်ခုမဟုတ်သလို
တစ်ဦးတစ်ယောက်တည်းရဲ့ ကြိုးပမ်းမှုနဲ့လည်း မအောင်မြင်နိုင်ပါ။ လယ်ကွင်းထဲက တောင်သူဦးကြီးတွေရဲ့
သွေးချွေး၊ စေတနာတွေနဲ့ လယ်ယာစီးပွားလုပ်ငန်းရှင်တွေရဲ့ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုအမြင်သစ်တွေ
ဟန်ချက်ညီညီ ပေါင်းစပ်မိမှသာ သမိုင်းဝင်ဂုဏ်ဒြပ်ကို ပြန်လည်ဆုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့မှာ
ကောင်းမွန်တဲ့ မြေဆီလွှာနဲ့ ကြိုးစားချင်စိတ်ရှိတဲ့ တောင်သူတွေရှိနေပြီးသား ဖြစ်ပါတယ်။
လိုအပ်နေတာက နိုင်ငံတကာဈေးကွက်က တောင်းဆိုနေတဲ့ “အရည်အသွေး” စံနှုန်းအတိုင်း ပြုပြင်ပြောင်းလဲဖို့
ရဲဝံ့တဲ့ ခြေလှမ်းတွေသာ ဖြစ်ပါတယ်။ တောင်သူက GAP အတိုင်း စနစ်တကျစိုက်ပျိုးပြီး လုပ်ငန်းရှင်က
ခေတ်မီနည်းပညာနဲ့ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲပေးနိုင်ရင် မြန်မာ့ဆန်ဟာ ကမ္ဘာ့ထမင်းဝိုင်းတွေထက်မှာ
ပြန်လည်နေရာရလာမှာ မလွဲဧကန်ဖြစ်ပါတယ်။
ကမ္ဘာ့ဈေးကွက်ဟာ
ကျွန်တော်တို့ဘက်က အသင့်ဖြစ်၊ မဖြစ်ကို စောင့်ကြည့်နေပါတယ်။ အတိတ်က ဂုဏ်ယူစရာသမိုင်းကြောင်းကို ပုံပြင်တစ်ပုဒ်လို
ထိုင်ပြောမနေဘဲ လက်ရှိပစ္စုပ္ပန်မှာ လက်တွေ့ကျကျ စတင်ပြောင်းလဲကြဖို့ အချိန်တန်ပြီဖြစ်လို့
မိမိတို့ကဏ္ဍအလိုက် အရည်အသွေးမြှင့်တင်ရေးကို အခုပဲ ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ဆောင်ရင်း “မြန်မာ့ဆန်စပါးရဲ့ ရွှေခေတ်ကို ပြန်လည်ထူထောင်ကြပါစို့”
ဟု တိုက်တွန်းရေးသားလိုက်ရပါတယ် ခင်ဗျာ။ ။

No comments:
Post a Comment