ကိုပြည်
သစ်တောကြီးများ မီးလောင်ကျွမ်းနေပြီး သစ်ပင်ပေါင်းများစွာ ဥပဒေနှင့်အညီရော ဥပဒေမဲ့ပါ ခုတ်လှဲခံနေရသည်။ ဤအရာများသည် သဘာဝတရား၏အလိုလော သို့မဟုတ် ကျွန်ုပ်တို့လူသားများ၏ ပယောဂလောဟု မေးခွန်းထုတ်စရာရှိလာပါသည်။ တကယ်တော့ လူသားများရှင်သန်နေထိုင် ရန်ထောက်ပံ့ပေးနိုင်စွမ်းရှိသည့် တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည့် ကမ္ဘာမြေကြီးကို ဖျက်ဆီးနေသူများမှာ ကျွန်ုပ်တို့လူသားများပင်ဖြစ်သည်။
ပြဿနာကိုဖန်တီးသူများမှာ ကျွန်ုပ်တို့ဖြစ်သကဲ့သို့ ထိုပြဿနာကိုဖြေရှင်းရန် တာဝန်အရှိဆုံး သူများမှာလည်း ကျွန်ုပ်တို့ပင်ဖြစ်ပါသည်။ သို့ဆိုလျှင် ဤကမ္ဘာမြေကိုကယ်တင်ရန် ကျွန်ုပ်တို့မည်သို့ စတင်ကြမည်နည်း။ အဖြေမှာရိုးရှင်းသော်လည်း အလွန်ထိရောက်လှပါသည်။ ယင်းမှာ ပညာရေးစနစ်မှတစ်ဆင့် မျိုးဆက်သစ်များ၏ လက်များဖြင့် ကမ္ဘာမြေကိုပြန်လည်ကုစားခြင်းပင်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၏ သမိုင်းဝင်ခြေလှမ်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် အိမ်နီးချင်းအာဆီယံနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံတွင် ကျင့်သုံးနေသောဥပဒေမှာ လေ့လာသင့်သည့် ဥပဒေတစ်ရပ်ဖြစ်ပါ သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ်နှင့် ၂၀၀၅ ခုနှစ်များကြားတွင် နိုင်ငံ၏သစ်တော ဖုံးလွှမ်းမှု ၃၂ ဒသမ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ရပြီး သစ်တောပြုန်းတီးမှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရ သောနိုင်ငံဖြစ်သည်။ ထိုပြဿနာကိုဖြေရှင်းရန် ဖိလစ်ပိုင်အောက်လွှတ်တော်က "The Graduation Legacy for the Environment Act" (House Bill 8728) ဟု အမည်ရသော ဥပဒေကြမ်းကို ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ဤဥပဒေ၏ အဓိကသတ်မှတ်ချက်မှာ အလွန်ရိုးရှင်းပါသည်။ “မူလတန်း၊ အထက်တန်းနှင့် တက္ကသိုလ်မှ ကျောင်းပြီးမည့် (သို့မဟုတ်) ဘွဲ့ယူမည့်ကျောင်းသားတိုင်းသည် ကျောင်းမပြီးမီ သစ်ပင်အနည်းဆုံး ၁၀ ပင် မဖြစ်မနေစိုက်ပျိုးရမည်ဆိုသည့် အချက်ပင်ဖြစ်သည်။ ဤဥပဒေ၏ ကြီးမားလှသော အကျိုးသက်ရောက်မှုကို ကိန်းဂဏန်းများဖြင့် တွက်ကြည့်လျှင် အံ့မခန်းဖြစ်ရသည်။
နှစ်စဉ် မူလတန်းအောင်မြင်မည့် ကျောင်းသား ၁၂ သန်း၊ အထက်တန်းအောင်မြင်မည့် ကျောင်းသား ၅ သန်းနှင့် တက္ကသိုလ်မှဘွဲ့ရမည့်ကျောင်းသား ၅ သိန်းခန့်ရှိသောကြောင့် ဤအစီအစဉ်ကိုသာ အသေအချာအကောင်အထည်ဖော်နိုင်ပါက တစ်နှစ်လျှင် အနည်းဆုံး သစ်ပင်ပေါင်း ၁၇၅ သန်း စိုက်ပျိုးနိုင်မည်ဖြစ်သည်။ မျိုးဆက်တစ်ခုအတွင်း သစ်ပင်ပေါင်း ၅၂၅ ဘီလီယံကျော် စိုက်ပျိုးနိုင်မည်ဟု တွက်ချက်ထားသည်။ စိုက်ပျိုးလိုက်သည့်အပင်များ၏ ရှင်သန်နှုန်းမှာ ၁၀ ရာခိုင်နှုန်းသာရှိလျှင်ပင် အဆိုးဆုံးအခြေအနေကို တွက်ဆလျှင်ပင် သစ်ပင် ပေါင်း ၅၂၅ သန်းကျော် အသက်ရှင် ကြီးထွားလာမည်ဖြစ်သည်။
ကျောင်းသားများသည် ထိုသစ်ပင်များကို သစ်တောကြိုးဝိုင်းများ၊ ဒီရေတောများ၊ စွန့်ပစ်မြေ များနှင့် မြို့ပြစိမ်းလန်းစိုပြည်ရေးစီမံကိန်းဧရိယာများတွင် ဌာနေသစ်ပင်မျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးကြရသည်။ ဤသည်မှာ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အချိုးကျကျ ပေါင်းစပ်လိုက်သည့် အကောင်းဆုံးမဟာဗျူဟာ တစ်ရပ်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်လိုအပ်ချက်
ကျွန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း အကြောင်းအမျိုးမျိုးကြောင့် သစ်တောပြုန်းတီးမှု၊ တရားမဝင် သစ်ခုတ်မှုများနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဒဏ်ကို ရင်ဆိုင်နေရသည်။ နွေရာသီရောက်တိုင်း စံချိန်တင်အပူချိန်များကို ခံစားနေရပြီး မိုးရာသီတွင်လည်း ရေကြီးရေလျှံမှု၊ မြေပြိုမှု စသည့်သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ဆိုသလိုကြုံတွေ့ရလေ့ရှိသည်။ သစ်တော များ ပြုန်းတီးလာသည်နှင့်အမျှ ဇီဝမျိုးကွဲများ ရှင်သန်ရာဂေဟစနစ်များ ပျက်စီးလာပြီး လေထုညစ်ညမ်းမှုများလည်း မြင့်တက်လာသည်။
“ရာသီဥတုက အလွန်ပူလာတယ်” ဟု ညည်းတွားနေရုံဖြင့် ပြဿနာများ ပြေလည်သွားမည် မဟုတ်ပါ။ ပြဿနာ၏အရင်းအမြစ်ကို ကုစားရန်လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် ဖိလစ်ပိုင် နိုင်ငံကဲ့သို့ ကျောင်းသားလူငယ်များကိုအခြေခံသည့် သစ်ပင်စိုက်ပျိုးရေးအစီအစဉ် သို့မဟုတ် ဥပဒေမျိုးကို မြန်မာနိုင်ငံတွင်လည်း ကျင့်သုံးသင့်နေပြီဖြစ်သည်။
ရရှိလာမည့် အကျိုးကျေးဇူးများ
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် ဤအစီအစဉ်ကိုသာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက အကျိုးကျေးဇူးများကို သိသိသာသာရရှိခံစားရမည် ဖြစ်သည်။ သစ်ပင်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသောကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ရိုက် လျှော့ချပေးနိုင်မည်ဖြစ်သည်။ သစ်ပင်များ၏ အမြစ်များသည် မြေဆီလွှာကို ထိန်းသိမ်းပေးထားနိုင်သဖြင့် ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် လေပြင်းတိုက်ခတ်မှုအန္တရာယ်များကို သက်သာလျော့ပါးစေမည်ဖြစ်သည်။ သစ်ပင်များသည် ငှက်များ၊ တိရစ္ဆာန်များနှင့် အင်းဆက်များအတွက် ခိုလှုံရာအိမ်ဖြစ် သောကြောင့် ပျက်စီးနေသော သဘာဝဂေဟစနစ်ကို ပြန်လည်အသက်သွင်းနိုင်မည် ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ
မျိုးဆက်သစ်များ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှု။ လူငယ်များသည် မိမိတို့ကိုယ်တိုင် သစ်ပင်စိုက်ပျိုးရသောကြောင့် သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်လာမည်။ သစ်ပင်တစ်ပင်ရှင်သန်လာရန် မည်မျှခက်ခဲကြောင်း လက်တွေ့သိမြင်လာပြီး သဘာဝတရားကို တန်ဖိုးထားတတ်လာမည်ဖြစ်သည်။
နည်းပညာ သုံ့ပန်းဘဝမှ ရုန်းထွက်နိုင်ခြင်း။ ခေတ်သစ်လူငယ်အများစုသည် ဖန်သားပြင် (Screens) များရှေ့တွင်သာ အချိန်ကုန်ဆုံးနေကြသည်။ ဤအစီအစဉ်က သူတို့ကို သဘာဝတရားထဲသို့ ဆွဲခေါ်သွားမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုနှင့် ပြင်ပလောကကို စူးစမ်းလေ့လာလိုစိတ်များကို နိုးကြားလာစေမည်ဖြစ်သည်။
အနာဂတ်အတွက် ဂုဏ်ယူဖွယ်အမွေ။ သူတို့ စိုက်ပျိုးခဲ့သော သစ်ပင်များသည် သူတို့၏အနာဂတ် မျိုးဆက်သစ်များအတွက် အရိပ်အာဝါသများဖြစ်လာမည်ကို သိရှိနားလည်ကာ ကမ္ဘာမြေကို ကယ်တင်သူများအဖြစ် ဂုဏ်ယူစိတ်များ ကိန်းအောင်းလာမည်ဖြစ်သည်။
တိုက်တွန်းချက်
အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) က “ပြဿနာတွေကို ဖန်တီးခဲ့တုန်းက သုံးခဲ့တဲ့တွေးခေါ်မှု ပုံစံဟောင်းတွေနဲ့ အဲဒီပြဿနာတွေကို ပြန်လည်ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု ဆိုခဲ့ဖူးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တွေးခေါ်မှုပုံစံသစ်များ၊ လုပ်ဆောင်ချက်အသစ်များဖြင့် ကမ္ဘာမြေကိုကယ်တင်ရန် လိုအပ်နေပြီဖြစ်သည်။
ထို့ကြောင့် နမူနာကောင်းများကိုယူ၍ မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် “ဘွဲ့ယူ/ ကျောင်းပြီးပါ က သစ်ပင်စိုက်ရမည့် အလေ့အကျင့်ကောင်း” ကို အကောင်အထည်ဖော်သင့်ပါသည်။ လူငယ်များ၏လက်များဖြင့် စိုက်ပျိုးလိုက်သည့်သစ်ပင်များက မြန်မာနိုင်ငံ၏အနာဂတ်ကို စိမ်းလန်းစေရုံသာမက ကမ္ဘာမြေကိုပါ အသက်ရှူပေါက်ချောင်စေမည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များ ဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment