နေပြည်တော် ဇွန် ၂၆
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် “အာဆီယံထုတ်ပြန်ချက် ငါးရပ် (ASEAN
Five-Point Statement) သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို
ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း ရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏
အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့်
ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား
တိုက်တွန်းကြောင်း” အဆို အပါ အဝင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး ခန့်အပ်တာဝန်ပေးအပ်ခြင်းကို
လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့၊ အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာပူးပေါင်းကော်မတီနှင့်
နိုင်ငံတကာပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းတို့နှင့်စပ်လျဉ်း၍
လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း၊ မြန်မာ - ဘယ်လာရုစ် အခွန်ဆိုင်ရာ သဘောတူစာချုပ်ပေးပို့နိုင်ရေး၊
ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် တစ်လကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စရပ်တို့ကို
ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယကက
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး
ဗိုလ်မှူးကြီး ရန်ကြီးအောင် ကို ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း
ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက
အစည်းအဝေးတတိယနေ့တွင် လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပြီးဖြစ်သည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့
(Myanmar Parliamentary Union – MPU) တွင် ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်ဦးရေနှင့်
အမည်စာရင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ယင်းနောက် ပြည်ထောင်စု
လွှတ်တော်နာယက က အစည်းအဝေးတတိယနေ့တွင် လွှတ်တော် သို့ အသိပေးတင်ပြခဲ့ပြီးဖြစ်သည့် အာဆီယံပါလီမန်များ
ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီ (Joint Committee on ASEAN Inter - Parliamentary
Assembly-JCAIPA) နှင့် နိုင်ငံတကာပါလီမန် များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ (Joint
Committee on Inter-Parliamentary Union - JCIPU) တို့တွင် ပါဝင်မည့် ကော်မတီဥက္ကဋ္ဌ၊
အတွင်းရေးမှူးများ၊ ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ သတ်မှတ်ချက်တို့နှင့်စပ်လျဉ်း၍
လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား
ဝင်ငွေခွန်အပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား
ကာကွယ်တားဆီးရေး ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံ၏ အသိပေးအကြောင်းကြားစာကို
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ပေးပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးဟန်ဝင်းအောင်က ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး ခွင့်ပြုချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်
ဘယ်လာရုစ်သမ္မတ နိုင်ငံတို့အကြား ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးနှင့်
အခွန်ရှောင်တိမ်းမှု အား ကာကွယ်တားဆီးရေး သဘောတူစာချုပ်ကို မြန်မာနိုင်ငံကိုယ်စား ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန
ဝန်ကြီးတို့က ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မြန်မာနိုင်ငံကို လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း
နေပြည်တော်တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါကြောင်း။
အဆိုပါသဘောတူစာချုပ်
အကျိုးသက်ရောက်စေခြင်းနှင့်စပ်လျဉ်းပြီး စာချုပ်၏ အပိုဒ် ၃၁၊ အပိုဒ်ခွဲ (၁) အရ စာချုပ်ဝင်နိုင်ငံများအချင်းချင်း
သက်ဆိုင်ရာဥပဒေအရ လိုအပ်သောလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးကြောင်း
အသိပေးအကြောင်းကြားစာကို အပြန် အလှန် ပေးပို့ရမည်ဖြစ်ရာ ဘယ်လာရုစ်သမ္မတနိုင်ငံဘက်က
၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်တွင် ပြည်တွင်းလုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပြီးစီးကြောင်း
အကြောင်းကြားစာ ပေးပို့လာခဲ့ပြီးဖြစ်ပါကြောင်း။
ဝင်ငွေအပေါ် အခွန်နှစ်ထပ်ကျသင့်မှုမှ
ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ် တားဆီးရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြင့်
စီးပွားရေးလုပ်ငန်းများသည် အခွန်နှစ်ထပ် ကောက်ခံခြင်းကို ရှောင်ရှားနိုင် သည့်အတွက်
နိုင်ငံနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ် မှုများ တိုးတက်လာစေနိုင်ခြင်း၊
အခွန်ဌာနများအကြား သတင်းအချက်အလက်ဖလှယ်မှုများ တိုးတက်လာပြီး အခွန်တိမ်းရှောင်မှုများကို
ပူးပေါင်းတားဆီးနိုင်ခြင်းဖြင့် အခွန်လိုက်နာမှု မြင့်မားလာ စေနိုင်ခြင်း၊ နိုင်ငံနှစ်နိုင်ငံအကြား
သံတမန်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်မည်ဖြစ်ပါကြောင်း။
သဘောတူစာချုပ်သည်
ဝင်ငွေခွန်အမျိုးအစား တစ်မျိုးတည်းဖြင့်သာ သက်ဆိုင်သည့် စာချုပ်ဖြစ်ပြီး နှစ်နိုင်ငံ၏
ဌာနေပုဂ္ဂိုလ်များဖြစ်သော တစ်ဦးချင်းပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအပေါ်
အကျိုးသက်ရောက်မည်ဖြစ်ပါကြောင်း၊ စာချုပ်တွင် နှစ်နိုင်ငံ အခွန်ဌာနများအကြား သတင်းအချက်အလက်ဖလှယ်နိုင်သည့်
ပြဋ္ဌာန်းချက်ပါရှိသည့်အတွက် အခွန်တိမ်းရှောင်မှုများကို နှစ်နိုင်ငံ ပူးပေါင်းကာကွယ်တားဆီးနိုင်မည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်
လက်ရှိတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊
လာအိုနိုင်ငံတို့နှင့်လည်းကောင်း၊ အခြားမိတ်ဖက်နိုင်ငံများဖြစ်သည့် ယူနိုက်တက် ကင်းဒမ်းနိုင်ငံ၊
တောင်ကိုရီးယား၊ အိန္ဒိယနိုင်ငံတို့နှင့်လည်းကောင်း ဝင်ငွေအပေါ် အခွန်နှစ်ထပ် ကျသင့်မှုမှ
ရှောင်ရှားရေးနှင့် အခွန်ရှောင်တိမ်းမှုအား ကာကွယ်တားဆီးရေးသဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်၍
နှစ်နိုင်ငံ အခွန်ဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ သဘောတူစာချုပ်အား
အကျိုးသက်ရောက်စေရေး၊ မြန်မာနိုင်ငံဘက်က အသိပေး အကြောင်းကြားစာကို ဘယ်လာရုစ်သမ္မတနိုင်ငံဘက်သို့
ပေးပို့နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန်
ရှင်းလင်းတင်ပြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍
ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး
ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ
ပေးပို့ထားသော ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူး ကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်း
ခွန်ကင်းလွတ်ခွင့်ကာလ တစ်လ ထပ်မံတိုးမြှင့်၍ ခွင့်ပြုနိုင်ရေးနှင့် သဘာဝဓာတ်ငွေ့ရည်
(Liquefied Natural Gas) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် တစ်လ ခွင့်ပြုနိုင်ရေးကိစ္စနှင့်
စပ်လျဉ်း ၍ ဒုတိယဝန်ကြီး
ဦးဟန်ဝင်းအောင်က ယခုကာလတွင် အရှေ့ အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အခြားဒေသတွင်းနိုင်ငံများနည်းတူ
နိုင်ငံတော်အစိုးရ အနေဖြင့် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး
ထိန်းညှိဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့်
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် ကမ္ဘာ့လောင်စာ ဆီဈေးနှုန်းအခြေအနေ၊
ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်း အခြေအနေနှင့်
အခြားဒေသတွင်းနိုင်ငံများ၏ တုံ့ပြန်ဆောင်ရွက်မှု အခြေအနေများအပေါ် လစဉ် စိစစ်သုံးသပ်လျက်ရှိရာ
ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်း ခွန်တို့ကို မေလအတွက်
တစ်လ ထပ်မံတိုးမြှင့်ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။
ထို့ပြင် သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် သဘာဝဓာတ်ငွေ့ရည် (LNG)ကို ပြည်ပမှတင်သွင်းခြင်းနှင့်
ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်းအပေါ် ၂၀၂၆ ခုနှစ် မေလ အတွက် တစ်လကုန်သွယ်လုပ်ငန်း
ခွန် ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။
တစ်ဖက်တွင်လည်း
နိုင်ငံ တော်အနေဖြင့် ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ ရည်တို့အပေါ် အခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင့်
လျော့နည်းသွားမည့် အခွန်ငွေများကိုလည်း ပြန်လည် ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခွန်နှုန်းထားများ
တိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေ ချဲ့ထွင်ခြင်းဖြင့် ရသင့်ရထိုက်သည့်အခွန်များကို ပိုမိုကောက်ခံရရှိအောင်
ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ဒီဇယ်ဆီ HSD
(500 ppm) အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်း ခွန် ကင်းလွတ်ခွင့်ကာလ
တိုးမြှင့်ခွင့်ပြုနိုင်ရေးနှင့် သဘာဝဓာတ်ငွေ့ရည်အပေါ် ကုန်သွယ်လုပ်ငန်း ခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးတို့အတွက်
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘောတူခွင့်ပြု ချက်အရ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်
တင်ပြ ရခြင်းဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် ၂၀၂၆ ခုနှစ်
မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ ထပ်မံ၍ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကာလ
တိုးမြှင့်ခွင့်ပြု နိုင်ရေးနှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG) အပေါ်
၂၀၂၆ ခုနှစ် မေလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးတို့အတွက်
၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးနိုင်ပါရန်
ရှင်းလင်းတင်ပြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍
ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး
ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က “အာဆီယံထုတ်ပြန်ချက်ငါးရပ်သည် အာဆီယံအဖွဲ့အတွင်း
မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို
စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏
လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုအား လွှတ်တော်သို့တင်သွင်းရာတွင် မိမိတို့နိုင်ငံသည်
၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှစပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင်
နိုင်ငံတစ်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါ ကြောင်း၊ ၂၀၀၇ ခုနှစ်က စင်ကာပူနိုင်ငံတွင် အာဆီယံအဖွဲ့ထူထောင်သည့်
နှစ် (၄၀) ပြည့် အခမ်းအနားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ
တွေ့ဆုံပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) ကိုလည်း
မိမိတို့နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့ထက်တိုင် တာဝန်သိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်
ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက်
ပဋိညာဉ်စာတမ်းပါ အခြေခံမူများအတိုင်း တက်ကြွစွာ အလေးထားလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း။
အာဆီယံပဋိညာဉ်စာတမ်း၏
ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်
အာဆီယံ၏ကြေညာစာတမ်းများ၊ သဘောတူစာချုပ်များ၊ ကွန်ဗင်း ရှင်းများ၊ သဘောတူညီချက်များနှင့်
အခြားစာချုပ်စာတမ်းများပါ အခြေခံမူများကို လိုက်နာရမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု၍
သဘောတူညီထားသည်ကို တွေ့ရပါကြောင်း။
၂၀၂၀ ပြည့်နှစ်
ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရေးပေါ် ကာလဆိုင်ရာ
ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏
အာဏာသုံးရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တပ်မတော်က တာဝန်ယူထိန်းသိမ်းခဲ့ပါကြောင်း၊
မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က အမျိုးသားနိုင်ငံရေးကို
ရှေးရှုကာ နိုင်ငံ့တာဝန်ကို ဦးဆောင်စဉ်ကာလတွင် UN အစည်းအဝေး၌ ကမ္ဘာ့နိုင်ငံအများစုသည်
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြပြီး အာဆီယံ အသိုင်းအဝိုင်းကလည်း
ထိုနည်း တူစွာ မြန်မာနိုင်ငံအား ဖိအားပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အာဆီယံသည်
ဒေသတွင်းနိုင်ငံများအချင်းချင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်
ယဉ်ကျေးမှုကဏ္ဍများ၌ အစဉ်အလာကောင်းများ ချမှတ်ကာ ထိန်းသိမ်းဖော်ဆောင်လျက်ရှိ သည့်အတွက်
တစ်ကမ္ဘာလုံးက လေးစားဂုဏ်ယူရသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ သို့သော် လည်း အာဆီယံအနေဖြင့်
ဒေသတွင်း မဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပွားလာချိန်တွင် ကွဲပြားမှုများရှိသော်လည်း
စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ဘုံတန်ဖိုးထားမှုအပေါ် အလေးထားဆောင်ရွက်ခဲ့သည့် အာဆီယံ၏
အစဉ်အလာကောင်းများကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံပေါ် ဖိအားပေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း။
အာဆီယံက ၂၀၂၁
ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေး
(ASEAN Leaders'Meeting) အပြီးတွင် အာဆီယံတူညီဆန္ဒ ငါးချက်ဟုဆိုသည့် အာဆီယံထုတ်ပြန်ချက်
(၅) ရပ်ကို အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် (Chairman's Statement) နောက်ဆက်တွဲအနေဖြင့်
ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါထုတ်ပြန်ချက် ငါးချက်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် (Immediate
Cessation of Violence) မြန်မာ နိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့်
သက်ဆိုင်သူများအားလုံးအနေဖြင့် အတတ် နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှု
(Constructive Dialogue) ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေရရှိရန် သက်ဆိုင်သူ
အားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ASEAN အထူး ကိုယ်စားလှယ်၏ အကူအညီဖြင့် ဆောင်ရွက်ခြင်း
(Special Envoy Facilitation) အာဆီယံအတွင်း ရေးမှူးချုပ်၏ ပံ့ပိုးမှုဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည်
ဆွေးနွေးမှုလုပ်ငန်းစဉ်များ၌ ကြားဝင်ဖျန်ဖြေဆောင်ရွက်ရန်၊ လူသားချင်းစာနာမှုအကူအညီ (Humanitarian
Assistance) အာဆီယံသည်
အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု (ASEAN Coordinating Centre for
Humanitarian Assistance on Disaster Management - AHA Centre)မှ တစ်ဆင့် လူသားချင်းစာနာမှု
အကူအညီများ ပေးအပ်ရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခြင်း
(Envoy Visit) အာဆီယံဥက္ကဋ္ဌ၏
အထူးကိုယ်စား လှယ်နှင့်အဖွဲ့သည် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံသို့
သွားရောက် ရန်ဆိုသည့် အချက်များဖြစ်ပါကြောင်း။
ပထမဆုံး တင်ပြလိုသည်မှာ
ယင်းအချက်ငါးချက်သည် တူညီဆန္ဒငါးချက်ဟု ဥက္ကဋ္ဌ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသော်လည်း
အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကိုမူကြမ်းကြိုတင်ချပြပြီး သဘော တူညီချက်ရယူပြီးမှ ထုတ်ပြန်ခဲ့သည့်
အာဆီယံ၏ထုတ်ပြန်ချက်မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်၏ နောက်ဆက်တွဲအနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ထုတ်ပြန်ချက်အပေါ်တွင် မိမိနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှု၊ အာဆီယံ၏
မူဘောင်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဟု အသိပေး တုံပြန်ခဲ့သည်ကို တွေ့ရပါကြောင်း။
သာမန်အားဖြင့်
ကြည့်မည်ဆိုလျှင် အာဆီယံထုတ်ပြန်ချက် ငါးရပ်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများကို
ဖြေရှင်းပေးရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်ဆိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့်
အကြံပြုခဲ့သည်ဟု ထင်မြင်ယူဆနိုင်သော်လည်း အာဆီယံနိုင်ငံအချင်းချင်း ရိုးသားမှုကို အခြေခံပြီး
ကူညီရိုင်းပင်းလိုစိတ်နှင့် ချဉ်းကပ်လာမှုမျိုးမဟုတ်ဘဲ အာဆီယံ၏ ပဋိညာဉ်စာတမ်းပါအခြေခံမူများနှင့်
၁၉၇၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး (Treaty on Amity and Cooperation in
South East Asia-TAC)ပါ အခြေခံ မူများဖြစ်သည့် “နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ
ပိုင်မှု၊ တန်းတူရည်တူရှိမှု၊ ပိုင်နက်နယ်မြေနှင့် အမျိုးသားရေးလက္ခဏာများကို အပြန်အလှန်
လေးစားရမည်၊ နိုင်ငံတိုင်းသည် ပြင်ပမှစွက်ဖက်မှု၊ အဖျက်အမှောင့်ပြုလုပ်မှုနှင့် အကျပ်ကိုင်ဖိအားပေးမှုများ
ကင်းရှင်းလျက် မိမိနိုင်ငံ၏ ဖြစ်တည်မှုကို ဦးဆောင်နိုင်ခွင့်ရှိရမည်၊ နိုင်ငံတစ်နိုင်ငံ၏
ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဆိုသည့် အချက်များနှင့် ကိုက်ညီမှုမရှိဘဲ
အာဆီယံ၏ အခြေခံမူများနှင့် သွေဖည်နေသည်ကို တွေ့ရပါကြောင်း။
သုံးသပ်တင်ပြရလျှင်
ယခုအချိန်အခါသည် မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ
ရွေးကောက် ပွဲကျင်းပပြီး ဖွဲ့စည်းထားသည့် ရွေးကောက်ခံ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ပြီး
အာဆီယံထုတ်ပြန်ချက်ငါးရပ်သည် နိုင်ငံတော်၏ လက်ရှိ ပကတိအခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင်
ကိုက်ညီမှုမရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အာဆီယံသည် အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို
အကောင်အထည်ဖော်ရာတွင် အနောက်နိုင်ငံအချို့ ၏ ဖိအားပေးလမ်းညွှန်မှုများ အတိုင်း ဆောင်ရွက်နေရခြင်းဖြစ်ပြီး
အာဆီယံ၏ အချက်အချာ ကျမှု (ASEAN Centrality) အားနည်းသွားကာ အာဆီယံပဋိညာဉ်စာတမ်းကို
လိုသလို ပုံဖော်အသုံးချနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အာဆီယံထုတ်ပြန်ချက်ငါးရပ်အပေါ်
ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း။
ဒေသတွင်း ငြိမ်းချမ်းရေး၊
လုံခြုံရေး၊ သာယာဝပြောစေရေး တို့ကို တိုးတက်စေရေး သန္နိဋ္ဌာန် ချမှတ်ပြီး အာဆီယံပဋိညာဉ်စာတမ်းပါ
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့်
အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာကြရန်၊ စုပေါင်း တာဝန်ယူကြရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏
ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြဋ္ဌာန်းထားသော်လည်း အာဆီယံနိုင်ငံအချို့က
မြန်မာအစိုးရကို အသိအမှတ်မပြုလိုသည်ကို တွေ့ရှိရပါကြောင်း။
ထို့ပြင် အာဆီယံအစည်းအဝေးများတွင်လည်း
တာဝန်ရှိသည့် အစိုးရအဖွဲ့အကြီးအကဲများကို ဖိတ်ကြားခြင်းမရှိဘဲ တက်ရောက်ခွင့်ပိတ်ပင်ထားခြင်းသည်
အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတစ်ခုဖြစ်သည့် အခန်း(၁)၊ အပိုဒ်(၂)ပါ အပိုဒ်ခွဲ (၂-စ)
“ပြင်ပမှ ဝင်ရောက်စွက်ဖက် မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့်
အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင် နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း” ဆိုသည့်အချက်နှင့် အာဆီယံပဋိညာဉ်စာတမ်း
အခန်း (၃)၊ အပိုဒ်(၅)ပါ အခွင့်အရေးနှင့် တာဝန်များနှင့်ပတ်သက်၍ “အဖွဲ့ဝင်နိုင်ငံများသည်
ဤပဋိညာဉ် စာတမ်းအရ တူညီသည့်အခွင့် အရေးနှင့် တာဝန်များရှိရပါမည်” ဆိုသည့်အချက်များကို ချိုးဖောက် ပြီး မြန်မာနိုင်ငံအပေါ်
ဖိအားပေးခြင်း၊ တန်းတူရည်တူအခွင့်အရေးမပေးခြင်းစသည့် ပဋိညာဉ် စာတမ်းနှင့် မကိုက်ညီသည့်
လုပ်ဆောင်နေမှုများကို တွေ့ရှိရပါ ကြောင်း။
ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကာလကလည်း
အာဆီယံထုတ်ပြန်ချက် ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က
ဖိအားပေးတောင်းဆိုမှုများ ရှိခဲ့ပါကြောင်း၊ ထိုအချိန်ကာလ၌ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်
မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ပူးပေါင်း
ဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို သက်ဆိုင်ရာနိုင်ငံ၏ သဘောဆန္ဒ
မပါဝင်ဘဲ ဆုံးဖြတ်ခွင့်၊ စွက်ဖက်ခွင့် အာဆီယံ၌မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ကိုလည်း
တွေ့မြင်ရပါကြောင်း။
အာဆီယံက တစ်ဖက်သတ်ထုတ်ပြန်ထားသည့်
အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို အကောင် အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊
အချုပ်အခြာအာဏာနှင့် လက်တွေ့ မြေပြင်၏ ပကတိအခြေအနေများကို အလေးထားစဉ်းစားဆောင်ရွက်ရန်နှင့်
အာဆီယံနှင့် ဆက်ဆံရာတွင်လည်း မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး
ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊
ထို့ပြင် လူသားချင်းစာနာမှုအကူအညီများ၊ ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်မှုများနှင့်
အပြန်အလှန်ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးနှင့်
ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ အချုပ်အခြာအာဏာပိုင်
နိုင်ငံ တစ်နိုင်ငံ၏ အခွင့်အရေးဖြစ်သည့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ ပိုမိုလက်တွေ့ကျပြီး
မျှတသည့် နည်းလမ်းများဖြင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်းအဆိုကို
တင်သွင်းသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍
ပင်လောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းရီရီဝင်းက အာဆီယံပဋိညာဉ် စာတမ်းတွင်ပါရှိသည့် ရည်ရွယ်ချက်
၁၅ ချက်နှင့် အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် အခြေခံမူ ၁၄ ချက်တို့ကို လေ့လာကြည့်မည်ဆိုလျှင်
နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊
နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာကြရမည်ဖြစ်ပြီး
ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးတို့အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး
စုပေါင်းတာဝန်ယူကြရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ဆိုသည့်အခြေခံမူကို
တွေ့ရမည်ဖြစ်ပါကြောင်း။
အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို
ပြန်လည်သုံးသပ်ကြည့်ပါက အာဆီယံနိုင်ငံအချင်းချင်း ရိုးသား မှုကိုအခြေခံပြီး ကူညီရိုင်းပင်ချင်သောစိတ်၊
ပူးပေါင်းဆောင်ရွက်လိုသောစိတ်နှင့် ဆောင်ရွက်ရန် ချဉ်းကပ်လာသည့် ပုံစံမျိုးမဟုတ်ဘဲ
မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာပြီး မိမိနိုင်ငံ၏ ပြည်တွင်းရေးကိုပါ ဝင်ရောက်စွက်ဖက်သည့်
ထုတ်ပြန်ချက်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါ ကြောင်း။
လက်ရှိအခြေအနေတွင်
မိမိတို့နိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းဖြင့်
ဖွဲ့စည်းထားသည့် အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီ ဖြစ်သည့်အတွက် အာဆီယံထုတ်ပြန်ချက်ငါးရပ်အပေါ်
ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက် ငါးရပ်ကို အကောင်အထည်ဖော်မည်ဆိုပါက
မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုး စီးပွားနှင့် လက်တွေ့မြေပြင်အခြေအနေများကိုပါ
အလေးထားထည့်သွင်းစဉ်းစားရန် အလွန် အရေးကြီးလှသည့်အပြင် နိုင်ငံတော်၏ ပကတိအခြေအနေဖြင့်
ကိုက်ညီမှုမရှိသည်ကိုလည်း တွေ့ရ ပါကြောင်း၊ ထို့ကြောင့် အာဆီယံနှင့်ဆက်ဆံရာတွင် မိမိနိုင်ငံ၏
အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်နိုင်ရန်
အရေးကြီးပါကြောင်း၊ ထို့ပြင် လူသားချင်းစာနာမှု အကူအညီများ၊ ယုံကြည်မှုတည်ဆောက်ရေး
ဆောင်ရွက်မှုများနှင့် အပြန်အလှန် ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင် ရွက်ခြင်းဖြင့်
ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက် အကူပြုလာနိုင်မည်ဟု ယုံကြည်မိပါကြောင်းဖြင့်
အဆိုအား ထောက်ခံဆွေးနွေးသည်။
ထို့နောက် အဆိုနှင့်စပ်လျဉ်း၍
ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲများသည့်အတွက် အဆိုအား
လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက
ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း
ကြေညာသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကို ဇူလိုင်
၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment