Saturday, June 27, 2026

အာဆီယံပဋိညာဉ်မှာက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရဘူး၊ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူတွေရှိတယ်။ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ဆောင်ရွက်ချက်တွေဟာ ဒီမူတွေကို ကျော်လွန်နေတယ်၊ ပဋိညာဉ်ကို ချိုးဖောက်နေသလို ဖြစ်နေတယ်။ လက်ခံလို့မသင့်ဘူး။ - ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်

 


ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကလောမဲဆန္ဒနယ်မှ ဒေါက်တာ နန္ဒာလှမြင့်က “အာဆီယံထုတ်ပြန်ချက်ငါးရပ် (ASEAN Five-Point Statement) သည် အာဆီယံ အဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏ အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ပြီး ယင်းအဆိုနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များ အပေါ် အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့သည်-

“ဒီကနေ့အချိန်အခါမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ် တွေကနေတစ်ဆင့် ရွေးချယ်ပေးလိုက်တဲ့ ရွေးကောက်ခံပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်ပါ တယ်။ ပေါ်ထွက်လာပြီဖြစ်တဲ့ ပြည်သူ့အစိုးရကို လက်ရှိအာဆီယံရဲ့အစည်းအဝေးတွေမှာ နိုင်ငံ အကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖိတ်ကြားခြင်းမပြု တာမျိုးတွေ တွေ့ရပါတယ်။

“ဒါကြောင့် အာဆီယံကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေဟာ လက်ရှိအခင်းအကျင်းနဲ့ ကိုက်ညီမှု မရှိတော့သလို အာဆီယံပဋိညာဉ်ပါ အဓိကအခြေခံမူတွေနဲ့လည်း မညီညွတ်တာကို တွေ့ရပါတယ်။ အဓိကအချက်ကတော့ အာဆီယံပဋိညာဉ်မှာက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရဘူး။ တန်းတူရည်တူရှိရမယ်။ ဒီလိုသဘောတူညီချက်တွေရှိပါတယ်။ နိုင်ငံအားလုံး သဘောတူပြီးမှ တန်းတူရည်တူဆက်ဆံရမယ်။ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူတွေရှိတယ်။ ဒီကနေ့ အာဆီယံရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ဆောင်ရွက်ချက်တွေဟာ ဒီမူတွေကို ကျော်လွန်နေတယ်၊ ပဋိညာဉ်ကို ချိုးဖောက်နေသလို ဖြစ်နေတယ်။ လက်ခံလို့ မသင့်ဘူး။

“အာဏာပိုင်နိုင်ငံအနေနဲ့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာအရ လက်ခံဖို့မသင့်ဘူး။ ဒါကြောင့် ဒါကိုပြန်လည်သုံးသပ်စဉ်းစားဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းတဲ့အဆိုကို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တင်သွင်းတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အဖွဲ့အစည်းတွေရှိပါတယ်။ နိုင်ငံတကာ ပါလီမန်အဖွဲ့အစည်းတွေ ရှိတယ်။ နိုင်ငံတွေ ပေါင်းစပ်ထားတဲ့ အာဆီယံမှာလည်း ပါလီမန်အဖွဲ့အစည်းတွေရှိတယ်။ နိုင်ငံတကာ မှာလည်းရှိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်ဖို့ဆိုတာလည်း ကျွန်တော်တို့ ပြည်တွင်း မှာလည်း Myanmar Parliamentary Union လိုမျိုးက လိုအပ်တယ်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ ပြည်ထောင်စုအဆင့်လွှတ်တော်ကြီးတွေရဲ့ အဖွဲ့တွေ၊ အစုအဖွဲ့တွေ မှာ နိုင်ငံတကာနဲ့ ဆက်ဆံဖို့၊ နောက်တစ်ခါ မူဝါဒပိုင်းဆိုင်ရာတွေ ချိန်ညှိဖို့၊ ဒါတွေက အကျိုးအများကြီး ရှိပါတယ်။ ဒါက တိုင်းပြည်အတွက်ရော လွှတ်တော်တွေအတွက်ရော၊ နောက်ပြီးလွှတ်တော်ရဲ့ အရည်အသွေးမြှင့်တင်ရေးပိုင်းဆိုင်ရာတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်တဲ့နေရာတွေမှာ အများကြီး ထိရောက်ပါတယ်၊ အများကြီး အကျိုးရှိပါတယ်။

“ဒါက ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်တာဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက် အနေနဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရော ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ဆောင်ရွက်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နဲ့အညီ ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာပြီ။ ကျွန်တော်တို့က အာဆီယံနိုင်ငံအတွင်းမှာရော၊ နိုင်ငံ တကာအတွင်းမှာရော တန်းတူရည်တူဆက်ဆံမှုနဲ့ မိမိရဲ့အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ် သိက္ခာအတိုင်း ရပ်တည်သွားဖို့လိုတယ်။ ဒါကို မသိကျိုးကျွံပြုပြီးတော့မှ ခေါင်းစဉ်မျိုးစုံပြပြီး ကျွန်တော်တို့နိုင်ငံကို ဆက်ဆံတဲ့ပုံစံမမှန်တာတွေကိုတော့ ကျွန်တော်တို့က လက်ခံလို့မရဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာအတွက် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်”။

တွေ့ဆုံမေးမြန်း - သတင်းအဖွဲ့

No comments:

Post a Comment