နေပြည်တော် ဇွန် ၂၇
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေ အတွင်းရှိ တရားမဝင် ခုနစ်ထပ် လူနေအဆောက်အအုံတစ်လုံးကို ထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌
အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ
၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍
ဖျက်ဆီးမည့် အဆောက်အအုံ အလုံး ၂၀ ဟူ၍ အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး
စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့်
အဆောက်အအုံ အလုံး ၂၀ အနက် ခုနစ်ထပ် လူနေအဆောက်အအုံတစ်လုံးကို စနစ်တကျ ထပ်မံဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း
သိရှိရသည်။
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့်
ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံ
စုစုပေါင်း ၆၅ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန် ကျန်ရှိသည့်
တရားမဝင် အဆောက်အအုံ ၁၂ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment