Monday, June 1, 2026

၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား


နေပြည်တော် ဇွန် ၁

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်း ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ နေရာချထားခြင်း၊ ကျောင်းကြို/ပို့ ယာဉ်များစီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးထားပြီးဖြစ်သည်။

ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။

၎င်းအပြင် အမှတ် (၁) တပ်မတော်လူငယ် ပညာရေးသင်တန်းကျောင်း၊ ရန်ကုန် (ရဲမွန်) နှင့် အမှတ် (၂) လူငယ်ပညာရေးသင်တန်းကျောင်း၊ နေပြည်တော်တို့တွင် အခြေခံပညာအထက်တန်းအဆင့် Grade-10 ၊ Grade-11 နှင့် Grade-12 အတန်းများ ကိုလည်း စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စိတ်ပါဝင်စားစွာဖြင့် လာရောက်လျောက်ထား ကျောင်းအပ်နှံသူများ များစွာရှိကြောင်းသိရှိရသည်။

No comments:

Post a Comment