Sunday, June 7, 2026

သတိပြုမှ ဘေးကင်းမည့် မိုးသက်လေပြင်းနှင့် မုန်တိုင်းအန္တရာယ်


ချစ်သက်လယ် (ပြန်/ဆက်)

မြန်မာနိုင်ငံတွင် နွေအကူး၊ မိုးအကြိုကာလ (ဧပြီလမှ ဇွန်လဆန်း) နှင့် မိုးနှောင်းကာလ (အောက်တိုဘာလမှ နိုဝင်ဘာလ) များသည် ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းများအဖြစ်များသည့် ရာသီများဖြစ်ကြသည်။ မုန်တိုင်းနှင့်အတူ ပါလာတတ်သည့် မိုးသက်လေပြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းနှင့် လျှပ်တစ်ပြက်ရေကြီးခြင်းတို့သည် အချိန်တိုအတွင်း ပျက်စီးဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်စေနိုင်သည်။

သဘာဝဘေးအန္တရာယ်ကို တားဆီး၍မရသော်လည်း “မှန်ကန်သော ဗဟုသုတနှင့် ကြိုတင်ပြင်ဆင်မှု” ရှိပါက ဆုံးရှုံးနိုင်ခြေကို အနည်းဆုံးအထိ လျှော့ချနိုင်မည်ဖြစ်သည်။

လေပြင်းမတိုက်ခတ်မီ (ကြိုတင်ပြင်ဆင်ခြင်းအဆင့်)

ဘေးမသီရန်မခမီ ကြိုတင်စီမံခြင်းက မိသားစုကိုကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

(က) အိမ်တည်ဆောက်ပုံ ခိုင်ခံ့အောင် အဆင့်မြှင့်ပါ။ မိမိတို့ နေအိမ်၏ အမိုးအကာများ၊ တိုင်များနှင့် မင်းတုပ်များကို စစ်ဆေးပါ။ အမိုးသွပ်ပြားများ လွင့်မထွက်စေရန် သံရိုက်ခြင်း သို့မဟုတ် သဲအိတ်များဖြင့် ဖိထားခြင်း၊ ခေါင်မိုးကို ကြိုးဖြင့် ကျောက်ချချည်နှောင်ခြင်းများ ပြုလုပ်ပါ။

(ခ) ပတ်ဝန်းကျင်အန္တရာယ်များ ဖယ်ရှားပါ။ အိမ်ပေါ်သို့ ပိကျနိုင်သော သစ်ကိုင်းခြောက်များ၊ ဆွေးမြည့်နေသော သစ်ပင်များကို ကြိုတင်ခုတ်ထွင်ပါ။ လေပြင်းတိုက်ပါက လွင့်စဉ်ပြီး အန္တရာယ်ပြုနိုင်သည့် အိမ်ပတ်ပတ်လည်မှ ပစ္စည်းများကို သိမ်းဆည်းပါ။

(ဂ) “အရေးပေါ်အိတ်” (Go-Bag) ပြင်ဆင်ပါ။ ရေစိုခံအိတ်တစ်ခုအတွင်း အနည်းဆုံး သုံးရက်စာ ရိက္ခာခြောက်နှင့် သောက်ရေသန့်၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်နှင့် Power Bank၊ ရှေးဦးသူနာပြုဆေးအိတ်နှင့် မိမိတို့သောက်နေကျ အရေးကြီးဆေးဝါးများ၊ ရေဒီယို (မုန်တိုင်း တိုက်ချိန်တွင် ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်ပါက မိုးလေဝသသတင်းနားထောင်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်)၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ဘဏ်စာအုပ်စသည့် အရေးကြီးစာရွက်စာတမ်းများကို ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုး၍ ထည့်ထားပါ။

(ဃ) မိသားစုအရေးပေါ်စီမံချက် ဆွဲထားပါ။ ဆက်သွယ်ရေး ပြတ်တောက်သွားပါက အချင်းချင်း မည်သည့်နေရာတွင် ပြန်ဆုံကြမည်ဆိုသည့် အရေးပေါ်ဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။

လေပြင်းတိုက်ခတ်နေစဉ် (ဘေးကင်းစွာ ခိုလှုံခြင်းအဆင့်)

မုန်တိုင်းစတင်ကျရောက်ချိန်တွင် အထိတ်တလန့်မဖြစ်ဘဲ မှန်ကန်စွာ တုံ့ပြန်ရန်လိုအပ်သည်။

(၁) အိမ်တွင်း သို့မဟုတ် အဆောက်အအုံအတွင်း ရောက်ရှိနေပါက-

(က) အပြင်သို့ လုံးဝမထွက်ပါနဲ့။ ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ ဆက်နေပါ။ ယာယီတဲများ၊ သွပ်မိုး အမိုးအကာများအောက်တွင် မခိုလှုံပါနှင့်။

(ခ) တံခါးများ ပိတ်ဆို့ပါ။ လေဖိအားကြောင့် အမိုးလွင့်မထွက်စေရန် လေဝင်ပေါက်၊ ပြတင်းပေါက်နှင့် တံခါးအားလုံးကို သေချာစွာပိတ်ပြီး မင်းတုပ်ထိုးပါ။

(ဂ) မှန်များနှင့် ဝေးဝေးနေပါ။ လေပြင်းဒဏ်ကြောင့် မှန်ပြတင်းပေါက်များ ကွဲအက်ကာ စဉ်ထွက်တတ်သဖြင့် အိမ်၏ဗဟိုချက် (သို့မဟုတ်) မှန်မရှိသောအခန်း (ဥပမာ - ရေချိုးခန်း၊ လျှောက်လမ်း)တွင် ခိုလှုံပါ။

(ဃ) လျှပ်စစ်အန္တရာယ် သတိပြုပါ။ မိုးကြိုးပစ်ခြင်းနှင့် ဝိုင်ယာရှော့ခ်ဖြစ်ခြင်းတို့မှ ကာကွယ်ရန် တီဗွီ၊ ရေခဲသေတ္တာနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ ပလပ်များကို ဖြုတ်ထားပါ။ လေပြင်းတိုက်နေစဉ် ဖုန်းအားသွင်းခြင်းနှင့် လိုင်းဖုန်းအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

(၂) အပြင်ဘက်လွင်ပြင်တွင် ရောက်ရှိနေပါက-

(က) အန္တရာယ်ရှိသော နေရာများကို ရှောင်ပါ။ လဲကျနိုင်သော ဓာတ်တိုင်များ၊ အမြင့် Target ဆိုင်းဘုတ်များ၊ သစ်ပင်ကြီးများနှင့် ရထားသံလမ်းအနီးတွင် မနေပါနှင့်။

(ခ) မြေနိမ့်ပိုင်းတွင် ခိုလှုံပါ။ ခိုလှုံစရာ အဆောက်အအုံမရှိပါက ရေကြီးရေလျှံမှုမရှိနိုင်သော မြေနိမ့်ပိုင်းစိမ့်မြောင်း သို့မဟုတ် ကျင်းတစ်ခုခုအတွင်း ဝပ်နေပြီး ဦးခေါင်းကို လက်ဖြင့်အုပ်ထားပါ။

(ဂ) ယာဉ်မောင်းနှင်မှုကို ရပ်တန့်ပါ။ ကားမောင်းနေပါက ဘေးကင်းသောနေရာတွင် ရပ်တန့်ပြီး အင်ဂျင်ပိတ်ကာ ကားထဲ၌သာနေပါ။ သစ်ပင်နှင့် ဓာတ်တိုင်အောက်တွင် ကားမရပ်မိပါစေနှင့်။

လေပြင်းတိုက်ခတ်ပြီးနောက် (ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ် ရေးအဆင့်)

မုန်တိုင်းအန္တရာယ် ငြိမ်သက်သွားသော်လည်း နောက်ဆက်တွဲ အန္တရာယ်များရှိနေသေးသည်ကို သတိပြုရပါမည်။

(က) ပြတ်ကျနေသော မီးကြိုးများကို လုံးဝမကိုင်ပါနှင့်။ လမ်းဘေးတွင် ပြတ်ကျနေသော ဝိုင်ယာကြိုးများ၌ လျှပ်စစ်ဓာတ်အား ကျန်ရှိနေတတ်သဖြင့် အသက်အန္တရာယ်ရှိပါသည်။ ချက်ချင်းရှောင်ရှားပြီး သက်ဆိုင်ရာသို့ အကြောင်းကြားပါ။

(ခ) အဆောက်အအုံ ပျက်စီးမှုများကို သတိထားပါ။ တစ်ဝက်တစ်ပျက် ပြိုကျနေသော နံရံများ၊ မခိုင်ခံ့တော့သော အမိုးများအနီးသို့ မသွားပါနှင့်။

(ဂ) အားနည်းသူများကို ဦးစားပေးကူညီပါ။ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ဦးစားပေး ရှာဖွေကယ်ဆယ်ပါ။ ဒဏ်ရာရရှိသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးပို့ဆောင်ပါ။

(ဃ) သောက်ရေနှင့် အစားအသောက်သန့်ရှင်းပါစေ။ မုန်တိုင်းအပြီးတွင် ရေအရင်းအမြစ်များ ညစ်ညမ်းတတ်သဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ရေကို ကျိုချက်သောက်သုံးပါ။

အရေးကြီးဆုံး သိပ္ပံနည်းကျ အချက်ပြချက်တစ်ခု - “မုန်တိုင်းမျက်စိ”

မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ရုတ်တရက် လေငြိမ်သွားပြီး မိုးတိတ်သွားတတ်သည်။ ယင်းသည် မုန်တိုင်းပြီးဆုံးသွားခြင်း မဟုတ်ဘဲ မုန်တိုင်း၏ ဗဟိုချက် (Eye) ရောက်ရှိလာခြင်းသာဖြစ်သည်။ ခေတ္တမျှအကြာတွင် နောက်ထပ်တစ်ကျော့ ပြင်းထန်သော လေပြင်းများ ဆန့်ကျင်ဘက်အရပ်မှ ပြန်လည်တိုက်ခတ်လာမည်ဖြစ်ရာ လေငြိမ်သွားသည့်အချိန်၌ အပြင်သို့အလျင်စလိုထွက်ခြင်းမျိုး လုံးဝမပြုလုပ်သင့်ပါ။

သတင်းအချက်အလက်များကို မျက်ခြည်မပြတ် နားထောင်ပြီး အချင်းချင်းမျှဝေသတိပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

“ကြိုတင်ပြင်ဆင်ခြင်းက ကြောက်ရွံ့ခြင်းကို လျှော့ချပေးနိုင်ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါသည်။” 

No comments:

Post a Comment