နေပြည်တော် ဇွန် ၂၀
အမျိုးသမီးရေးရာဝန်ကြီးဌာနမှ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်က ကမ္ဘာတစ်ဝန်းလုံးတွင် ဆောင်ရွက်နေကြသည့် ကျား၊ မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များ၊ အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ဗဟုသုတရရှိစေပြီး နိုင်ငံတော်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို သိရှိနားလည် လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။
အမျိုးသမီးများအနေဖြင့် ခေတ်မီပညာရေးနှင့် ခေတ်မီနည်းပညာများ တတ်မြောက်ရန် လိုအပ်သကဲ့သို့ ပညာရေးအားနည်းသူများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို တိုးမြှင့်သင်ကြားပေးကာ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ Gender Mainstreaming လုပ်ငန်းရပ်များသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်သည့်အတွက် ဆောင်ရွက်နေသည့် မူဝါဒများ၊ မဟာဗျူဟာ များနှင့် လုပ်ငန်းစဉ်များတွင် ကျား၊ မ ရေးရာ အမြင်ထည့်သွင်း ဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြများက မိတ်ဆက်ကြပြီး အခမ်းအနားသို့ သင်တန်းသူ သင်တန်းသား ၁၁၀ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment