နေပြည်တော် ဇွန် ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေးအတွက် မြောက်ပိုင်းခရိုင် မြို့နယ်များတွင် စီမံချက်အစု အဖွဲ့(၂၄) အဖွဲ့ဖြင့် ရှောင်တခင် အသေးစိတ်ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
ယင်းမသမာမှုဖြစ်စဉ်ကြောင့်
လျှပ်စစ်ဓာတ်အား ၃၀၁၄၃၄ ယူနစ် နစ်နာဆုံးရှုံးခဲ့ရသဖြင့် နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေး၊
ဒဏ်ကြေးငွေကျပ် ၁၅၁၀၁၇၂၆၀ ကို ဇွန် ၁၉ ရက် တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့
ပေးဆောင်စေခဲ့ပြီး မီတာအား ချက်ချင်းဖြုတ်သိမ်း၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့်
ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက်
မှော်ဘီမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်
ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီး ပြည်နယ်များတွင်လည်း လျှပ်စစ်ဓာတ်အား
ရယူသုံးစွဲနေမှုများကို Control Center မှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ် တွေ့ရှိသည်နှင့်
မြေပြင်သို့ သွားရောက်ပြီး တရားမဝင် ဓာတ်အားသုံးစွဲမှုများကို စုံစမ်းဖော်ထုတ်အရေးယူခြင်း၊
ပြည်သူများ၏ တိကျစွာ သတင်းပေး တိုင်ကြားလာမှုများအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ဖြင့်
လျှပ်စစ်ဓာတ်အားယူနစ် ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများအား ဖော်ထုတ်လာနိုင်သည်နှင့် အမျှ ပြည်သူများသို့
လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား
မသမာသုံးစွဲမှုများနှင့်ပတ်သက်၍ တိကျစွာ သတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:
Post a Comment