မောင်ငြိမ်းအေး
မိုးရာသီရောက်လာပြီ။ စိုက်ပျိုးရေးလုပ်ငန်းခွင်အသီးသီးကို ကိုယ်စီဝင်ရတော့မည်။ စိုက်ပျိုးသူ တောင်သူလယ်သမားများအနေဖြင့် အဓိကလိုအပ်သည်မှာ စိုက်ပျိုးစရိတ် ငွေကြေးအရင်းအနှီး အထောက်အပံ့ဖြစ်သည်။ စိုက်ပျိုးစရိတ်ချေးငွေလေးရမှ မျိုးဝယ်ရမည်၊ ဓာတ်မြေဩဇာဝယ်ရမည်၊ ထွန်စက်ငှားရမည်၊ ထွန်ရေးပြင်ဖို့ အလုပ်သမားငှားရမည်။
တောင်သူလယ်သမားအများစုက
လယ်ရှိသော်လည်း အရင်းအနှီးမတတ်နိုင်သူများသည်။ ဝမ်းစာ လည်း ချန်ရသေးသည်၊ အိမ်ထောင်စုစရိတ်လည်း
ဖယ်ရသေးသည်၊ စိုက်ပျိုးရေးရာသီပြီးလို့ စပါး ပေါ်ချိန်မှာ အမြီးနုတ်၊ ခေါင်းနုတ်နှင့်
နောက်တစ်ရာသီအတွက် အရင်းအနှီးမရှိတော့ပေ။ ယခု နိုင်ငံတော်က စိုက်ပျိုးစရိတ်ချေးငွေ
ထုတ်ချေးပေးနေပြီ။ နိုင်ငံတော်က ထုတ်ချေးမှုသည် ယခင်နှင့်မတူ တစ်မူထူးခြားသည်။ ချေးယူရသည်မှာလည်း
လွယ်ကူ၊ ငွေရရှိသည်မှာလည်း အဆင်ပြေ၊ ယခင်ထက် နှစ်ဆတိုးရကြတော့ တောင်သူလယ်သမားများဘဝ
အဆင်ပြေလေပြီ။
တောင်သူလယ်သမားများအဖို့
ချေးငွေကိုပဲ မျှော်ရသည်။ အစိုးရက စိုက်ပျိုးစရိတ်များ ထုတ်ပေး နေသည်မှာ ကြာပါပြီ။
ယခင်က မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေရဖို့အတွက် မြို့ပေါ်ကိုတက်ပြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ
တန်းစီစောင့်ဆိုင်း ထုတ်ယူရသည်မှာ အလုပ်တစ်ခုဖြစ်သည်။ ရွာနှင့် မြို့ကလည်း အတော်အလှမ်းဝေးလို့
ယခုလိုကာလ ချေးငွေထုတ်ပြီး ရွာအပြန်လမ်းမှာ စိုးတရွံ့ရွံ့နှင့် သတိထားပြန်ကြရသည်။ မသမာသူများ၏
လုယက်မှု ခံရသူရှိဖူးသည်ဟု ကြားဖူးသည်။ မြို့ပေါ်တက် တော့ ဟိုဟာဒီဟာ ဝယ်ချင်၊ ဝယ်မိလျှင်
လယ်ယာ အရင်းအနှီးက ပွန်းပဲ့သွားတတ်သည်။ ယခုတော့ အခွင့်အလမ်းကောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချေးငွေတစ်ဝက်ကို မြို့ပေါ်တက်ထုတ်ပြီး ကျန် ချေးငွေကို ရွာရှိ တောင်သူလက်ဝယ်အရောက်
မဆိုင်းမတွ ရောက်လာတော့မည်။ တောင်သူ လယ်သမားများ အဆင်ပြေတော့မည်။
ချေးငွေလက်ဝယ်ရောက်၍
လယ်ယာလုပ်ငန်းများကို ချက်ချင်းစနိုင်တော့မည်။ အလျဉ်းသင့်သည့် အချိန် မြို့ပေါ်တက်ပြီး
ကျန်ငွေကို ထုတ်ယူရန်သာ ရှိတော့သည်။ စီစဉ်ပေးသည့် အစိုးရမင်းများနှင့် ဆောင်ရွက်ပေးသည့်
သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေးဇူးတင်မိသည်။ ကျွန်တော်တို့ရွာမှာ ပညာအခြေခံရှိပြီး
ဗဟုသုတရှိသည့် မောင်ငြိမ်းမောင်က “အဲဒါ တောင်သူလယ်သမားတွေအတွက် အစိုးရ သစ်က အထူးအစီအစဉ်ကို
ချက်ချင်းဖော်ဆောင် လိုက်တာမို့ ဝမ်းသာစရာပဲ ဘကြီးဖေ” ဟု ပြောပြသည်။ “ဘကြီးအသေးစိတ်သိချင်ရင်
ဒီသတင်းစာကို ဖတ်ကြည့်ပါ” ဟု သတင်းစာဖြတ်ပိုင်းလေးတစ်ခု ကို ထုတ်ပြသည်။
မေလ ၉ ရက်နေ့ထုတ်
မြန်မာ့အလင်းသတင်းစာမှာ “တောင်သူလယ်သမား ဦးကြီးများသို့ အသိပေး ကြေညာချက်”ဟု ဖော်ပြထားသည်။
“ပြည်ထောင်စုအစိုးရအဖွဲ့သစ်အနေဖြင့် ဦးစားပေးဆောင်ရွက် ရမည့်ကိစ္စရပ်များတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက
တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည့် အစီအစဉ်နှင့်
လယ်ယာသုံးစက်ကိရိယာ ချေးငွေများထုတ်ချေးမည့်အစီအစဉ်တို့ကို တောင်သူလယ်သမားဦးကြီးများသို့
အသိပေးကြေညာခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီချေးငွေကာလမှစတင်၍ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား
တိုးမြှင့်ထုတ်ချေးမည်ဖြစ်ရာ သီးနှံအမျိုးအစားအလိုက် တိုးမြှင့်ထုတ်ချေးမည့်နှုန်းထား၊
ချေးငွေထုတ်ချေးမည့် အတိုးနှုန်း၊ စတင်ထုတ်ချေးမည့် ကာလ သတ်မှတ်ချက် စသည်တို့ကို အသေးစိတ်ဖော်ပြထားသည်ကို
ဘကြီး ဦးဘဖေက အသေးစိတ် စိတ်ဝင်တစား ဖတ်ရှုလေသည်။
“ဟန်ကျလိုက်တာ
မောင်ငြိမ်းမောင်ရာ၊ ဘကြီးလည်း အခုမှ သိရတော့တယ်။ ငါတို့ စပါးစိုက် တောင်သူတွေအတွက်
ချေးငွေကို နှစ်ဆတိုးတောင် တိုးပေးထားတယ်ကွ”
မောင်ငြိမ်းမောင်က
“ဒါတင်ဘယ်ကမလဲ၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ၊ အခြားသီးနှံ ၁၈ မျိုး၊ ပန်းနှမ်း၊ ဆီမုန်ညင်းနဲ့
ဂုန်လျှော်အတွက် ချေးငွေတွေ တိုးပေးထားပါတယ်။ အခုအစိုးရသစ်လက်ထက်မှာ ယခင်နဲ့ မတူတာတွေကို
သေသေချာချာလေ့လာ ကြည့်အုံး” ဟု ပြောသည်။ စိုက်ပျိုးစရိတ်ချေးငွေများ ကို သီးနှံအမျိုးအစားလိုက်
အချိုးအစားအမျိုးမျိုး တိုးပေးထားပြီး မိုးချေးငွေကို ယခုမေလမှ စက်တင် ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်သည်။
ဆောင်းချေးငွေကို ၂၀၂၆ ခုနှစ် အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး
နောက်မိုးကြိုချေးငွေကို ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှ မတ်လအကုန်အထိ ထုတ်ချေးပေးမည်ဖြစ်သည်။
ဆိုလိုသည်မှာ ဆယ့်နှစ်လရာသီ ကာလပတ်လုံး ထုတ်ချေးပေးထားခြင်းဖြစ်သည်။
စိုက်ပျိုးစရိတ်ချေးငွေအပေါ်
ကောက်ခံသည့် အတိုးနှုန်းမှာလည်း အလွန်သက်သာနေသည်။ တစ်နှစ်ပတ်လုံးမှ အတိုး ငါးရာခိုင်နှုန်းဖြစ်သည်။
ချေးငွေလျှောက်ထားလိုသူများက လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ- ၇) မူရင်းကို
အပေါင်အဖြစ် ပေးအပ်ရမည်ဖြစ်သည်။ ကျွန်တော်က “သိပ်ဟန်ကျတယ် ဘကြီးဖေရေ။ အရင်က လယ်ယာလုပ်ငန်းခွင်ဝင်ဖို့
ထွန်စက်နဲ့ လယ်ယာသုံး စက်ကိရိယာတွေ ငှားရတဲ့စရိတ်က မနည်းဘူး။ ကျွန်တော်ငှားလာသမျှ စရိတ်တွေကို
ပေါင်းလိုက်ရင် ထွန်စက်တစ်စီးဖိုးလောက်ရှိတယ်။ အခု လယ်ယာသုံးစက်ကိရိယာတွေဝယ်ယူဖို့
နိုင်ငံတော်က ချေးငွေအစီအစဉ်တွေ ဖန်တီးပေးလာတော့ စက်ပိုင်ဖြစ်အောင် ကျွန်တော်ကြိုးစားလိုက်ဦးမယ်”
ဟု အားရဝမ်းသာပြောသည်။
ချေးငွေပမာဏမှာ
ကျပ်သိန်း ၁၀၀ မှ ကျပ်သိန်း ၃၀၀၀ အထိတစ်ကဏ္ဍ၊ ကျပ်သိန်း ၃၀၀၁ မှ ကျပ် သိန်း ၅၀၀၀ အထိ
တစ်ကဏ္ဍဖြစ်သည်။ လယ်ယာသုံးစက်ကိရိယာချေးငွေအတွက် အတိုးနှုန်းမှာ တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းဖြစ်ပြီး
နှစ်ချင်းဆပ် တစ်နှစ်၊ နှစ်တို သုံးနှစ်၊ နှစ်ရှည်ငါးနှစ်ဖြစ်သည်။ တောင်သူလယ်သမားများအားလုံး၊
လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များအားလုံး လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ- ၇)မြေ၊
ဘိုးဘပိုင်မြေ၊ ဂရန်မြေနှင့် ယင်းမြေပေါ်တွင်ရှိသည့် အဆောက် အအုံများ၊ စက်ပစ္စည်းများ၊
လုပ်ငန်းသုံးယာဉ်များ၊ အခြားပုံသေရပိုင်ခွင့်များ စသည်ဖြင့် အာမခံများ လုံလောက်ပါက
စက်ကိရိယာတစ်မျိုးထက် ပိုမိုဝယ်ယူနိုင်သည်။ တောင်သူလယ်သမားများနှင့် သမဝါယမအသင်းများအား
ဦးစားပေးထုတ်ချေးမည်ဖြစ်ပြီး မေလမှစတင်၍ စတင်လျှောက်ထား ချေးယူနိုင်သည်ဟု အသိပေးထားသည်။
မြန်မာ့စီးပွားရေး၏
အဓိကကဏ္ဍဖြစ်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏
လူနေမှုဘဝမြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒလမ်းညွှန် ချက်များနှင့်အညီ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB)က စိုက်ပျိုးစရိတ်ချေးငွေများကို
စနစ်သစ် တစ်ရပ်အနေဖြင့် စတင်ထုတ်ချေးပေးနေသည်ကို သိရှိရပြီဖြစ်သည်။
ဘကြီးက “ချေးငွေ
လျှောက်ထားရမယ့် နည်းလမ်းနဲ့ လျှောက်ထားနိုင်တဲ့ ကိစ္စတွေကိုတော့ သိပါပြီ။ ချေးငွေထုတ်ယူပုံနည်းလေးကိုလည်း
ရှင်းပြပေးပါဦး” ဟု မောင်ငြိမ်းမောင်ကို ထပ်မံမေးကြည့်ရာ “အခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း
ထုတ်ချေးပေးမယ့် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေတွေကို တောင်သူတွေဆီ ပေးအပ်ရာမှာ ယခင်နှစ်ကလို
ငွေသားသက်သက်မဟုတ်ဘဲ စနစ် သစ်အနေနဲ့ ငွေသား ၅၀ ရာခိုင်နှုန်းနဲ့ အီလက်ထရောနစ်ငွေကြေး
(E-money) ၅၀ ရာခိုင်နှုန်းခွဲဝေပြီး အချိုးကျထုတ်ချေးပေးသွားမှာ”ဟု ရှင်းပြသည်။ “အီလက်ထရောနစ်ငွေကြေးဆိုတာ
ဘာကိုပြောတာ လဲကွ။ ငါက ရှေးလူကြီးဆိုတော့ နားမလည်လို့ ရှင်းပြပေးပါဦး”
“အီလက်ထရောနစ်ငွေကြေးဆိုတာ
လွယ်လွယ်ကူကူပြောရရင် ဒီဂျစ်တယ်နည်းပညာနဲ့ ဘဏ် တွေနဲ့ ချိတ်ဆက်ပြီး လက်ကိုင်ဖုန်းတွေကတစ်ဆင့်
ငွေထုတ်ယူတဲ့စနစ်ကိုပြောတာ ဘကြီးရ။ အခု လူတွေကြားမှာ Kpay ဆိုတာကို ဘကြီး ကြားဖူးမှာပေါ့။
အဲဒီစနစ်နဲ့ ငွေထုတ်ယူတာကို ပြောတာ ဘကြီး။ ဘကြီးမလုပ်တတ်ရင် ဘဏ်က ဝန်ထမ်းတွေ ရွာကို
လာလုပ်ပေးလိမ့်မယ်”ဟု ရှင်းပြရာ ဘကြီးမှာ အတော်ကျေနပ် သဘောကျသွားပုံရသည်။ ယခုအခါ အဆိုပါလုပ်ငန်းစဉ်များ
အဆင်ပြေ ချောမွေ့စေရန်အတွက် ကမ္ဘောဇဘဏ်နှင့် KBZPay ဝန်ထမ်းများက ကျေးရွာများအထိ ကိုယ်တိုင်
ကွင်းဆင်းပြီး နည်းပညာနှင့် အသားမကျသေးသည့် တောင်သူဦးကြီးများနှင့် ဒေသခံအေးဂျင့်များအား
ဒီဂျစ်တယ်နည်းပညာ အသုံးပြုပုံသင်တန်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေး
နေပြီဖြစ်သည်။
အဆိုပါလုပ်ငန်းစဉ်ကို
ကနဦးစမ်းသပ်ကာလ (Pilot Project) အဖြစ် ခရိုင်နှင့် မြို့နယ် ၁၆ ခုတွင် မြေပြင်ကွင်းဆင်းအကောင်အထည်ဖော်လျက်ရှိပြီး
ယခုစမ်းသပ်ကာလအတွင်း တောင်သူလယ်သမား ၈၀၀၀၀ ကျော်အား လယ်တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့်
အများဆုံးချေးငွေကျပ်သိန်း ၃၀ အထိ ခွဲဝေထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဤသို့ အစိုးရက
ဒီဂျစ်တယ်စနစ်ဖြင့် ချေးငွေထုတ်ချေးရန်စီမံခဲ့ရာတွင် ကျေးလက်ဒေသ၏ အခြေခံစီးပွားရေးဖြစ်သည့်
စိုက်ပျိုးရေးလုပ်ငန်းများနှင့် နည်းပညာပိုင်းဆိုင်ရာ ချိတ်ဆက်ပေးနိုင်ရန် အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်ကြီးများအနက်
ကမ္ဘောဇဘဏ်က ပထမဆုံး ပူးပေါင်းပါဝင်ဆောင် ရွက်ခြင်းဖြစ်သည်။ တောင်သူလယ်သမားများအနေ
ဖြင့် လက်ခံရရှိမည့် E-money ၅၀ ရာခိုင်နှုန်းကို လက်တွေ့အသုံးချနိုင်ရန်အတွက် ကမ္ဘောဇဘဏ်၏
ဝန်ဆောင်မှုကွန်ရက်များမှတစ်ဆင့် ငွေသား ပြန်ထုတ်ယူပြီး တိုက်ရိုက်အသုံးပြုကာ မြေသြဇာနှင့်
စိုက်ပျိုးရေးသွင်းအားစုများပါ အလွယ်တကူဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က
ထုတ်ချေးပေးသောချေးငွေများကို ငွေသား ၅၀ ရာခိုင်နှုန်းနှင့် KBZPay ၅၀ ရာခိုင်နှုန်းဖြင့်
ထုတ်ချေးပေးမည်ဖြစ်ပြီး ကနဦးစမ်းသပ်ကာလအဖြစ် နေပြည်တော်တွင် လယ်ဝေးနှင့် ပုဗ္ဗသီရိမြို့နယ်၊
မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ညောင်ဦးမြို့နယ်များ၊
မွန် ပြည်နယ်တွင် မော်လမြိုင်နှင့် သထုံမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီးတွင် သန်လျင်နှင့်
ထန်းတပင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊
လပွတ္တာမြို့နယ်တို့တွင် ကနဦးစတင်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ ကျန်ရှိသော နိုင်ငံတစ်ဝန်းရှိ
မြို့နယ်များကိုလည်း အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
နိုင်ငံတော်အစိုးရက
ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားဦးကြီးများ၏ လယ်ယာ ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ထုတ်လုပ်နိုင်ပြီး
လူမှုစီးပွားရေးဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့်
စက်မှုလုပ်ငန်းများ (Agro-based Industry) တည်ဆောက်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ပေးသည့်
စိုက်ပျိုးရေးလုပ်ငန်းနှင့် လယ်ယာသုံးစက်ကိရိယာ ချေးငွေရယူလိုသော တောင်သူလယ်သမားများနှင့်
စိုက်ပျိုးရေးလုပ်ငန်း ရှင်များအနေဖြင့် နိုင်ငံတစ်ဝန်းရှိ သက်ဆိုင်ရာ ခရိုင်နှင့်
မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ များသို့ အမြန်ဆုံး ဆက်သွယ်ချေးယူနိုင်ကြစေရန်
အသိပေးအပ်ပါကြောင်း။ ။
No comments:
Post a Comment