Friday, May 29, 2026

လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းသို့ တက်ရောက်

ရန်ကုန် မေ ၂၉

နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းစဉ်များတွင် လူငယ်များတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ လူငယ်စင်တာခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူငယ်ကိုယ်စားလှယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား/ကျောင်းသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ၊ မြန်မာလူငယ်မိဿဟာယအသင်း (M-YF)၊ လူငယ်တွဲလက်များ လူမှုကူညီရေးအသင်းစကားဝိုင်း လူငယ်ကိုယ်စားလှယ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေနဲ့ လူငယ်များဟာ အမြဲတန်ဖိုးတက်နေတဲ့ သက်ရှိသယံဇာတဖြစ်သည်ဟု ခံယူထားကြပါကြောင်း၊ လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းဟာ နိုင်ငံရဲ့အနာဂတ်လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးရလဒ်ကို ဖော်ဆောင်ခြင်းလို့ မြင်မိပါကြောင်း၊ လူငယ်များ နိုင်ငံတော်ကို အကျိုးပြုမယ့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ထွန်းလာစေရေး မိမိနိုင်ငံနှင့် လူ့အဖွဲ့အစည်းကို မြင့်မားအောင်စွမ်းဆောင်လိုသည့် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးကတ်ရေးတို့အတွက် သတ်သတ်မှတ်မှတ် အလေးထားဆောင်ရွက်နိုင်ရန်အတွက် ကျွန်တော်တို့ လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး လူငယ်အကျိုးကို တစ်စိုက်မတ်မတ်လုပ်ဆောင်နိုင်ရန် တာဝန်ပေးအပ်လိုက်ပါကြောင်း၊ လူငယ်တို့၏ အရည်အသွေးမြင့်မားရေးမှာ အဓိကကျသည့် ဝေဖန်ပိုင်းခြားတွေးခေါ်မှု၊ ပြဿနာကို စနစ်ကျနစွာ ဖြေရှင်းနိုင်စွမ်းနှင့် စွမ်းဆောင်မှုအရည်အသွေးမြှင့်တင်ရန် လူငယ်ဖိုရမ်များ၊ လူငယ်စကားဝိုင်းများကို ဖော်ဆောင်ပေးလျက်ရှိရာ ယခုကျင်းပတဲ့ စကားဝိုင်းဟာ လူငယ်ထုအရည်အသွေးမြင့်မားဖို့ လှေကားထစ်တစ်ထစ်အဖြစ် ဖော်ဆောင်နေခြင်းဖြစ်ပါကြောင်း၊ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုများမှာ လူငယ်တွေဦးဆောင်ခဲ့တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ သမိုင်းသက်သေဖြစ်ခဲ့ပါကြောင်း ကျွန်တော်တို့ လူငယ်အဖွဲ့အစည်းအသီးသီးကို လူငယ်လွတ်လပ်ရေးခေါင်းဆောင်တွေက ပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမြတ်ဆုံးအမွေကတော့ စည်းလုံးခြင်း၊ ညီညွတ်ခြင်းထက်သာလွန်တဲ့ အင်အားမရှိပါဆိုတဲ့ သမိုင်းအမွေဖြစ်ပါကြောင်း၊ ယနေ့စကားဝိုင်းရဲ့ ရလဒ်ဟာ လူငယ်တွေရဲ့ တခြားအရည်အသွေးတွေနဲ့အတူ နောက်ဆုံးမျှော်လင့်ချက်ဟာ မိတ်ကောင်းဆွေကောင်းပေါများခြင်းဆိုတဲ့ နိုင်ငံဖွံ့ဖြိုးမှု စုစည်းအားဖြစ်ထွန်းဖို့လည်း ပါဝင်မည်ဖြစ်ပါကြောင်း မြန်မာပြည်တစ်လွှားမှာ ပြန့်နှံ့နေတဲ့ လူငယ်တစ်ဦးချင်းနဲ့ လူငယ်အဖွဲ့အစည်းတွေ တိုးတက်ဖို့၊ သူတို့ရဲ့ အနာဂတ်ပွင့်လင်းဖို့၊ လူငယ်စွမ်းအားနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို မြှင့်တင်ဖို့ ကြိုးပမ်းနေကြတဲ့ လူငယ်တစ်ဦးချင်းမှ လူငယ်အဖွဲ့အစည်းအသီးသီးရဲ့ စုစည်းတိုးပွားအင်အား ဖြစ်လာမှာဖြစ်ပါကြောင်း၊ လူငယ်များရဲ့ အနာဂတ်ပွင့်လန်းစေရေးလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတာမို့ ယခုလိုလူငယ်စိတ်ဓာတ်နှင့် အတွေးအမြင်မြှင့်တင်ရေးစကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို လမ်းညွှန်မှုပေးပြီး သက်ဆိုင်ရာခရိုင်၊ တိုင်းအလိုက် လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ပြီး ဦးဆောင်မှုအခန်းကဏ္ဍအသီးသီးမှာ လူမှန်နေရာမှန်ပါဝင်နိုင်အောင် လမ်းပြပေးပြီး ထူးချွန်သည့်လူငယ်များကို အသိအမှတ်ပြု နေရာပေးဖို့ တိုက်တွန်းလိုပါကြောင်း၊ ရန်ကုန်တိုင်းဆွေးနွေးပွဲကို အတုယူကြ၊ စံပြုကြလို့ ပြောစမတ်ဖြစ်အောင် ဆွေးနွေးကြပါလို့လည်း အကြံပြုလို၍ လူငယ်များ၏ ဘဝမှာ ဗလငါးတန်ပညာ့မာန်ဖြင့် နိုင်ငံရဲ့အနာဂတ်ပဲ့ကိုင်ရှင်များဖြစ်အောင် ကြိုးစားပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ထုဆစ်ပုံဖော်ရာမှာ ရှေ့တန်းက တက်ကြွစွာပါဝင်နိုင်ကြသူများအဖြစ် သမိုင်းစာမျက်နှာ အစောင်စောင်မှာ မော်ကွန်းတင်ခံရသူများဖြစ်ကြသည်အထိ စွမ်းဆောင်နိုင်ပါစေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကားပြောကြား၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှု ရုပ်သံ Video clip ဖြင့် ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က လူငယ်စကားဝိုင်း Moderator/ Speaker နှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်မှ အားကစားသရုပ်ပြသ၍လည်းကောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအလှခတ်သရုပ်ပြသခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ပထမအခမ်းအနား ပြီးမြောက်ခဲ့သည်။ 

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားအစီအစဉ်တွင် လူငယ်အဖွဲ့ခေါင်းဆောင် (၅) ဦးတို့က နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းစတင်ခဲ့ပြီး တက်ရောက်လာကြသည့် လူငယ်မောင်မယ်များက သိရှိလိုသည်များအား မေးမြန်းခြင်း/ ပြန်လည်ဖြေကြားခြင်း/ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း/ လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း QR Scan ဖြင့် စစ်တမ်းကောက်ယူခဲ့ပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇွဲထက်ကို (ပြန်/ဆက်)

No comments:

Post a Comment