ပုသိမ်
မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
တိုင်းဒေသကြီး ဝန်ကြီးချုပ်က “တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
တိုင်းဒေသကြီးအတွင်း၌ရှိသည့် ခရီးစဉ်ဒေသများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်ကချမှတ်ထားသည့်
မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည်
သာယာလှပသောကမ်းခြေ၊ တန်ခိုးကြီးဘုရားစေတီများ၊ သဘာဝအတိုင်းတည်ရှိနေသည့် တောတောင်ရေမြေ၊
ရိုးရာယဉ်ကျေးမှုများစသည့် ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝပြီး ခရီးသွားလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း တစ်နှစ်ထက်တစ်နှစ်
ခရီးသွားလုပ်ငန်းများလည်း ပိုမိုတိုးတက်လာပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ
ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်ရာတွင် တိုးတက်လာသည့် ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေအောင်
တည်းခိုရိပ်သာများနှင့် ဟိုတယ်အဆောက်အဦများ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက်
လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များအနေဖြင့်
တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏အတွေ့အကြုံများအား
အကြံပြုတင်ပြပေးစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း
ကော်မတီအတွင်းရေးမှူးက ကော်မတီဝင်များနှင့် မိတ်ဆက်တင်ပြခဲ့ပြီးနောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ဗဟိုကော်မတီ၊ ခရီးသွားလုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှုအခြေအနေနှင့်
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဟိုတယ်လုပ်ငန်းလိုင်စင်ခွင့်ပြုပေးနိုင်ရေး၊
ဟိုတယ်အဆောက်အဦထပ်တိုးဆောက်လုပ်ခွင့် ပြုပေးနိုင်ရေး၊ ခွင့်ပြုချက်ဖြင့်သက်တမ်းတိုးဆောင်ရွက်ခဲ့သည့်
ဟိုတယ်၊ တည်းခိုရိပ်သာ၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်များအား အတည်ပြုမှတ်တမ်းတင်နိုင်ရေး၊
သက်တမ်းတိုးထပ်မံတင်ပြလာသည့် ဟိုတယ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပုံမှန်သက်တမ်းတိုး
ဆောင်ရွက်ပေးနိုင်ရေးကိစ္စရပ်များနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးသို့
တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က
လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)



No comments:
Post a Comment