ပုသိမ်
မေ ၂၉
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ စိုက်ပျိုးရာသီကို
ရောက်ရှိလာပြီဖြစ်၍ တောင်သူများအနေဖြင့် လယ်ယာမြေများတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများကို
စတင်လုပ်ဆောင်နေကြပြီဖြစ်ပါကြောင်း၊ လယ်ယာမြေများတွင် သဘာဝမြေဩဇာများ ရရှိရေးအတွက်
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များကိုလည်း ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများ တောင်သူများလက်ဝယ်သို့ အချိန်မီရရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊
တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ဧကစာရင်းများ တိကျမှန်ကန်စေရေး
အလေးထားကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ စားသုံးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာနှင့်ပဲပုပ်များကို
ပိုမိုတိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်ပါကြောင်း၊ ပဲပုတ်ဖတ်ကိုလည်း တိရစ္တာန်အစာအဖြစ်ပြုလုပ်နိုင်ရေး
ဆောင်ရွက်သွားရန်လိုပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို
အထောက်အကူပြုစေမည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း ဆောင်ရွက်သွားရန်လိုပါကြောင်း၊ စိုက်ပျိုးသီးနှံများ
ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ စိုက်ဧကစာရင်းများမှန်ကန်ရေး၊ သီးနှံအထွက်နှုန်းများ
မှန်ကန်ရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့်
တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
ထို့နောက် တိုင်းအဆင့် ဌာနဆိုင်ရာများ၊
ခရိုင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ
ဥက္ကဌများက မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊
အဓိကသီးနှံများစိုက်ပျိုးထုတ်လုပ်မှု၊ မျိုးစေ့ဖြန့်ဝေပေးနိုင်မှုနှင့် လွှမ်းခြုံနိုင်မှုအခြေအနေများ၊
စက်သုံးဆီနှင့် သွင်းအားစုများလိုအပ်မှု အခြေအနေများ၊ ဆီထွက်သီးနှံများစိုက်ပျိုးမည့်
အခြေအနေများနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်သွားမည့် အခြေအနေများရှင်းလင်းတင်ပြမှုနှင့်
အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ်
တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)



No comments:
Post a Comment