မြန်မာနိုင်ငံအတွင်း၌ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်ရန်အတွက် ရေမြေသယံဇာတနှင့် အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို နိုင်ငံတစ်ဝန်း ဖြန့်ကြက်လုပ်ကိုင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ အားပေးမြှင့်တင်ကူညီခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။
မြန်မာနိုင်ငံ၏
အဓိကလုပ်ငန်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်သည့်
လူသားအရင်းအမြစ်များ များစွာလိုအပ်နေဆဲဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ဒေသအလိုက် ကျွမ်းကျင်လုပ်သားများပေါ်ထွက်လာရေးအတွက်
အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ အနိမ့်ဆုံး KG+9 ပြီးမြောက်သူများကို
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုလက်မှုအထက်တန်းကျောင်းများတွင် ပညာသင်ကြားခွင့်ပြုလုပ်ပေးခြင်းတို့ကို
ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကျွမ်းကျင်လုပ်သားများ လိုအပ်လျက်ရှိနေသေးသည်မှာ အလုပ်အကိုင်အခွင့်အလမ်းများ၌
လိုအပ်ချက်များရှိနေခြင်း၊ ဆောင်ရွက်နေသည့်လုပ်ငန်းများ၌ လုပ်ခလစာနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု
သုံးသပ်တွေ့ရှိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ကြမည့် လုပ်နိုင်ကိုင်နိုင်ရှိသော အသက်အပိုင်းအခြားရှိသည့်
လူဦးရေအချိုးအစားမှာ လျော့နည်းကျဆင်းလာသည်ကို တွေ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း
အလုပ်သမားရှားပါးမှုပြဿနာများကို ကြုံတွေ့နေကြောင်း သိရသည်။ နယ်မြေဒေသများတွင် အလုပ်အကိုင်ရှားပါးမှုများကြောင့်
အလုပ်အကိုင်ပေါများရာ မြို့ပြဒေသများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသည်ဟု ဆိုကြသည်။
တစ်ဖက်တွင် ကျွမ်းကျင်ရာလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ အခြေအနေအရ
အတည်တကျမရှိသော ကျပန်းအလုပ်များကို လုပ်ကိုင်ကြခြင်း၊ တရားမဝင် သယံဇာတထုတ်ယူခြင်းလုပ်ငန်းများတွင်
လုပ်ကိုင်ကြခြင်း၊ ပြည်ပ နိုင်ငံများသို့သွားရောက်၍ လုပ်သားအမျိုးမျိုးအဖြစ် လုပ်ကိုင်ကြခြင်းတို့ကြောင့်
နယ်မြေဒေသများတွင် လုပ်သားရှားပါးလာခြင်းဖြစ်သည်။
အဓိကအကြောင်းရင်းမှာ
အလုပ်အကိုင်အခွင့်အလမ်းများရှားပါးခြင်းနှင့် ရှိသည့်အလုပ်အကိုင်များမှာလည်း လုပ်အားခနည်းပါးခြင်းတို့ကြောင့်ဖြစ်သည်ဟု
ဆိုနိုင်သည်။ အခြားအကြောင်းရင်းတစ်ခုမှာ ရေမြေသယံဇာတများကို အခြေခံသည့် ဒေသအလိုက်ကုန်ထုတ်လုပ်ငန်းများတွင်
ပြည်တွင်း၌ ငွေကြေးတတ်နိုင်သူများက ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုအားနည်းနေခြင်းဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုအဆင့်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုများကို
ဖိတ်ခေါ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ တိုးတက်စေရေး၊ အလုပ်လုပ်ကိုင်နိုင်ရေးတို့အတွက်
ဖန်တီးဖော်ဆောင်ပေးရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင်
နိုင်ငံတော်အနေဖြင့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးသလို လုပ်ငန်းရှင်များကလည်း နိုင်ငံတော်နှင့်
ပြည်သူ့အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်သည်။
လယ်ယာမြေဥပဒေ၊
မြေလွတ်မြေရိုင်းဥပဒေများ ပြဋ္ဌာန်းထားပြီး သတ်မှတ်ထားသည့်ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်လိုသည်။
တာဝန်ရှိသူများအနေဖြင့် မြေယာအသုံးချမှုနှင့်ပတ်သက်၍ စည်းကမ်းစနစ်တကျဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်လိုသလို
မြေအသုံးချခွင့်ရထားကြသော လုပ်ငန်းရှင်များအနေဖြင့်လည်း ဥပဒေနှင့်အညီ လုပ်ငန်းများဖြစ်ထွန်းအောင်
ဆောင်ရွက်ကြရမည်ဖြစ်သည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံ၏ ရေမြေသဘာဝပိုင်ဆိုင်မှုအခြေခံကောင်းများအရ
လုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခြေခံကောင်းများစွာရှိသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်
ခေတ်မီနည်းကျ ဆောင်ရွက်ကြလျှင် အောင်မြင်ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးလုပ်ငန်းများကို
အကောင်အထည်ဖော်နိုင်သည်။ ဆူလွယ်နပ်လွယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသာမက
ရှေရှည်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်လိုသည်။ မိမိတို့၏စီးပွားရေးလုပ်ငန်းများ
အောင်မြင် လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ဖန်တီးဖော်ဆောင်နိုင်
မည်ဖြစ်သည်။
ပြည်တွင်းမှ ရွှေ့ပြောင်းလုပ်သားအများစုသည်
ရေကြည်ရာမြက်နုရာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်ရာနေရာများသို့ အစဉ်ပြောင်းရွှေ့လုပ်ကိုင်နေကြသည်။
ထိုသို့ပြောင်းရွှေ့လုပ်ကိုင်ကြရာ၌ အဆင်ပြေသူနည်းပါးပြီး အဆင်မပြေမှုများ ဒုက္ခဆင်းရဲအခက်အခဲများကို
ကြုံတွေ့ကြရသည်။ များသောအားဖြင့် ကျေးလက်ဒေသများမှ ဒေသခံပြည်သူများသည် မိမိတို့မူရင်းအလုပ်အကိုင်များကို
စွန့်လွှတ်၍ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသည်မှာ
သိန်း၊ သန်းဂဏန်းအရေအတွက်ရှိနေသည်။ လူသားအရင်းအမြစ်များ ပြည်ပသို့ ယိုစီးထွက်ပြီး များသောအားဖြင့်
၎င်းတို့အတွက်လည်း မထိရောက်၊ တိုင်းပြည်အတွက်လည်း အကျိုးမရှိသည့်အခြေအနေများ ဖြစ်ပေါ်နေသည်ကို
မြင်တွေ့ကြားသိရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကောင်းမွန်ရေးတို့ကို
ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း
ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာရေးတို့အတွက်
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment