Sunday, May 31, 2026

အိမ်နီးချင်း မိတ်ဆွေကောင်း



မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေကြသော အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ လက်ရှိကမ္ဘာပေါ်တွင် လူဦးရေအများဆုံး သော နိုင်ငံကြီးနှစ်နိုင်ငံဖြစ်ကြသည်။ အိန္ဒိယသည် လူဦးရေ ၁ ဒသမ ၄၇ ဘီလီယံ၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၇ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး တရုတ်နိုင်ငံသည် လူဦးရေ ၁ ဒသမ ၄၁ ဘီလီယံ၊ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၁၇ ဒသမ ၀၂ ရာခိုင်နှုန်းရှိရာ နှစ်နိုင်ငံ ပေါင်း လူဦးရေမှာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကျော်ရှိသည်။ ယခုအခါ အဆိုပါနိုင်ငံကြီး နှစ်နိုင်ငံတို့မှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖြစ် ရောက်ရှိ လာကြပြီဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ်တွင်လည်းကောင်း၊လအနည်းငယ်ခြားပြီးနောက် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင်လည်းကောင်း ကိုလိုနီဘဝမှ လွတ်မြောက်ခဲ့ကြပြီး တရုတ်နိုင်ငံသည် ၁၉၄၉ခုနှစ် တွင် တရုတ်ပြည်သစ်ကို တည်ထောင်ခဲ့သည်။ အိန္ဒိယ - တရုတ် - မြန်မာသုံးနိုင်ငံအကြား သမိုင်းမှတ်တိုင်မှာ ၁၉၅၄ ခုနှစ် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ အိန္ဒိယနှင့် မြန်မာခရီးစဉ်အတွင်း စတင်ဖြစ်ပေါ်လာခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ဖြစ်သည်။ အဆိုပါမူကြီး (၅)ရပ်ကို ၁၉၅၄ ခုနှစ်၊ ဇွန် ၂၈ ရက်၊ နယူးဒေလီမြို့တွင် အိန္ဒိယနှင့် တရုတ်တို့သည် လည်းကောင်း၊ ၁၉၅၄ ခုနှစ်၊ ဇွန် ၂၉ ရက်၊ ရန်ကုန်မြို့တွင် မြန်မာနှင့် တရုတ်တို့သည်လည်းကောင်း အတည်ပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။ ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့တွင် ကျင်းပသည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေးတွင် အဆိုပါမူကြီး (၅) ရပ်ကို နိုင်ငံပေါင်း ၂၉ နိုင်ငံက သဘောတူအတည်ပြုခဲ့ကြသည်။

အိန္ဒိယနှင့် မြန်မာတို့မှာ နှစ်နိုင်ငံကြား နယ်နိမိတ်ချင်းထိစပ်မှု ၁၆၀၀ ကီလိုမီတာရှည်လျားသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြရာ သမိုင်းကြောင်းအရ ဆက်စပ်မှုများရှိနေသလို ကူးသန်းရောင်းဝယ် ရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုစသည်တို့ အပြန်အလှန်ကူးလူးဆက်ဆံမှုမှာလည်း နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် စတင်ခဲ့သည့် ခေတ်သစ်သံတမန်ဆက်ဆံရေးမှာ ၇၈ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် အိန္ဒိယသည် မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ၊ မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် ပဲများကို အဓိကတင်သွင်းသည့် နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ ရှိသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်လျက်ရှိပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာတို့အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်၍ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ နိုင်ငံတော်သမ္မတ၏ အိန္ဒိယခရီးစဉ်သည် မကြာသေးမီကမှ စတင်တာဝန်ယူခဲ့သည့် တတိယမြောက် ဒီမိုကရေစီအစိုးရ၏ သက်တမ်းတွင် ပထမဦးဆုံးသော ပြည်ပခရီးစဉ်အဖြစ် သွားရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံနှင့် နှစ်ဖက်ပြည်သူများအကြား အကျိုးစီးပွားဖြစ်ထွန်းစေမည့် ခရီးစဉ်လည်းဖြစ်သည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ပေါင်းကူးနေရာတွင် တည်ရှိနေပြီး အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ညီအစ်မပြည်နယ် ခုနစ်ဖော်၊ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိတ်ပြည်နယ် ယူနန်တို့နှင့် လည်း မျက်နှာချင်းဆိုင်အချက်အချာတွင် တည်ရှိနေသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့က အိန္ဒိယအရှေ့မြောက်ပြည်နယ်များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ အရှေ့တောင်အာရှ ကုန်းမြေနိုင်ငံများ၏ အကျိုးစီးပွားဖြစ်ထွန်းမှုတို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်နေသည်။

အိန္ဒိယ၊ တရုတ်၊ မြန်မာ သုံးနိုင်ငံတို့က စတင်ခဲ့သည့် ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅) ချက်သည်ယခုအခါ နှစ်ပေါင်း ၇၀ ကျော်လာပြီဖြစ်သည့်တိုင် မျက်မှောက်ကမ္ဘာ့နိုင်ငံရေးတွင် ပို၍ပင်အရေးပါလျက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ အရှေ့နှင့် ဆောင်ရွက် မည့် Act East မူဝါဒတွင် မြန်မာနိုင်ငံသည် ပထမဆုံးထိတွေ့ရမည့် အိမ်နီးချင်းမိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အိမ်နီးချင်းတို့၏ အကျိုးစီးပွားကိုလည်း ပိုမိုဆောင်ကြဉ်းနိုင်မည်ဖြစ်သည့်အလျောက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ချက်ကို အားသစ်လောင်းကာ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည့်အကြောင်း။ ။

No comments:

Post a Comment