Friday, May 29, 2026

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ထိ ကာလတို (၅) နှစ် ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်


မုံရွာ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ထိ ကာလတို (၅) နှစ် ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ MSME လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အချိုးညီညီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် စနစ်တကျ စီမံကိန်းများရေးဆွဲကာ တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကိန်းဂဏန်းများမှန်ကန်စေရေး၊ မြေပြင်တွင်အမှန်တကယ်လုပ်ဆောင်နိုင်မည့် စာရင်းဇယားများ မှန်ကန်စေရေးနှင့် ဘဏ္ဍာနှစ်အလိုက် ရရှိသည့်ရန်ပုံငွေများအား ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စနစ်တကျအသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများရေးဆွဲသည့်အခါ အခြေခံကိန်းဂဏန်းအချက်အလက် မှန်ကန်စေရေးသည် အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ရည်မှန်းချက်ပန်းတိုင်ထားကာ မျှော်မှန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ထိ ကာလတို (၅) နှစ် ဒေသန္တရဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းရေးဆွဲရေး လုပ်ငန်းများနှင့် ပတ်သက်၍ မိမိတို့ဌာနများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

 

No comments:

Post a Comment