Saturday, May 30, 2026

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား/ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်



နေပြည်တော် မေ ၃၀

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။






ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့၊ ကျိုင်းတောင်းမြို့၊ လွိုင်လင်မြို့၊ လင်းခေးမြို့၊ မိုင်းနောင်မြို့၊ ကွန်ဟိန်းမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အပါအဝင် မြို့နယ် (၁၀) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ တို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ ကျောင်းသူများ သန့်ရှင်းသပ်ရပ်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ ရေးတို့အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များနှင့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်း၊ ကျောင်းစာသင်ခန်းများအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်းနှင့် ပြုပြင်ပေးခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment