Saturday, May 30, 2026

မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်စေတီတော်ရင်ပြင်တွင် (တတိယအကြိမ်) မဟာသမယအခါတော်နေ့အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်




နေပြည်တော် မေ ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်ဇေရန်အောင်တပ်ဦးကျောင်းတိုက်၊ အောင်ဇေရန်အောင် သပြေတစ်ထောင်ဘုရားဝန်းအတွင်းရှိ အောင်ဇေရန်အောင်စေတီတော်ရင်ပြင်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (တတိယအကြိမ်) မဟာသမယအခါတော်နေ့အခမ်းအနားနှင့် သံဃဒါနဆွမ်းသပိတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက်နာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု၊ ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံတိုင်းရင်း သားများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသထံတွင် ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာသမယအခါတော်နေ့ ကျင်းပရခြင်းနှင့်စပ်လျင်း၍ တာဝန်ရှိသူတစ်ဦးမှ သာသနာရေးရာဆိုင်ရာများအား လျှောက် ထားသည်။ ထို့နောက် ကြွရောက်လာသည့် သံဃာတော်များမှ ဦးဆောင်၍ မဟာသမယ သုတ်ပါဠိတော်များ ရွတ်ဖတ်ပွားများချီးမြှင့်ခဲ့ပြီး သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများမှ အရပ်ဆယ်မျက်နှာ မေတ္တာပွားနည်းဖြင့် မေတ္တာပွား များကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများက ကုသိုလ်ကောင်း မှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းသပိတ်၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment