ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာကိုအဓိက တည်ဆောက်ကြရပါလိမ့်မည်။ မှား / မှန်ပိုင်းခြား ပညာအားစာဖြင့် ပညာယူရပါလိမ့်မည်။ အကောင်း/ အဆိုး၊ အကြောင်းအကျိုး၊ အမှား/ အမှန်ဝေခွဲနိုင်ပြီး အကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန်ဖြစ်သည်။
ကောင်းမှုများပို၍
လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မကောင်းမှု အဖျက်အမှောင့်လုပ်ငန်းများ ရပ်တန့်သွားမည်။
နိုင်ငံသားတိုင်း ပညာတတ်နှလုံးလှကြပြီဆိုလျှင် သဘာဝသယံဇာတများက ပို၍တန်ဖိုးရှိလာမည်။
လူနှင့်တကွ ဂေဟစနစ်ကြီးက ရေရှည်တည်တံ့ဖွံ့ဖြိုးလျက် ထာဝရအကျိုးပြု၊ တန်ဖိုးရှိလာမည်။
ပညာဉာဏ်မရှိ၊ အတတ်ပညာမဲ့ “လူထူ”များက သာမန်အသိ (Common Sense) ကိုပင် မရှိသလိုဖြစ်နေသည်။
ဘေးဒုက္ခများနှင့် မကြုံကြိုက်ရန် ကြိုတင်တွက်ဆနိုင်သော အသိဉာဏ်က အလိုအပ်ဆုံးဖြစ်ပါသည်။
အို မြန်မာတို့
ကိုယ့်သမိုင်းကိုကိုယ်ကြည့်၊
အစစအရာရာ ဖြစ်ပေါ်ပြောင်းလဲမှုကိုကြည့်၊ သင်ခန်းစာယူပြီး မျိုးဆက်သစ်များကို ကောင်းမွေပေးနိုင်ရန်
လုပ်ကြရပေလိမ့်မည်။
သမိုင်းကြောင်း
အထောက်အထားများကို လေ့လာဆန်းစစ်မည်ဆိုလျှင် အထွေထွေနောက်ကျခြင်းများအနက် ပညာရေးကို
တွေ့ရသည်။ မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက် ပညာရေးကိုသာရရှိခဲ့ခြင်း၊ ဒုတိယကမ္ဘာစစ်ဘေးဒဏ်ခံခဲ့ရခြင်း၊
ခေတ်အဆက်ဆက်သမိုင်းကြောင်းတွင် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများအကြား ပညာရေးလမ်းကြောင်း
ဖြောင့်တန်းစွာ လျှောက်လှမ်းရန် အဟန့်အတားများနှင့် ကြုံတွေ့ခဲ့ကြရခြင်း စသည်ဖြင့်
ပညာရေးနှင့် ဝေးခဲ့ရသည်။ နီတိကျမ်းဂန်တို့နှင့် အလှမ်းကွာဝေးခဲ့ရသည်။
အတန်းပညာ၊ အသိပညာအားနည်းပြီး
အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိဘဲ လုပ်ဆောင်ကြခြင်းကြောင့်
နိုင်ငံတည်ငြိမ်မှု ပျက်ပြားခဲ့ရကြောင်း တွေ့ရသည်။ ယခုလည်း တချို့ဒေသများမှာ ဖြစ်ပွားနေသည့်
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျောင်းသားအရွယ်လူငယ်များ၏ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်။
ယနေ့ခေတ်အခါတွင် ကိုယ့်ကျောင်းပရဝဏ်ထဲသို့ စနစ်တကျ ရောက်ရှိလာသည့် ကလေး၊ ကိုယ့်ပရဝဏ်ထဲ၊
ကိုယ့်အရိပ်အာဝါသထဲသို့ ရောက်လာသည့် ကလေး၏ဘက်စုံဖွံ့ဖြိုးရေးကိစ္စက အမျိုးသားရေးတာဝန်ပင်ဖြစ်ပါသည်။
အချက်အလက် ကိန်းဂဏန်းများ
၂၀၂၄ ခုနှစ် လူဦးရေနှင့်
အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ၏ စာတတ်မြောက်သူမှာ ၉၁ ဒသမ ၁ ရာခိုင်နှုန်း
ကျော်ရှိသော်လည်း အခြေခံပညာမူလတန်းအဆင့် တတ်မြောက်အောင်မြင်သူများပြားပြီး အထက်တန်းအဆင့်နှင့်
တက္ကသိုလ်အဆင့်တတ်မြောက်သူ နည်းပါးသည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းတို့နှင့် နှိုင်းယှဉ်လေ့လာကြည့်ပါက ပညာရေးမြှင့်တင်ရန်
လိုအပ်ချက်ကြီးမားသည်ကို တွေ့ရသည်။ ပန်းမန်တို့ကြီးထွားပြီး လှပစွာဖူးပွင့်နိုင်ရန်
ရေ၊ မြေ၊ လေနှင့် နေရောင်ခြည် လိုအပ်သကဲ့သို့ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်
နေရောင်ခြည်နှင့် အလားသဏ္ဌာန်တူသော လူ့စွမ်းအားအရင်းအမြစ်၊ စာတတ်ပေတတ် ပညာတတ်၊ အသိပညာ၊
အတတ်ပညာ မြင့်မားသည့် လူကောင်းလူတော်များ လိုအပ်လျက်ရှိပါသည်။
ပညာရေးကဏ္ဍ
တိုးတက်ရေး
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်
ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ အခြားဝန်ကြီးဌာနများရှိ
ပညာရေးကဏ္ဍများပါဝင်ပါက နိုင်ငံတော်ဘဏ္ဍာ ငွေမှ ၉ ဒသမ ၂၂ ရာခိုင်နှုန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊
လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း
တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော်တွင် ပညာရေးကဏ္ဍတိုးတက်ရေးအတွက်
နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်
သုတေသနစွမ်းရည်မြှင့်တင်သည့် ရှေ့ပြေးတက္ကသိုလ်များကို တည်ဆောက်၍ အဓိကအားဖြင့်
Naypyitaw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင် Research
and Inno-vation များကို ရှေ့ပြေးတက္ကသိုလ်များအဖြစ် သတ်မှတ်ဆောင်ရွက်မည်၊ မိမိတို့အစိုးရအဖွဲ့
တာဝန်ယူဆောင်ရွက်သည့် ငါးနှစ်တာကာလအတွင်း နိုင်ငံတော်ဘဏ္ဍာငွေ၏ ၂၀ ရာခိုင်နှုန်းအထိ
တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု
ဆောင်ရွက်ခြင်းသည် သင်ကြားသင်ယူမှုဖြင့် အသိပညာ အတတ်ပညာကို ထိထိမိမိရရှိရေး၊ သင်ယူမှုကို
မြတ်နိုးသူ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသူသည် နိုင်ငံတစ်နိုင်ငံ၏ သန်းပေါင်းများစွာသော
လူထု၏ အသက်အိုးအိမ်စည်းစိမ်တွေကို ကြီးမားစွာပြောင်းလဲစေလိမ့်မည်။ နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရင်းနှီးမြှုပ်နှံခြင်းဖြစ်ရာ ပညာရေးလောကသားများအနေဖြင့် ဝမ်းသာအားရ ဖြစ်ရပါသည်။
၂၁ ရာစုသည်
ပညာခေတ်
နိုင်ငံတစ်နိုင်ငံ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကဖြစ်သည်။
၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ ပညာသည် အရာရာကို ပိုင်းဖြတ်လျက်ရှိသည်။ အရည်အသွေးမီပညာရေးသည်
ပြည်သူလူထုအတွင်း ရောက်နိုင်သည်နှင့်အမျှ အဝိဇ္ဇာဖုံးလွှမ်းမှုများလျော့ပါးလာမည်။ ပြဿနာများကို
ပြေလည်စွာဖြေရှင်းနိုင်မည်။ လူမှုဘဝသာယာရေး အခွင့်အလမ်းများ ပွင့်လာမည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသော
ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးကြရာဝယ် စဉ်းစားတွေးခေါ်မြော်မြင်နိုင်သည့်
လူထုလူတန်းစား၊ ပြည်သူ့ဝန်ထမ်းများ၊ နိုင်ငံသားများ၏ ပညာရေး၊ နိုင်ငံရေးအသိအမြင်ကြွယ်ဝမှု
အလွန်ပင်လိုအပ်ပါသည်။
အသိပညာ၊ အတတ်ပညာပြည့်စုံသော
လူတော် လူကောင်းများဖြင့်သာ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး သာယာဝပြောအောင်
စွမ်းဆောင်နိုင်မည်ဖြစ်သည်။ ကိစ္စကြီးငယ်ကို ကြည်လင်စွာ ထဲထဲဝင်ဝင်စဉ်းစားနိုင်သော
လူထုက အကောင်းဆုံး၊ အမှန်ကန်ဆုံးသော အဆုံးအဖြတ်ကို ပြုနိုင်သည်။ ပညာလည်းပြည့်ဝ၊ နှလုံးလည်းလှသည့်
လူ့အဖွဲ့အစည်းက နိုင်ငံတော်ဖွံ့ဖြိုး၊ အေးချမ်း၊ သာယာဝပြောအောင် ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။
နိုင်ငံတော်ဘဏ္ဍာငွေ
တိုးမြှင့်ရင်းနှီးမြှုပ်နှံခြင်းက ပညာရေးအားနည်းသော ပြည်နယ်များအတွက် အထူးစီမံချက်များချမှတ်ပြီး
KG+9 အထိ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အခြေခံပညာအလယ်တန်းတွင် စက်မှု၊
စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံဘာသာရပ်များ သင်ကြားရေးနှင့် စက်မှု၊ စိုက်ပျိုး၊
မွေးမြူရေး အထက်တန်းကျောင်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ရန်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်
မွေးမြူရေးသိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သော သိပ္ပံကျောင်းများကို တက္ကသိုလ်၊
ကောလိပ်အဆင့်မြှင့်တင်ခြင်းနှင့် တက္ကသိုလ်များ၊ Polytechnic သိပ္ပံများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး
ဆောင်ရွက်ရန်လည်းဖြစ်သည်။
၁၉၆၅ ခုနှစ်တွင်
အမေရိကန်နိုင်ငံ၌ လူအများစုအတွက် လက်ငင်းအကျိုးပြုမည့် စက်မှုနှင့် စိုက်ပျိုးရေးအားသန်သည့်
တက္ကသိုလ်ကောလိပ်များ အလျင်အမြန်ပေါ်ပေါက်ခဲ့သည်၊၊ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး
အားထုတ်ခဲ့သည်။ ကမ္ဘာအရပ်ရပ်မှ တက္ကသိုလ်များသည် တစ်ထီးတစ်နန်းမဟုတ်၊ ပြည်သူလူထု၏ လိုအပ်ချက်၊
နိုင်ငံ၏လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် အားထားဖွယ်အရင်းအမြစ်များဖြစ်သည်ကို
တွေ့ရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပြည်တွင်း ငြိမ်းချမ်းမှုရှိသဖြင့် လူအား
ငွေအား ပုံအောပြီး ပညာရေးကဏ္ဍအတွက် သုံးနိုင်ခဲ့ကြသည်။
အားလုံးပူးပေါင်းဆောင်ရွက်
“ပြည့်အင်အားသည်
ပြည်တွင်းမှာသာရှိသည်” ဆိုသည့် စကားအတိုင်း တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှသာ
အောင်မြင်မှု ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊
တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူအားလုံး ပူးပေါင်းလက်တွဲဆောင်ရွက်ကြရန်၊ မတူကွဲပြားမှုများကို
အားနည်းချက်ဟုမယူဆဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာမှုများနှင့် စွမ်းအားသစ်များရအောင်
ကြိုးစားတည်ဆောက်သွားကြရန် လိုပါသည်။ ကွဲပြားသည့်အမြင်၊ ယုံကြည်မှုများက နောက်ခံအမျိုးမျိုးရှိသော်လည်း
တစ်မြေတည်းဖွား၊ တိုင်းရင်းသားညီအစ်ကိုများ ဖြစ်သည့်အတွက် နားလည်မှုဖြင့် နိုင်ငံတည်ငြိမ်၊
အေးချမ်း၊ သာယာဝပြောအောင် ကိုယ့်အားကိုယ်ကိုး ပူးပေါင်းဆောင်ရွက်သွားကြရပါမည်။
ဒီမိုကရေစီနှင့်
ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် ငြိမ်းချမ်းရေးရရှိရန် မဖြစ်မနေလိုအပ်သည့်အတွက်
နိုင်ငံအတွင်းမှာရှိသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး
ပူးပေါင်းဖော်ဆောင်ရွက်ကြရပါမည်။
စီးပွားရေး
ဦးမော့လာစေရေး
နိုင်ငံ့စီးပွားရေး
ဦးမော့လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ
တိုးတက်လာစေရေးအတွက်လည်း အကောင်အထည်ဖော်လျက်ရှိပါသည်။ ပြည်သူများ ကြုံတွေ့နေရသည့် စီးပွားရေးကျပ်တည်းမှု၊
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်များကို ပြေလည်အောင်
ပိုမိုဖော်ဆောင်ပြီး နိုင်ငံနှင့်ကိုက်ညီသည့် ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိပါသည်။ အဓိကကျသည့်အချက်မှာ ကုန်ထုတ်လုပ်မှု အားနည်းနေခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုသည် ၃၁ ရာခိုင်နှုန်းရှိကြောင်း
သိရသည်။ ထို့ကြောင့် ကျေးလက်စီးပွားမြှင့်တင်ရေးကို မလွဲမသွေ လုပ်ရပါမည်။
မြန်မာ့လယ်သမားတို့
ရွှေသီးကြမည်
မြန်မာနိုင်ငံ၏
စားရေရိက္ခာထုတ်လုပ်မှု ဖြစ်စဉ်ကိုကြည့်လျှင် အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ သမားရိုးကျ
လုပ်ငန်းအတွေ့အကြုံနှင့် နည်းနာများအပေါ်အခြေခံ၍ လုပ်ကိုင်နေရဆဲဖြစ်သည်။ ပြည်သူများဆင်းရဲနွမ်းပါးမှုလျှော့ချရေး
တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးသည် အဓိကကျသည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
ကျေးလက်နေပြည်သူအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် အဓိကမှီခိုနေရသည်။
ထို့ကြောင့် တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်
စီမံဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာ့တောင်သူလယ်သမားများအား နည်းပညာဆန်းသစ်မှုဖြင့် ပိုမိုတိုးတက်ထုတ်လုပ်နိုင်သော
အဆင့်ရောက်အောင် ကြိုးပမ်းအကောင်အထည်ဖော်ပေးရပါမည်။
ဂျပန်နိုင်ငံသည်ပင်လျှင်
စက်မှုနိုင်ငံကြီးတစ်နိုင်ငံဖြစ်သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် နိုင်ငံစီးပွားအထောက်အကူရအောင်
အားပေးဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်သည်။ လယ်ယာစိုက်ပျိုးရေးက ကုန်ကျစရိတ်မြင့်မားသည့်
လုပ်ငန်းဖြစ်သည်။ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်ကို ဈေးသက်သက်သာသာနှင့် ဝယ်စားနိုင်သော်လည်း
သွင်းကုန်အဖြစ်လက်မခံ။ ကိုယ့်အားကိုယ်ကိုးနိုင်ရမည့် သဘောလည်းပါမည်။ နည်းပညာအခြေခံသည့်
စိုက်ပျိုးရေးကို ပို၍ပို၍ လှမ်းနေသည်ဟု ခန့်မှန်းရသည်။ မျိုးရိုးဗီဇဂျီနှုန်း
(Heredity Genome) ကဲ့သို့သော နည်းပညာ၊ ဇီဝ မြေဩဇာကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်လျှင်
မြန်မာ့လယ်သမားတို့ ရွှေသီးကြမည်ဖြစ်သည်။
ကောင်းပါပြီ။ ဤဆောင်းပါးကို ယခုလို နိဂုံး ချုပ်ချင်ပါသည်-
- ရေရှည်အကျိုးကို
မျှော်ကိုးပြီး တိုင်းရင်းသားအပေါင်းက တညီတညွတ်တည်း စည်းလုံးညီညွတ်ကြရမည်။ ပြည်ထောင်စု၏
အနာဂတ်ခရီးကို မြော်တွေးပြီး အမျိုးသားရေးတာဝန်အဖြစ် ထမ်းဆောင်ကြရမည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြဋ္ဌာန်းထားသည့် ဖက်ဒရယ်ဆိုင်ရာ
ပြဋ္ဌာန်းချက်များကို ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရပါမည်။ မြန်မာနိုင်ငံသည်
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်အခြေချနေပြီ။ ပိုမိုကောင်းမွန်သော အနာဂတ်ဆီ ဦးတည်လျှောက်လှမ်းနေပြီဖြစ်သည့်အတွက်
ပါတီစုံဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်ကြရပါမည်။
- မိမိတို့နိုင်ငံသည်
မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝသည်ဖြစ်၍ ချမ်းသာနိုင်သည်။ ပညာနှင့် အတတ်ပညာ၊ အမြော်အမြင်ကြီးလျှင်
ပို၍ပို၍ ချမ်းသာပါမည်။ မည်သည့်ကိစ္စ ကြီးငယ်မဟူ အတိတ်သမိုင်း သင်ခန်းစာတို့ကိုယူ၍
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြံစည်စိတ်ကူးဆောင်ရွက် ကြစေလိုပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
။
ကျမ်းကိုး -
- ၂၀ ရာစု မြန်မာနိုင်ငံ၊
အမျိုးသားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဇန်နဝါရီလ ၂၀၀၂
ခုနှစ်
- Myanmar:
Facts and Figures; Published by Ministry of Information, Myanmar, March, 2000
- As the
Future Catches You, by Juan Enriquez; Published by Crown Business, New York:
Printed in the United States of America, 2000, 2001
No comments:
Post a Comment