ရန်ကုန် ဧပြီ ၁
အခြေခံပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အာကာသပြတိုက် (ရန်ကုန်) တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်နှင့် ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ မျိုးသန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခု သင်တန်းတစ်ခု ဖြစ်ပေါ်စေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြသည့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပါ ကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ဘဝနှင့် နိုင်ငံအကျိုးအတွက်ပါ အသုံးချနိုင်မည့်အုတ်မြစ်ကောင်းတစ်ခု ဖြစ်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် သင်တန်းမှသင်ကြားပေးလိုက်သည့် အတတ်ပညာများကို စနစ်တကျလေ့လာသင်ယူပြီး နောင်တစ်ချိန်တွင် နိုင်ငံအတွက်အားထားရမည့် နိုင်ငံ့အကျိုးပြုနိုင်သည့် သားကောင်းများ၊ သမီးလှရတနာများ ဖြစ်နိုင်ကြပါစေလိုကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်က အခြေခံ ပညာအဆင့် အာကာသနည်းပညာအခြေခံ နွေရာသီသင်တန်းတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဆုရရှိ ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများနှင့် ကူညီဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ သင်တန်းတွင် သိပ္ပံနှင့် လူမှုစီးပွားရေးကဏ္ဍများတွင် ဂြိုဟ်တုများကို အသုံးပြုခြင်း၊ အာကာသ ဒုံးပျံများနှင့် ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်းစဉ်၊ ဂြိုဟ်တုနှင့် မြေပြင်အခြေစိုက်စခန်းအကြား ဆက်သွယ် မှုစနစ်၊ ဂြိုဟ်တု တည်ဆောက်မှုတွင် ပါဝင်သော စက်ပစ္စည်းများ၊ အာကာသ ရုပ်ဝတ္ထုများ၏ ရွေ့လျားမှု သဘောတရားနှင့် ဂြိုဟ်တုအခြေပြုကမ္ဘာမြေစောင့်ကြည့် လေ့လာရေးစနစ် သာသာရပ်များဖြင့် နည်းပြ များက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀၇)ဦးကို သင်တန်းကာလ လေးပတ် ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
No comments:
Post a Comment