ဟားခါး ဧပြီ ၁
၂၀၂၆ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဖြေဆိုမှုနှင့်ပတ်သက်၍ သုံးသပ်အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပညာရေးသည် မည်သည့်နိုင်ငံတွင် မဆို အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသဖြင့် အလေးအနက်ထား ဆောင်ရွက်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဆိုရာတွင်လည်း အင်မတန်ကျယ်ပြန့်ပါကြောင်း ၊ ယနေ့အစည်းအဝေး တွင် အခြေခံပညာရေး၊ အဆင့်မြင့်ပညာနှင့် ကျောင်းပြင်ပပညာရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြ စေလိုကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးမှ ထွက်လာသည့်အကြောင်းအရာများကို နောက်အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဟားခါးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဟားခါး မြို့နယ်ပညာရေးမှူး၊ စာစစ်ဌာနမှ ကျောင်းအုပ်ကြီးများနှင့် ကြီးကြပ်ရေးမှူးများက ၂၀၂၆ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပဖြေဆိုမှုနှင့် စာမေးပွဲအပေါ် သုံးသပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးသုံးသပ်တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးတို့က အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment