Friday, April 3, 2026

လယ်ယာမြေကောင်းစေပြီး သီးနှံအထွက်တိုးစေဖို့ သဘာဝမြေဩဇာသုံးစွဲကြပါစို့


ဦးဦးစိုက်ပျိုးရေး

လယ်ယာစိုက်ပျိုးရေးတွင် သီးနှံများ အထွက်တိုးတက်စေရေးအတွက် မြေဆီလွှာသည် အလွန်အရေးကြီးသည်။ မြေဆီလွှာ အာဟာရဓာတ်ပြည့်ဝမှသာ သီးနှံများ အထွက်တိုးမည်မှာ တောင်သူဦးကြီးများ သိရှိပြီးဖြစ်သည်။ သီးနှံများအထွက်တိုးစေရေးအတွက် မြေဆီလွှာပြုပြင်ရေးနည်းလမ်း ဆောင်ရွက်ကြရာတွင် မြေဩဇာများကို သုံးစွဲခြင်းသည်လည်း တစ်နည်းအပါအဝင်ဖြစ်သည်။

သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုကြသော မြေဩဇာများကို စနစ်တကျခွဲခြားကြည့်လျှင် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာဟူ၍ သုံးမျိုးတွေ့ရှိနိုင်သည်။ ဓာတ်မြေဩဇာများကို သုံးစွဲခြင်းသည် အပင်ကြီးထွားမှု၊ သီးပွင့်မှု စသည့် အပင်ဇီဝကမ္မဖြစ်စဉ်များကို ချက်ချင်းအကျိုးဖြစ်ထွန်းစေသော်လည်း ရေရှည်သုံးစွဲပါက မြေဆီလွှာပျက်စီးမှုကို ဖြစ်ပေါ်စေပါသည်။ ဇီဝမြေဩဇာ (ရိုင်ဇိုဘီယံ) သည် သီးနှံအမျိုးအစားအလိုက်၊ မြေအမျိုးအစားအလိုက် ထည့်သွင်းအသုံးပြုရသော မြေဩဇာအမျိုးအစားဖြစ်သည်။ အပင်နှင့် တိရစ္ဆာန်တို့၏ ရုပ်ကြွင်းနှင့်အညစ်အကြေးများကို သဘာဝမြေဩဇာအဖြစ် ရှေးယခင်ကတည်းကပင် သီးနှံစိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြပြီး ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် ဆက်လက်အသုံးပြုသင့်သော မြေဩဇာအမျိုးအစားဖြစ်သည်။

သဘာဝမြေသြဇာတွင် နွားချေးအပါအဝင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ၊ သီးနှံအကြွင်းအကျန်၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ နှမ်းဖတ်၊ ပဲဖတ်၊ အရိုးမှုန့်၊ သစ်စိမ်းမြေဩဇာတို့ပါဝင်သည်။ သဘာဝမြေဩဇာများကို အခြားပြည်ပနိုင်ငံများတွင်လည်း အသုံးပြုလျက်ရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်ခြင်း၊ ဓာတ်မြေဩဇာများ အသုံးပြုမှုများလာသည့်အတွက် မြေဆီလွှာတွင် မြေဆီသြဇာခန်းခြောက်လာခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေခြင်းတို့ကြောင့် ဘေးအန္တရာယ်ကင်းသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် သဘာဝမြေဩဇာများကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်။

သဘာဝမြေသြဇာတွင် အာဟာရဓာတ်ပါဝင်မှုမှာ ဓာတ်မြေဩဇာထက် နည်းပါးသော်လည်း သီးနှံများ လိုအပ်သော အာဟာရဓာတ်စုံများပါဝင်ပြီး ရေရှည်မြေဆီလွှာပြုပြင်ရာတွင် ပိုမိုကောင်းမွန်စေသော မြေဩဇာအမျိုးအစားဖြစ်သည်။ သဘာဝမြေဩဇာသည် မြေဆီလွှာ၏ ရူပ၊ ဓာတုနှင့် ဇီဝဂုဏ်သတ္တိများကို ပိုမိုကောင်းမွန်တိုးတက်စေသည်။ မြေဆီလွှာအတွင်း သဘာဝမြေဆွေးပါဝင်မှု ပမာဏများပါက မြေဆီလွှာအရောင်သည် မည်းမှောင်နက်ခြင်း၊ ရေစိမ့်ဝင်နိုင်မှုကောင်းခြင်း၊ မြေသားဖွဲ့စည်းမှု ပိုမိုကောင်းမွန်ခြင်းနှင့် မြေသင်းနံ့ကောင်းခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သဘာဝမြေဩဇာများကို စနစ်တကျနှင့် နည်းလမ်းမှန်ကန်စွာ အသုံးပြုနိုင်လျှင် မြေဆီလွှာကောင်းမွန်ပြီး သီးနှံအထွက်နှုန်းတိုးမည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

တောင်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာအဖြစ် နွားချေးကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြသည်။ အချို့သော တောင်သူဦးကြီးများမှာ နွားချေးသီးသန့်အသုံးပြုကြပြီး အချို့သော တောင်သူများမှာ နွားချေးကို သီးနှံအကြွင်းအကျန်များနှင့် ရောနှောအသုံးကြသည်။ နွားချေးများကို စုဆောင်းသည့် နည်းလမ်းနှစ်မျိုးကို တွေ့ရပြီး ပထမနည်းမှာ နွားများအိပ်စက်အနားယူနိုင်သော အကျယ်အဝန်းအတိုင်း ကျင်းတူးထားကာ နွားများစွန့်ပစ်သမျှ ကျင်ကြီး၊ ကျင်ငယ်များ စိုစွတ်၍ ဗွက်ထလာသည့် အခါတိုင်းအောက်ခင်းများ ထပ်ဖြည့်ခင်းကာ စုဆောင်းသည့်နည်းဖြစ်ပါသည်။ ဒုတိယနည်းမှာကျင်းကို နွားအောက်တွင်မထားဘဲ သင့်လျော်သော သီးခြားနေရာတွင် အမိုးနှင့်ထားရ၍ နွားချေးများကို နေ့စဉ် နွားတင်းကုပ်မှ သယ်ယူပြီး ကျင်းထဲသို့ ထည့်ပေးကာ စုဆောင်းသောနည်းဖြစ်သည်။

နွားချေးမြေဩဇာကို အသုံးပြုသည့်အခါ အရေးအကြီးဆုံး အထူးဂရုစိုက်ရမည့်အချက်မှာ နွားချေးသည် “အေး” ရမည်ဖြစ်သည်။ နွားချေး “အပူ”ကို စိုက်ခင်းထဲတွင် မထည့်ရပါ။ ဆိုလိုသည်မှာ နွားချေးသည် ကောင်းစွာဆွေးမြည့်နေရမည်ဟု ဆိုလိုပါသည်။ နွားချေး“အပူ”သည် နွားများချက်ချင်းယိုထားသော ပူပူနွေးနွေးချေးနှင့် တင်စားပြောထားခြင်းသာဖြစ်ပြီး မဆွေးမြည့်သော နွားချေးကို ဆိုလိုပါသည်။ ကောင်းစွာမဆွေးမြည့်သော နွားချေးများကို သီးနှံစိုက်ပျိုးမြေများတွင် အသုံးပြုလျှင် ဆွေးမြည့်ခြင်းဖြစ်စဉ်မှ ထွက်ရှိသော အော်ဂဲနစ်အက်စစ်များသည် အပင်ကို အဆိပ်အတောက်ဖြစ်စေနိုင်သည်။ ထို့ပြင် အဏုဇီဝပိုးများက အာဟာရဓာတ်များကို ပြိုင်တူစုပ်ယူစားသုံးသည့်အတွက် သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို အလုံအလောက်မရရှိနိုင်ပါ။ ထို့ကြောင့် ကောင်းစွာဆွေးမြည့်သော နွားချေးကိုသာ စိုက်ခင်းထဲတွင် အသုံးပြုရန် အလွန်အရေးကြီး သည်။

အသုံးပြုသော နွားချေးသည် ကောင်းစွာ ဆွေးမြည့်လျှင် နွားချေးတွင်ပါဝင်သော အာဟာရဓာတ်များကို အပင်သည်စားသုံးနိုင်သည့်အပြင် ဆွေးမြည့်သောနွားချေးသဘာဝမြေဩဇာမှ ထွက်ပေါ်လာသော အက်စစ်ဓာတ်ကြောင့် အပင်စားသုံးရန်ခက်ခဲသော သံဓာတ်၊ မန်ဂနိစ်ဓာတ်နှင့် ဖော့စဖိတ်ဓာတ်များကို အပင်သည်အလွယ်တကူ စားသုံးနိုင်သည်။ ထို့ကြောင့် နွားချေးမြေသြဇာများကို ကောင်းစွာဆွေးမြည့်အောင် ပြုလုပ်ပြီးမှသာ သုံးစွဲသင့်သည်။

ကောင်းစွာ ဆွေးမြည့်သော သဘာဝမြေဩဇာများကို အသုံးပြုလျှင် စေးသောမြေကို ဖွယ်စေပါသည်။ သဲဆန်လွန်းသောမြေကို သိပ်သည်းစေသည်။ ရေအစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်သည်။ မြေထဲတွင် လေဝင်လေထွက်ကောင်းမွန်စေနိုင်သလို အပူအအေးကိုလည်း မျှတအောင် ထိန်းထားပေးနိုင်ပါသည်။ ထို့ပြင် အာဟာရဓာတ်များကို အမြစ်မှ အလွယ်တကူ စုပ်ယူစားသောက်နိုင်သည်။ အရေး အကြီးဆုံးအချက်မှာ မြေဆီလွှာအတွင်းရှိ သဘာဝမြေဆွေး (သို့) မြေဆီဩဇာဓာတ်ကို ဖြည့်တင်းပေးရုံမျှမက ရေရှည်ကာလတွင် မြေဆီလွှာအာဟာရဓာတ်များကို ထိန်းသိမ်းထားနိုင်ပါသည်။ ဤအချက်သည် ကုန်ကျစရိတ်များပြီး အပင်အတွက် အာဟာရဓာတ်တစ်မျိုးတည်းသာ ဖြည့်ပေးနိုင်သော ဓာတ်မြေဩဇာများထက် ပိုမိုကောင်းမွန်သော အဓိကအားသာချက် ဖြစ်သည်။

တောင်သူအများစု အသုံးပြုနေကြသည့် ပုလဲမြေဩဇာဟုခေါ်သည့် ယူရီးယားဓာတ်မြေဩဇာကို အသုံးပြုလျှင် နိုက်ထရိုဂျင်ဓာတ်အာဟာရတစ်မျိုးတည်းကိုလည်းကောင်း၊ တီစူပါကို အသုံးပြုလျှင် ဖော့စဖောရပ်ဓာတ်တစ်မျိုးတည်းကိုလည်းကောင်း၊ ပိုတက်ရှ်ကို အသုံးပြုလျှင် ပိုတက်ဆီယမ်ဓာတ် တစ်မျိုးတည်းကိုလည်းကောင်း ရရှိစေမည်ဖြစ်သည်။ အလားတူပင် ကွန်ပေါင်းမြေဩဇာ အသုံးပြုလျှင်လည်း အာဟာရဓာတ်သုံးမျိုး၊ လေးမျိုးသာရရှိနိုင်မည်ဖြစ်သော်လည်း သဘာဝမြေဩဇာကို အသုံးပြုခြင်းဖြင့် သီးခြားဝယ်ယူစရာမလိုဘဲ အာဟာရဓာတ်စုံပါဝင်ပြီး တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တွင် အလွယ်တကူရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့မွေးမြူထားသော နွားများကို စနစ်တကျမွေးမြူပြီး နွားချေးများကို စနစ်တကျ သိမ်းဆည်းသိုလှောင်ထားသည့် အလေ့အကျင့်မျိုး မွေးမြူနိုင်လျှင်လည်း များစွာအကျိုးထူးလှပေသည်။

သဘာဝမြေဩဇာများသည် အာဟာရဓာတ်တစ်မျိုးချင်းစီအနေဖြင့် ပါဝင်မှုနည်းပါးသော်လည်း အပင်မှလိုအပ်သည့် အာဟာရဓာတ်ပါဝင်မှုကို စုံလင်စွာပေးစွမ်းနိုင်ပါသည်။ တွေ့ရှိချက်များအရ နွားတစ်ကောင်သည် တစ်နေ့လျှင် နွားချေးအစို ၄၀ နှင့် အခြောက် ၁၂ ကီလိုဂရမ် ထွက်ရှိသည့်အတွက် နွားအကောင်တစ်ရာမွေးထားပါက တစ်နေ့လျှင် နွားချေး ၁ ဒသမ ၂ တန် ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ် လျှင် နွားချေး ၄၃၈ တန် ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် နွားချေးတစ်တန် (ကီလိုဂရမ် ၁၀၀၀) ကို စိုက်ပျိုးမြေဆီလွှာများတွင် ထည့်သွင်းခြင်းဖြင့် နိုက်ထရိုဂျင် ၂ ဒသမ ၄၂ ကီလိုဂရမ်၊ ဖော့စဖိတ် ၆ ဒသမ ၆၀ ကီလိုဂရမ်၊ ပိုတက်ရှ် ၃ ဒသမ ၄၃ ကီလိုဂရမ်နှင့် အော်ဂဲနစ်မြေဆွေး ၁၈၁ ဒသမ ၃၄ ကီလိုဂရမ်ရရှိနိုင်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေးကဏ္ဍအသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော သီးနှံစိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် စိုက်ပျိုးသည့် သီးနှံအထွက်နှုန်းတိုးမှသာ ဝင်ငွေကောင်းပြီး လူနေမှုဘဝမြင့်မားနိုင်ပေမည်။ ထိုသို့ သီးနှံအထွက်တိုးရေးလုပ်ဆောင်ရာတွင် ဓာတ်မြေသြဇာတစ်မျိုးတည်းကို နှစ်စဉ်ဆက်တိုက် အသုံးပြုလျှင် မြေဆီလွှာ၏ အရည်အသွေးသည် တဖြည်းဖြည်းကျဆင်းလာပြီး သီးနှံပင်အတွက် လိုအပ်သော အာဟာရဓာတ်လျော့နည်းလာခြင်းဖြင့် အပင်ဖြစ်ထွန်းမှုကို ထိခိုက်ကာ အထွက်နှုန်းလျော့နည်းလာနိုင်သည်။ ထို့ကြောင့် သဘာဝမြေဩဇာများကို မဖြစ်မနေသုံးစွဲရပေလိမ့်မည်။ အလားတူ ယနေ့ခေတ်တွင် ဓာတ်မြေဩဇာဈေးနှုန်းကြီးမြင့်ခြင်းနှင့် စိုက်ပျိုးသော လယ်ယာသီးနှံအချို့နှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများတွင် ဓာတ်ကြွင်းအာနိသင်ပါဝင်မှု လျှော့ချနိုင်ရေးတို့အတွက် နွားချေးမြေဩဇာအသုံးပြုရန် အထူးပင်လိုအပ်လာသည်။

အလားတူ မြန်မာနိုင်ငံတွင် မွေးမြူရေးလုပ်ငန်းများမှ အများဆုံးထွက်ရှိနေသော ကြက်ချေး၊ ဝက်ချေး၊ ဆိတ်ချေးတို့ကို နွားချေးမြေဩဇာကဲ့သို့ သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ပါသည်။ လေ့လာတွေ့ရှိချက်များအရ ကြက်အကောင်တစ်ရာ မှ တစ်ရက်လျှင် ကြက်ချေး သုည ဒသမ ၀၃ တန်၊ ဝက်နှင့် ဆိတ်မှ သုညဒသမ ၀၉ တန်ခန့် ရရှိနိုင်မည် ဖြစ်ပြီး တစ်နှစ်လျှင် ကြက်ချေး ၁၀ ဒသမ ၉၅ တန် နှင့် ဝက်နှင့်ဆိတ်ချေး စုစုပေါင်း ၃၂ ဒသမ ၈၂ တန် ရရှိနိုင်မည်ဖြစ်ပါသည်။ ကြက်ချေး၊ ဝက်ချေး စသည့်တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများသည် ဗက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်စ်များ ကပ်ပါးပရိုတိုဇိုဝါးများ၊ ပဋိဇီဝပိုးသတ်ဆေးများနှင့် ပဋိဇီဝယဉ်ပါးသော ရောဂါပိုးမွှားများ၊ အန္တရာယ်ရှိစေနိုင်သော ဓာတ်ကြွင်းများ၊ 17β estradiol နှင့် testosterone ဟော်မုန်းများ ဖြစ်သော အီစထရိုဂျင်နှင့် ဒိုင်အောက်ဇင် furans polychlorinated biphenyls နှင့် poly-cyclic aromatic hydrocarbons ကဲ့သို့သော ပိုးသတ်ဆေးများ ပါဝင်နိုင်သဖြင့် ကြက်ချေး၊ ဝက်ချေးတို့ကို အခြေပြုသော မြေဩဇာများကို အသုံးပြုမည်ဆိုပါက လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် သတိပြုသုံးစွဲသင့်ပါသည်။

ထို့ကြောင့် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ပါက မွေးမြူရေးမှ ဝင်ငွေရရှိမည့်အပြင် မွေးမြူရေးမှထွက်သော တိရစ္ဆာန်ချေးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် စိုက်ပျိုးရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်ပါသည်။ သို့သော် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးမြေဆီလွှာများတွင် သဘာဝမြေဩဇာအဖြစ် အသုံးပြုရာ၌ စနစ်တကျအသုံးပြုရန်နှင့် ကောင်းစွာဆွေးမြည့်ပြီးမှသာ အသုံးပြုရန် လိုအပ်ပါသည်။

သို့ဖြစ်၍ စိုက်ပျိုးရေးဦးစီးဌာနသည် လယ်ယာထွက်သီးနှံအကြွင်းကျန်များ၊ နွားချေးများကို သဘာဝမြေဩဇာအဖြစ် စနစ်တကျပြုလုပ်သုံးစွဲနိုင်ရေး၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၊ ဓာတ်မြေဩဇာများကို စနစ်တကျ၊ အချိန်ကိုက်၊ အချိုးညီအသုံးပြုနိုင်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပညာပေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

အချုပ်အားဖြင့်ဆိုသော် သဘာဝမြေဩဇာများသည် လယ်ယာလုပ်ငန်းခွင်တွင် အလွယ်တကူရရှိနိုင်ခြင်း၊ ဈေးနှုန်းသက်သာစွာ ရရှိနိုင်ခြင်း၊ မြေဆီလွှာအတွက် မြေဆီဩဇာဓာတ်ကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း၊ မြေဆီဩဇာထက်သန်ခြင်းနှင့် သီးနှံများ အထွက်နှုန်းတိုးတက်စေရုံသာမက သီးနှံအရည်အသွေးပါ တိုးတက်စေခြင်းတို့ကြောင့် တောင်သူဦးကြီးတို့ဘဝမြင့်မားစေဖို့ သဘာဝမြေဩဇာကို ပိုမိုသုံးစွဲသင့်ပါကြောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment