နေပြည်တော် မတ် ၁၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးမှုများကြောင့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။ ထို့အတူ တပ်မတော်စစ်ကြောင်းများက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းများကြောင့် ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှု၊ ယုံကြည်အားကိုးမှု၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့မှုများကြောင့် အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် စိတ်ဓာတ်ကျဆင်းကာ ဆက်လက်ခုခံလိုခြင်းမရှိတော့သည့်အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ အေးချမ်းစွာနေထိုင်လိုကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် ဥပဒေဘောင်အတွင်းသို့ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ ပြန်လည်ဝင်ရောက်လျက်ရှိရာ သက်ဆိုင်ရာနယ်မြေများအလိုက် တာဝန်ရှိသူများက အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်မျိုးစုံ ၇၈ လက် နှင့် လက်ပစ်ဗုံး/ ဗုံးသီး ၃၈ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည်အိမ်မျိုးစုံ ၅၀ ခု၊ ကျည်မျိုးစုံ ၃၃၆၂ တောင့်၊ မိုင်းမျိုးစုံ ၁၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးအုပ် ၅ လုံးတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း ၅၀ နှုန်း၊ RPG တစ်လတ်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်းနှုန်း၊ လက်လုပ်သေနတ်တစ်လက်နှုန်းအတွက် ဆုကြေးငွေကျပ် ၅ သိန်းနှုန်း၊ လက်ပစ်ဗုံး/ ဗုံးသီးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်းနှုန်း၊ စကားပြောစက်တစ်လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာအင်္ကျီ တစ်ထည်လျှင် ဆုကြေးငွေကျပ် ၂ သိန်းနှုန်း၊ ကျည်ကာဦးထုပ် တစ်လုံးလျှင်ဆုကြေး ငွေကျပ် ၂ သိန်းနှုန်းနှင့် အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း ၂၀၀၀ ခန့်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်သည်။ ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများမှ အပ်နှံထားသော လက်နက်ခဲယမ်းများအား ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ယနေ့တွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၅ ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား ၃ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား ၆ ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား ၂ ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား ၁ ဦး၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား ၄ ဦး၊ မိတ္ထီလာမြို့နယ်မှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား ၉ ဦး၊ ရမည်းသင်းမြို့နယ်မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား ၄ ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၂ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂၁၉ ဦး၊ အမျိုးသမီး ၃၁ ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၇ ဦး၊ ကျောက်ပန်းတောင်းမြို့နယ်မှ အမျိုးသား ၃ ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်မှ အမျိုးသား ၂ ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား ၃ ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား ၃ ဦးဖြစ်၍ အမျိုးသား ၄၅၃ ဦးနှင့် အမျိုးသမီး ၅၃ ဦး စုစုပေါင်း ၅၀၆ ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment