ရန်ကုန်
ဖေဖော်ဝါရီ ၂၀
တက္ကသိုလ်၊
ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၈)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီတွင်
ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးနှင့်
အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ
ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ
ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
ဦးစိုးမင်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်၊ ကောလိပ်များရှိ
သင်ကြားရေး ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်လာပြီး
အဆင့်မြင့်ပညာရေးနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော
ဗဟုသုတနှင့်အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးမှု၊
စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အလေ့အထကောင်းများ တိုးတက်လာစေရန်ရည်ရွယ်၍
ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ နည်းပေးလမ်းပြကောင်းမှသာ
မျိုးချစ်စိတ်ရှိပြီး အကျင့်စာရိတ္တကောင်းမွန်သော အရည်အချင်းပြည့်ဝပြီး
အသိဉာဏ်ဖွံ့ဖြိုးသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊
နိုင်ငံတော်အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍအား အရှိန်အဟုန်ဖြင့်
တိုးတက်အောင် မြှင့်တင်ဆောင်ရွက်ရာမှာ တက္ကသိုလ်၊ ကောလိပ်များ၏ အဆင့်မြင့်ပညာရေးကဏ္ဍသည်
လွန်စွာအရေးကြီးပါကြောင်း၊ ဆရာ၊ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ
နိုင်ငံတော်နှင့် ပြည်သူအားထားရသော ဝန်ထမ်းကောင်းများဖြစ်စေရေး၊
နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)ကို
ဦးထိပ်ထားပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း
အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ သင်ကြားလေ့ကျင့်ပေးသည်များကို တက်ကြွစွာ
လိုက်ပါဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားသည်။ တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ
အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၈)သို့ သင်တန်းသား (၄၂)ဦး၊ သင်တန်းသူ (၃၁၂)ဦး၊ စုစုပေါင်း (၃၅၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၈-၂-၂၀၂၆ ရက်နေ့မှ ၂၀-၃-၂၀၂၆
ရက်နေ့ထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် သင်တန်းအလိုက် ဘာသာရပ်ပို့ချမှုများ၊
တက္ကသိုလ်၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ သင်တန်းသားအိပ်ဆောင်များနှင့်
စားရိပ်သာများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၁၇)မှ
သင်တန်းသူများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့သည်။
ထို့နောက်
တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်
သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ လေ့ကျင့်သင်ကြားရေးနှင့်
အုပ်ချုပ်မှုဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)
No comments:
Post a Comment