Sunday, February 22, 2026

နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကျင်းပပြီးစီး



ရန်ကုန် ဖေဖော်ဝါရီ ၂၁

နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာမဟာ ပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာ တော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော် ဆောင်ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒက ဆောင်ရွက်တော်မူသည်။

ယင်းနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသော နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးအထမြောက် အောင်မြင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့နှင့် နိုင်ငံတော်သံဃ ဝိနိစ္ဆယအဖွဲ့ဝင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ၂၄ ပါးတို့အား နိုင်ငံတော်ဝိနည်းဓိုရ် လက်မှတ်များကိုလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဗုဒ္ဓတက္ကသိုလ်အဖြစ် အသိအမှတ် ပြုထားသော ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်နှင့် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်တို့ကို ဗုဒ္ဓတက္ကသိုလ်အဖြစ် အသိအမှတ်ပြုလွှာများကိုလည်းကောင်း ဆက်ကပ်ပေးအပ်တော်မူသည်။ ဆက်လက်၍ နဝမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် ချမှတ် ခဲ့သည့် အစားထိုးရွေးချယ်မှုများ၊ ဆုံးဖြတ်ချက်များ၊ အတည်ပြုချက်များ၊ မှတ်တမ်းတင်ချက်များကို သာသနာ့သမိုင်းဝင် မှတ်တမ်းစာအုပ်ကြီး၌ ဩဝါဒါစရိယဆရာတော်ကြီး ၁၅ ပါး၊ ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်၊ ရွှေကျင်ဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း စတုဘုမ္မိက မဟာသတိပဋ္ဌာန် ငှက်တွင်းဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း၊ ဓမ္မဝိနယာနုလောမ မူလဒွါရနိကာယဂိုဏ်း၊ ဓမ္မာနုဓမ္မ မဟာဒွါရနိကာယဂိုဏ်း၊ ဝေဠုဝန်နိကာယဂိုဏ်း၊ အနောက်ချောင်း ဒွါရဂိုဏ်း ဂိုဏ်းအသီးသီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ ကိုယ်စားလှယ် တစ်ပါးစီတို့က လက်မှတ်ရေးထိုးခြင်းတို့ ဆောင်ရွက်တော်မူကြသည်။

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၊ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၏ နိဂုံးချုပ်ဥယျောဇနကထာကို မြွတ်ကြားတော်မူရာ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများက နာယူ တော်မူကြသည်။

ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်အားလုံးက “ဇယန္တော ဗောဓိယာ မူလေ” အစချီ ၂ ဂါထာကို ၃ ကြိမ် ရွတ်ဆို တော်မူကြပြီး “သာဓု” ၃ ကြိမ် ခေါ်ဆိုကာ နဝမ အကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးကြီးကို ယနေ့နံနက်ပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီးသည်။

ယနေ့ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်း အလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၊ ဇနီး ဒေါ်ကြိုင်ကြိုင်မိသားစုနှင့် ဓမ္မမိတ်ဆွေများက ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်

No comments:

Post a Comment