Sunday, February 22, 2026

ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဟောပြောပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် အဖွဲ့ဝင်များ၊ လှိုင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်ရုံး ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သိရှိနားလည်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်တတ်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သတိပြုလိုက်နာတတ်စေရန် ပညာပေး အစီအစဉ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင် ၁ ဒသမ ၃၅ သန်းကျော် သေဆုံးနေပြီး တစ်ရက်လျှင် သေဆုံးနှုန်း ပျမ်းမျှဦးရေ ၃၇၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် သုတေသနစာတမ်းများတွင် ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ယာဉ်တိုက်မှု၊ မတော်တဆမှုများကြောင့် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနေပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကောင်းစွာ သိရှိလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် လှိုင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးက ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment