နေပြည်တော် ဖေဖော်ဝါရီ ၂၁
စက်မှုဝန်ထမ်းဟောင်းများအသင်း (၁၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး ကို ယနေ့တွင် ဗဟန်းမြို့နယ် ရွှေတိဂုံစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်ရှိ စက်မှုဓမ္မာရုံ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ဂုဏ်ထူး ဆောင်နာယကကြီးများ၊ နာယကကြီးများ၊ အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များ၊ အသင်းသား အသင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက
စက်မှုဝန်ထမ်းဟောင်းအသင်းကို ၂၀၁၄ ခုနှစ် မတ် ၁၅ ရက်တွင် အသင်းသား ၆၅၃ ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး
ယခုအချိန်တွင် နာယက နှစ်ဦး၊ အလုပ်အမှုဆောင်အဖွဲ့ ၁၇ ဦး၊ အသင်းသား ၉၆၅၁ ဦးဖြင့် လုပ်ငန်းများဆောင်ရွက်
လျက်ရှိသည့်အတွက် အထူးဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ အသင်းကြီးအား နိုင်ငံတော်စက်မှုလက်မှု
ကဏ္ဍတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရေး၊ ဝန်ထမ်းဟောင်းများ၏ သာရေး/နာရေး၊ ကျန်းမာရေး၊
ပညာရေးကိစ္စရပ်များကို ထောက်ပံ့ပေးရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊
အသင်းစတင်တည်ထောင်စဉ်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ ၁၂ နှစ်တာ ကာလအတွင်း ကျန်းမာရေးနှင့်
နာရေးကိစ္စရပ်များအတွက် အသင်းသား ၃၉၅၆ ဦး ကို ထောက်ပံ့ငွေကျပ် ၄၁၁၆၅၀၀၀ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊
အသင်းဝင်များသည် စက်မှုဝန်ကြီး ဌာနတွင် နှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက်
စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်သည့် အကြံပြုချက်များဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးစေလို
ကြောင်းနှင့် အသင်း၏လိုအပ်ချက်များကိုလည်း တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ထမ်းဟောင်းအသင်း
နာယကများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး (ငြိမ်း)များနှင့် အသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားခြင်း၊
အသင်းအတွင်းရေးမှူးက ၂၀၂၅ ခုနှစ် နှစ်ပတ် လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့ကို
ရှင်းလင်းခြင်း၊ အမှုဆောင်အသစ်များ ရွေးချယ်ခြင်း တို့ကို ဆောင်ရွက်ပြီး အသင်းချုပ်ဥက္ကဋ္ဌက
နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment