Sunday, February 22, 2026

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်အပေါ် မြန်မာနိုင်ငံ၏ တုံ့ပြန်ချက်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် ရုံးက “UN Special Representative Pramila Patten Calls For Accountability As Sexual Violence Continues Five Years After Myanmar Military Seized Power” ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ အလေးအနက်ထား လိုက်နာဆောင်ရွက် လျက်ရှိသည်။

မြန်မာ့လူ့အဖွဲ့အစည်းသည် လိင်အကြမ်းဖက်မှုကို ရိုးရာယဉ်ကျေးမှုအရ ဆန့်ကျင်သော သမိုင်းကြောင်းအစဉ်အလာရှိသည်။ ယင်းဓလေ့ကိုအခြေခံ၍ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသမီး၊ အမျိုးသားနှင့် လိင်စိတ်ခံယူမှုကွဲပြားသူအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန် ဥပဒေနှင့်အညီ ပြတ်သားစွာ ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် မည်သည့်ပြစ်မှုကိုမဆို အသေးအဖွဲပင်ဖြစ်လင့်ကစား လုံးဝခွင့်မလွှတ်ဘဲ အရေးယူအပြစ်ပေးသည့် (zero - tolerance policy) ချမှတ်ထားပြီး ကျူးလွန်ပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အတိအလင်းပြဋ္ဌာန်းထားသည်။

ဤသို့သော ဥပဒေအစီအမံများနှင့်အတူ အမျိုးသားအဆင့်ယန္တရားများ ဖွဲ့စည်းခြင်း၊ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ခြင်းနှင့် အသိပညာပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။

၂၀၁၉ ခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကဏ္ဍအလိုက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များကို နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးကော်မတီများကို ဖွဲ့စည်းပြီး ဒေသအလိုက်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှ တားဆီးနိုင်ရေးအတွက် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားအဖြစ် 4 Digits (1566) ၂၄ နာရီ Helpline ဝန်ဆောင်မှုကို ၂၅-၁၀-၂၀၂၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လက်နက်ကိုင်ပဋိပက္ခအတွင်း မဟုတ်သော်လည်း ပြည်သူလူထုက တိုင်ကြားလာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖြစ်စဉ်ပေါင်း ၂၃၀၀ ကျော်ကို လက်ခံစစ်ဆေးကာ ဥပဒေအရ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center- OSWSC) များကိုလည်း တိုင်းနှင့် ပြည်နယ်များအနှံ့တွင် ဖွင့်လှစ်ထားပြီး လိုအပ်သောစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။

အသိပညာပေးမှုအနေဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအပါအဝင် ဂျီနီဗာကွန်ဗင်းရှင်း ၄ ရပ်ပါ စစ်ပွဲဆိုင်ရာ ဥပဒေသများ နှင့် အရပ်သားများအပေါ် အကာကွယ်ပေးရေး ပြဋ္ဌာန်းချက်များနှင့် လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးတို့ကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအား ဟောပြောပွဲများ၊ အသိပညာပေးစကားဝိုင်းများ ကျင်းပပေးလျက်ရှိသည်။ ရာဇသတ်ကြီးပါ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးအသိပညာပေးမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆောင်ရွက်ပြီး အစိုးရပိုင်မီဒီယာများမှ တစ်ဆင့် ဆက်လက်ထုတ်လွှင့်လျက်ရှိသည်။

အထက်ပါ ဆောင်ရွက်ချက်များသည် နိုင်ငံတော်အစိုးရအဆက်ဆက် ဆောင်ရွက်လာသည့် လုပ်ငန်းစဉ်များပင်ဖြစ်ပြီး လိင်အကြမ်းဖက်မှုတိုက်ဖျက်ရေးအပေါ် မြန်မာနိုင်ငံ၏ ခိုင်မာသော ကတိကဝတ်ကို သက်သေထူလျက်ရှိသည်။

သို့ရာတွင် ကုလသမဂ္ဂ၏ထုတ်ပြန်ချက်တွင် အတည်မပြုနိုင်သော သတင်းအချက်အလက်များနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ကဲ့သို့သော ယန္တရားများမှ တစ်ဖက်သတ်စွပ်စွဲချက်များကိုသာ မှီငြမ်းထားကြောင်း တွေ့ရှိရသည်။ ယင်းသည် နိုင်ငံတော်၏ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိခိုက်စေရန် ရည်ရွယ်သည့် နိုင်ငံရေးဖိအားပေးမှု သက်သက်သာဖြစ်သဖြင့် အဆိုပါထုတ်ပြန်ချက်အား မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်သကဲ့သို့ ထုတ်ပြန်ချက်အား ကန့်ကွက်ပယ်ချသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများနှင့် အခြားထိခိုက်လွယ်သော အုပ်စုများ (vulnerable group) ၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်သည်။ ကုလသမဂ္ဂအနေဖြင့် ယုံကြည်လက်ခံနိုင်သော ထုတ်ပြန်ချက်များကိုသာ ထုတ်ပြန်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အပေါ် ဘက်မလိုက်ဘဲ အပြုသဘောဆောင်သော ချဉ်းကပ်မှုမျိုး ဖြင့်သာ ဆက်ဆံဆောင်ရွက်ရန် မြန်မာနိုင်ငံက တိုက်တွန်းသည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားကော်မတီ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

No comments:

Post a Comment