ကိုယဉ်ချစ် (မန္တလေး)
နေ့စဉ်ထုတ်သတင်းစာများတွင် မှုခင်းသတင်းနှစ်ပုဒ်ကို စိတ်မချမ်းမြေ့ဖွယ် ဖတ်ရှုလိုက်ရသည်။ တစ်ပုဒ်မှာ အငှားယာဉ်မောင်းကို သတ်ဖြတ်၍ မော်တော်ယာဉ် လုယက်ယူဆောင်မှုနှင့် တစ်ပုဒ်မှာ ဟိုတယ်တစ်ခုတွင် အမျိုးသမီးငယ်တစ်ဦးကို ရက်စက်စွာ သတ်ဖြတ်သည့် တရားခံများကို ဖမ်းဆီးရမိမှု တို့ဖြစ်သည်။
ပြစ်မှုကျူးလွန်သူများသည်
ဆယ်ကျော်သက်အရွယ်များဖြစ်သည်ကို သတိပြုမိသည်။ ပြစ်မှု ကျူးလွန်ခြင်း၏အခြေခံသည် ငွေကြေးသုံးစွဲလိုမှု၊
ဂိမ်းအလွန်အကျွံကစားမှု၊ လူသတ်အလောင်း ဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများ အလွန်အကျွံကြည့်မှုများကြောင့်ဟု
သိရသည်။ ရက်စက် ယုတ်မာလွန်းသည့် ကျူးလွန်မှုများကြောင့် မြန်မာ့ယဉ်ကျေးမှုနှင့် လူမှုရေးနယ်ပယ်တွင်
အစွန်းအထင်းအဖြစ် ကျန်ရစ်ခဲ့သည်။ ဖြစ်ပွားရသည့်အခြေခံသည် စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်ပျက်စီးလာခြင်းကြောင့်
ဖြစ်သည်ဟု ဆိုနိုင်သည်။
စာရိတ္တဆိုသည်မှာ
ကိုယ်ကျင့်တရား၊ အကျင့်ဖြစ်သည်။ ကိုယ်ကျင့်တရားသည် ကိုယ်တိုင်ကျင့်ကြံ အားထုတ်ရခြင်းဖြစ်ပြီး
လူ့ဘဝရပ်တည်နေထိုင်ရေးတွင် အရေးကြီးဆုံး အကျင့်စရိုက်ဖြစ်သည်။ အကျင့်ဆိုသည်မှာ စွဲမြဲသောအလေ့၊
စာရိတ္တ၊ စရိုက်ဆိုသည်မှာ အပြုအမူ၊ အလေ့အကျင့်ဟု မြန်မာ အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
ထို့ကြောင့် လူ့ဘဝတွင် သိက္ခာရှိရှိဖြင့် ရပ်တည်သွားနိုင်ရန်မှာ စာရိတ္တကောင်းမွန်ရေးဖြစ်သည်။
မြန်မာတို့သည်
ရှေးအစဉ်အဆက်ကတည်းကပင် ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် ရိုးရိုးသားသား နေထိုင်ခဲ့သူများဖြစ်သည်။
ယခုကာလတွင် စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်လာမှုများကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြုံတွေ့လာရသည်။
အဓိကမှာ အခြေခံကျသည့် ငယ်ရွယ်စဉ်ဘဝ၌ ပြုစုပျိုးထောင်မှုများ အားနည်းလာခြင်းဖြစ်သည်။
လူငယ်တစ်ဦး၏ စာရိတ္တမဏ္ဍိုင် ကောင်းမွန်ရေးသည် ကာယကံရှင်၏ ကိုယ်တိုင်ပြုမူဆောင်ရွက်မှု၊
မိဘနှင့် ဆရာများ၏ သွန်သင်ဆုံးမမှု၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှုများအပေါ်
မူတည်နေသည်။
“ပျားပိတုန်းတို့သည်
ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိ ကုန်၏။ ယင်ကောင်သည်
အပုပ်ကို အလိုရှိကုန်၏။ သူယုတ်သည် အမျက်ဒေါသကို အလိုရှိကုန်၏” ဟု လောကနီတိတွင် မှတ်သားဖူးသည်။
မျက်မှောက်ခေတ်လူငယ်များအတွင်း၌ မြန်မာ့ယဉ်ကျေးမှု အခြေခံများဖြစ်ကြသည့် လောကနီတိ၊
၃၈ ဖြာမင်္ဂလာ၊ ရှေးပညာရှိကြီးများ၏ ဆုံးမစာများနှင့် အလှမ်းဝေးလာခြင်းကြောင့် မကောင်းသောအခြေ
အနေများ ဖြစ်ပေါ်နေသည်ဟု ယူဆမိသည်။
လူငယ်များကိုယ်တိုင်က
ကိုယ်ကျင့်တရားကို အလေးထားနေထိုင်တတ်ရန် လိုအပ်သည်။ တိုင်းတစ်ပါးယဉ်ကျေးမှုများကို
အထင်ကြီးလာကြသည်။ မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းစဉ်လာများကို အထင်သေးလာကြသည်။
ထို့ကြောင့် အကောင်းနှင့်အဆိုး၊ အကြောင်းနှင့် အကျိုး၊ လုပ်သင့်သည်နှင့် မလုပ်သင့်သည်များကို
ဆင်ခြင်နိုင်မှု အားနည်းလာခြင်းကြောင့် ဆိုးကျိုး များ ဖြစ်ပေါ်လာရသည်။ ဆိုးကျိုးများသည်
ကာယကံရှင်ကိုယ်တိုင်ခံစားရသည့်အပြင် မိသားစု ပါ ထိခိုက်စေသည်။ ထိုမှတစ်ဆင့်တက်၍ နိုင်ငံနှင့်
လူမျိုးကို ချစ်မြတ်နိုးစိတ်၊ ကာကွယ်ထိန်းသိမ်း လိုစိတ်များကိုပါ သက်ရောက်မှုရှိလာစေနိုင်သည်။
လူငယ်ဆိုသည့် အသက်အပိုင်းအခြားတွင်
သားသမီးအဖြစ်၊ တပည့်အဖြစ် ရပ်တည်ကြရသည်။ ထို့ကြောင့် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ” ဆိုသည့်
သားသမီးဝတ္တရားငါးပါး။ “ညီညာထကြွ၊ ဆုံးမ နာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေး
အံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ” ဆိုသည့် တပည့်ဝတ္တရားငါးပါးတို့ကို စောင့်ထိန်းလိုက်နာကြရန်
လိုအပ်နေသည်။
မျက်မှောက်ခေတ်တွင်
လူငယ်များအတွင်း၌ နည်းပညာဆိုင်ရာ အသုံးအဆောင်ပစ္စည်းများက နေရာယူလာကြသည်။ သုံးတတ်လျှင်ဆေး၊
မသုံး တတ်လျှင်ဘေးဆိုစကားအတိုင်း ကောင်းကျိုးများ အတွက် နည်းပညာရပ်များကို လေ့လာဆည်းပူးသင့်သော်လည်း
လောင်းကစားဂိမ်းများ၊ ညစ်ညမ်းဗီဒီယိုများ၊ အယူအဆလွဲမှားစေနိုင်သည့် ထုတ်လွှင့်နေမှုများကို
ကိုယ်ပိုင်စဉ်းစားဉာဏ်ဖြင့် ရှောင်ကြဉ်သင့်သည်။ တိုးတက်ပြောင်းလဲလာသည့် နည်းပညာရပ်များကို
တလွဲအသုံးချမိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားဆိုင်ရာများတွင် ယုတ်လျော့
ကျဆင်းလာသည်။
အသုံးချခံဘဝကိုပါ
ရောက်ရှိသွား
လူငယ်များသည် ပညာရှာရမည့်အရွယ်ဖြစ်သော်လည်း
လောင်းကစားဂိမ်းများနှင့် ဆက်စပ်၍ အပေါင်းအသင်းမှားမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ အရက်သေစာသောက်စားမှုနှင့်
အခြား အပျော်အပါးလိုက်စားမှုများ ပြုလုပ်လာကြသည်။ ထိုသို့ပြုလုပ်နိုင်ရန် ငွေကြေးလိုအပ်လာမှုကြောင့်
ကိုယ်ကျင့်တရားများ ချို့ယွင်းပျက်စီးလာကာ မလုပ်သင့်သည့်အလုပ်များကို ပြုလုပ်လာကြသည်။
ထို့အပြင် ကိုယ်ကျိုးရှာစီးပွားရေးသမားများနှင့် ကြုံတွေ့ရသူလူငယ်များသည် ထိုသူများ၏
အသုံးချခံဘဝကိုပါ ရောက်ရှိသွားကြသည်။
မိဘများသည် လက်ဦးဆရာ၊
မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့်ဖ ဆိုသည့်အတိုင်း သားသမီးတိုင်း ၏ လက်ဦးဆရာများဖြစ်ကြသည်။
တချို့မိဘများကိုယ်တိုင်က အယူအဆများ လွဲမှားနေခြင်း၊ ဥစ္စာဓနအတွက် သားသမီးများအရေးထက်
စီးပွားရေး၊ လူမှုရေးများကို ဦးစားပေးခြင်းတို့ကြောင့် သားသမီးများအပေါ် ဆိုဆုံးမမှုအားနည်းလာသည်ကို
သတိမမူနိုင်အောင် ဖြစ်နေကြသည်။
သားသမီးငယ်က၊ မဆုံးမသော်၊
မိဘတစ်လည်၊ ရန်သူမည်၏ ဆိုစကားအတိုင်း မိမိတို့သားသမီး များကို ငယ်ရွယ်စဉ်ဘဝကတည်းကပင်
သွန်သင် ဆုံးမမပေးနိုင်ခဲ့ပါက သားသမီးများ ကြီးပြင်းလာ ချိန်တွင် စိုးရိမ်သောကများကို
ခံစားကြရမည်မှာ ဧကန်အမှန်ဖြစ်သည်။ မိမိတို့သားသမီးများ၏ ငယ်စဉ်ဘဝသည် ရွှံ့ရုပ်လေးများနှင့်
သဏ္ဌာန်တူသည်။ ရွှံ့ရုပ်လေးကို စတင်ထုလုပ်စဉ်ကပင် အမြင်မတင့်သည့် အပိုင်းကိုပယ်၊ လှပအမြင်တင့်အောင်
လက်ရာကောင်းကောင်းဖြင့် ထုဆစ်ပုံဖော်ပေးကြရပါမည်။ ဤသို့ မထုဆစ်နိုင်ဘဲ ရွှံ့ရုပ်လေးခြောက်သွားမှ
ပြန်လည်ပြင်ဆင်ရန် မလွယ်ကူတော့ပါ။
ကုဋေ ၈၀ သူဌေးသားသည်
မိဘများက အလိုလိုက်၍ ငယ်စဉ်ဘဝက ပညာမသင်ယူခဲ့သည့် အတွက် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုးတို့ကို
မဝေခွဲနိုင်ဘဲ သူယုတ်မာများနှင့် ပေါင်းဖော်မိ၍ အဆုံးတွင် ခွက်ဆွဲ၍တောင်းစားရသည့်ဘဝ
ရောက်သွားခဲ့သည့်သာဓကကို လူတိုင်းကြားသိဖူး ပြီးဖြစ်သည်။ မိဘတိုင်းက သားသမီးကို ဆင်စီး
မြင်းရံဖြစ်စေချင်သော်လည်း လွဲမှားသည့် မိဘ ချစ်ခြင်းမျိုး မဖြစ်စေရန်လိုပါသည်။
မိမိတို့ သားသမီးများအား
ကိုယ်ကျင့်တရား ကောင်းမွန်သူ၊ ယဉ်ကျေးလိမ္မာသူ၊ ထူးချွန် ထက်မြက်သူ၊ ရိုးသားသူ၊ အမှန်တရားကို
မြတ်နိုး၍ အများအကျိုးနှင့် ကိုယ့်အကျိုးမျှတအောင် နေထိုင် တတ်သူများဖြစ်စေရန် ထုဆစ်ပုံဖော်ပေးရမည့်တာဝန်များ
ရှိကြပါသည်။ “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊
ဝတ်ငါးအင်၊ ဖခင် မယ်တို့တာ”ဆိုသည့် မိဘဝတ္တရားငါးပါးကို ကျေပွန် အောင် ဆောင်ရွက်ပေးကြရပါမည်။
ဆရာကောင်းတပည့်၊
ပန်းကောင်းပန်
ဆရာများသည် အနန္တောအနန္တငါးပါးတွင်
ဘုရားနှင့်တစ်ဂိုဏ်းတည်း ဆည်းကပ်ကိုးကွယ်ရသည့်သူ များဖြစ်ကြသည်။ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည်တို့ကို
စိုက်ထုတ်ရင်းနှီး၍ တပည့်များကို ကျောင်းစာများ သင်ကြားပေးရုံသာမက တော်သူတတ်သူများ၊
ထူးချွန်ထက်မြက်သူများ၊ လိမ္မာရေးခြားရှိသူများ၊ ကိုယ်ကျင့်တရားကောင်းသူများ ဖြစ်လာစေရန်
သွန်သင်ဆုံးမ နည်းလမ်းပြပေးကြသူများဖြစ်သည်။ ကျောင်းနေအရွယ်တွင် ဆရာများသည် မိဘများ
ထက် ပိုမိုအနီးကပ် ဆက်ဆံနေကြရသူများဖြစ်သည်။ ပညာသင်ကြားပေးသည့် တာဝန်အပြင် တပည့်များ
၏ အနာဂတ်ဘဝလှပစေရန် ဖော်ဆောင်ပေးသူများ လည်းဖြစ်သည်။ ဆရာကောင်းတပည့်၊ ပန်းကောင်း ပန်ဆိုစကားအတိုင်း
ထူးချွန်ထက်မြက်ကြသူများ သည် ဆရာကောင်းများ၏ တပည့်များဖြစ်ခဲ့သည်ကို မြင်တွေ့ရသည်။
စာရေးသူတို့ မူလတန်းပညာ
စတင်သင်ယူချိန်က ကျောင်းအုပ်ဆရာမကြီးသည် စည်းကမ်းကြီး သည်။ လူမှုဘဝတွင် အခြေခံကျသည့်
အသိပညာ များကို သင်ကြားပေးခဲ့သည်။ ကျောင်းသွား ကျောင်းပြန်ချိန်တွင် လမ်းတွင် ဆော့ကစားခြင်း
မလုပ်ရဘဲ လက်ပိုက်၍ သွားကြ၊ ပြန်ကြရသည်။ အိမ်ပြန်ရောက်လျှင် မိဘများ၊ အဘိုးအဘွားများကို
ကန်တော့ကြရသည်။ ကျောင်းသားအချင်ချင်း ရန်ဖြစ်ခြင်း၊ သူတစ်ပါးပစ္စည်းကို မသိအောင်ယူခြင်း
ပြုမိပါက ဆရာမကြီးက ကြိမ်လုံးနှင့်ရိုက်နှက် ဆုံးမသည်။ ကျောင်းတက်ပါက ဘုရားရှိခိုးကြရ
သည်။ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆို၍ အလေး ပြုကြရသည်။ မူလတန်းပညာ သင်ကြားပြီးဆုံးပါက
ဘုရားရှိခိုးစာ၊ နိုင်ငံတော်သီချင်းတို့ ရွတ်ဆိုတတ်သွားကြသည်။ မိဘများကလည်း သားသမီးများအား
အမြင်မတော်၊ အကြားမတော်သည်များရှိပါက ကြိုက်သလို ဆုံးမပေးပါရန် ဆရာများကို လေးလေး စားစားဖြင့်
အပ်နှံကြသည်။ လူငယ်များ ဘဝအခြေခံကောင်းမွန်စေရန် မူလတန်းပညာသင်ကြားစဉ် ကတည်းကပင် ယဉ်ကျေးလိမ္မာစေမည့်
သွန်သင် ဆုံးမမှုများ၊ လောကနီတိများကိုပါ သင်ကြားပေးခဲ့ သည်ကို ပြန်လည်အမှတ်ရမိသည်။
ကျောင်းစာပညာရပ်များ
သင်ယူပြီးမြောက်၍ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်ကြသည့်အချိန် တွင် ဌာနအကြီးအကဲများ၊
အထက်အရာရှိများက လုပ်ငန်းခွင်ကျွမ်းကျင်အောင် လုပ်ငန်းဆိုင်ရာ အတတ်ပညာများကို သင်ကြားပေးခဲ့ကြသည်။
အတုယူစရာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ နှင့် ထိတွေ့လုပ်ကိုင်ကြရသူများက လုပ်ငန်းခွင်တွင်
တိုးတက်အောင်မြင်မှုများ ရရှိကြသည်။ ဆရာသမားများ၏ ကျေးဇူးဂုဏ်ကို ထောက်ထား၍ ကိုယ်ကျင့်
တရားများကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။
နည်းလမ်းမှန်စွာဖြင့်
သွန်သင်ဆုံးမ နည်းလမ်းပြပေးကြရမည်
စာပေများထဲတွင်
နှမ်းခိုးစားခဲ့သည့် ဘုရင့်သားတော်ကို ဆုံးမခဲ့သည့်ဆရာ။ မင်းတုန်းမင်း ငယ်စဉ်က ပညာသင်ကြားချိန်တွင်
ငါးခြောက်ပြားတစ်ချပ်ကိုပင် မထိန်းသိမ်းနိုင်ခဲ့သည့်အတွက် မင်းပြစ်မင်းဒဏ် ခံရနိုင်မှန်းသိသော်လည်း
ရိုက်နှက်ဆုံးမခဲ့သည့်ဆရာမျိုးလည်းရှိခဲ့သည်။ ဒေဝဒတ်ကို ဆရာအတင်မှား၍ ဖခင်ကို ပြန်သတ်မိခဲ့သည့်
အဇာတသတ်မင်းသားလို တပည့်မျိုးလည်းရှိခဲ့သည်။ ဆရာတိုင်းက မာဃဒေဝလင်္ကာတွင်ဆိုထားသည့်
“ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၍၊
ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့” ဟု ဆိုသည့်အတိုင်း တပည့်များ၏ အမုန်းကိုခံကာ
စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများ ဖြစ်လာစေရန် တပည့်များကို နည်းလမ်းမှန်စွာဖြင့်
သွန်သင်ဆုံးမ နည်းလမ်းပြပေးကြရမည်ဖြစ်ပါသည်။
လူငယ်တိုင်းက မိသားစုထက်
သူငယ်ချင်းအပေါင်းအသင်းများကို ပိုမိုခင်တွယ်တတ်ကြသည်။ အပေါင်းအသင်းမှားယွင်းပါက မိမိတို့ဘဝလမ်းမှားကို
ရောက်ရှိသွားနိုင်သည်။ မိတ်ဆွေစစ်၊ မိတ်ဆွေ တုများကို ခွဲခြားပေါင်းသင်းတတ်ရန်လိုသည်။
အပေါင်းအသင်းမှားပါက ဘဝပျက်၍ အသက်ဆုံးရှုံး ရသည်အထိ ဖြစ်ခဲ့ရသည့်ဖြစ်ရပ်များ၊ စာရိတ္တ
ပျက်ယွင်းမှုကြောင့် ပညာထူးချွန်ထက်မြက်သူပင် ဖြစ်စေကာမူ လူဆိုးလူမိုက်ဖြစ်သွားတတ်သည့်
နမူနာများကို ရယူကာ ရွေးချယ်ပေါင်းသင်းတတ် ကြရန်လိုအပ်သည်။ လူမှုကွန်ရက်စာမျက်နှာများကိုလည်း
အလွဲအမှား၊ အလွန်အကျွံ မသုံးစွဲမိစေရန် ဆင်ခြင်ကြရပါမည်။
တချို့က ရတာမလို၊
လိုတာမရသည်ကို ဆင်းရဲသည်ဟု ထင်မှတ်ကြသည်။ အမှန်မှာ မရနိုင် တာကို လိုချင်ခြင်း၊ မဖြစ်သင့်သည်ကို
ဖြစ်ခြင်းများကသာ ဆင်းရဲခြင်း အစစ်အမှန်ဖြစ်သည်။ ဤအယူ အဆ လွဲမှားမှုကြောင့် မိမိစိတ်ဆန္ဒကို
အလိုလိုက်ကာ ဇွတ်အတင်းပြုလုပ်လာကြသည့်အတွက် စာရိတ္တ များ ယိုယွင်းပျက်စီးလာခြင်းဖြစ်သည်။
လူငယ်များ၏ စာရိတ္တယိမ်းယိုင်လာခြင်းကြောင့် နိုင်ငံတိုးတက် မှု အရှိန်အဟုန်ပျက်စေနိုင်သလို
မိဘပြည်သူများ၏ စိတ်နှလုံးကို ညှိုးနွမ်းစေပါသည်။
သို့ဖြစ်၍ တစ်မျိုးသားလုံး၏အရေးဖြစ်သည့်
လူငယ်များ၏ စာရိတ္တမဏ္ဍိုင် တည့်မတ်ခိုင်မာရေး လုပ်ငန်းများကို လူငယ်များအပါအဝင် မိဘပြည်သူ
တစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းသွားကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment