၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးသည့် အချိန်သမိုင်းစာမျက်နှာသစ်တွင် ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ပေးရန်အလို့ငှာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တာ ကျင်းပခဲ့ပါသည်။
၂။ ဤဖိုရမ်သို့
တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေမှ
လူငယ်ကိုယ်စားလှယ်များအပြင် ပဋိပက္ခဘေးသင့်ရာ ဒေသများမှ လူငယ်များ၊ အဆင့်မြင့်ပညာရေးတက္ကသိုလ်များ၊
ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ လူငယ်များ စုစုပေါင်း ၄၅၀ ဦး
တက်ရောက်ကြပြီး အနာဂတ်ကာလတွင် လူငယ်များ ပါဝင်နိုင်မည့်
ကဏ္ဍများနှင့်လုပ်ငန်းများကို သုံးရက်ကြာရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြပြီး
ဤကြေညာစာတမ်းအား ထုတ်ပြန်ကြေညာအပ်ပါသည်။
၃။ ဖိုရမ်ကျင်းပသည့်
ပထမနေ့တွင် လူငယ်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ်
လက်တွေ့စီမံခန့်ခွဲခဲ့ရသည့် လူကြီးများထံမှ အတွေ့အကြုံများနှင့် သင်ခန်းစာများကို ငြိမ်းချမ်းရေးလက်ဆင့်ကမ်းခြင်းနှင့်
ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့်
ဆွေးနွေးပွဲအားစတင်ခဲ့ပြီး တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊
နေပြည်တော်ပြည်ထောင်စုနယ်မြေ ကိုယ်စားပြုလူငယ် ၁၅ ဦးနှင့် အခြားတိုင်းရင်းသားနှင့်
ဘေးသင့်ဒေသများကိုယ်စားပြု လူငယ်ကိုယ်စားလှယ် ၇ ဦးတို့မှ ဒေသအလိုက် မတူကွဲပြားသည့်
အသံများကို ဖော်ထုတ်ခဲ့ပါသည်။
၄။ ဖိုရမ်၏
ဒုတိယနေ့တွင် အနာဂတ်ကာလငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွင်
လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းများအပေါ် ပညာရှင်များ၊
လူငယ်လုပ်ငန်းရှင်များက တင်ပြကြပြီး လူငယ်ကိုယ်စားလှယ်များ အဖွဲ့များခွဲ၍
အသေးစိတ်ဆွေးနွေးအဖြေရှာဖော်ထုတ်ကာ အဖွဲ့လိုက်ကွန်ရက်ဖွဲ့ဆောင်ရွက်ရန်
ပြင်ဆင်ခဲ့ပါသည်။
၅။ ဖိုရမ်၏
တတိယနေ့တွင် အနာဂတ်ကာလ၌ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများအပေါ်
အကြံပြုချက်များနှင့် လက်တွေ့အဆိုပြုချက်များကို အဖွဲ့လိုက်
ဆွေးနွေးတင်ပြခဲ့ပါသည်။ လူငယ်များ၏ ရှေ့အမြင်များနှင့် ဖန်တီးမှုများကို လျှပ်တစ်ပြက်စစ်တမ်းများဖြင့်
ပုံဖော်နိုင်ခဲ့ပြီး လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည့်
ကွန်ရက်အဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ ထိုအကြံပြုချက်များအပေါ် အခြေခံ၍
ကွန်ရက်များဖြင့် ဒေသအသီးသီးရှိ ငြိမ်းချမ်းရေးစိန်ခေါ်မှုများကို လူငယ်များ
ကိုယ်တိုင်ပါဝင် ဖြေရှင်းနိုင်မည့် လက်တွေ့အစီအစဉ်များ ဖော်ထုတ်ခြင်းမှတစ်ဆင့်
အမျိုးသားအဆင့် လူငယ်များပါဝင်မှု အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်စေမည့်
ရှေ့လုပ်ငန်းစဉ်များ၊ အကြံပြုချက်များကို စနစ်တကျ ချမှတ်နိုင်ခဲ့ပါသည်။
၆။ ဤသို့လျှင်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် “နိုင်ငံတစ်ဝန်းရှိ လူငယ်များကို ငြိမ်းချမ်းရေးတည်ဆောက်ရေး၊
စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် စုပေါင်းပါဝင်လာရေးနှင့်
စွမ်းရည်ပြည့်ဝသော ခေါင်းဆောင်များ ဖြစ်ပေါ်လာရန်အတွက် လူငယ်များအား
ငြိမ်းချမ်းရေးအသိ မြှင့်တင်ပေးနိုင်ရန်” ဟူသော ဖိုရမ်ဦးတည်ချက်အား အောင်မြင်စွာရရှိခဲ့ပြီး
အနာဂတ်ကာလငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များအတွက်
အောက်ဖော်ပြပါအခွင့်အလမ်းများကို စုပေါင်းဖန်တီးကြရန် စုပေါင်း
သန္နိဋ္ဌာန်ပြုအပ်ပါသည်-
(က) ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို
ဖော်ထုတ်နိုင်မည့် ငြိမ်းချမ်းရေးကို ပြင်းပြစွာ လိုလားကြသည့် လူငယ်အသိုက်အဝန်းများအကြား
အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေမည့် လူငယ်ကွန်ရက်များ
ဖွဲ့စည်းတည်ထောင်၍ လူငယ်များလက်တွေ့ဆောင်ရွက်နိုင်သည့် စီမံချက်များကို လူငယ်များကိုယ်တိုင်
အကောင်အထည်ဖော်ရန်၊
(ခ) ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ မတူကွဲပြားမှုများကို နားလည်၍
အမုန်းတရားများ တိုက်ဖျက်နိုင်ရန် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့်
စီးပွားရေးဖွံ့ဖြိုးရေးနယ်ပယ်အသီးသီးရှိ လူငယ်များ၏ စွမ်းရည်မြှင့်တင်ပေးရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက်
လူငယ်ဆိုင်ရာ စီမံကိန်းများရေးဆွဲရန်၊
(ဂ) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး၊ လူမှုသဟဇာတမြှင့်တင်ရေးလုပ်ငန်းဆိုင်ရာ
အစီအစဉ်များကို ဒေသအလိုက် မြေပြင်အခြေအနေများနှင့် ကိုက်ညီမည့် စီမံချက်များအား လူငယ်များကိုယ်တိုင်စွန့်ဦးဆောင်ရွက်ပြီး
နိုင်ငံတော်၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေမည့် အကြံပြုချက်များ
ဖော်ထုတ်ရန်၊
(ဃ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် နိုင်ငံတကာနှင့်
ပြည်တွင်း ပြည်ပမီဒီယာရပ်တည်ချက်များကို ပြည်တွင်းလူငယ်များ၏ အမြင်နှင့်
ပုံရိပ်ပြောင်းလဲရေး ဆောင်ရွက်ရန်၊
(င) လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို
စုစည်း၍ အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်နှင့် ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာ
စာတမ်းတစ်ရပ် (Youth Peace Policy Paper) အား ရေးဆွဲတင်ပြနိုင်ရန်
ဖြစ်ပါသည်။
၇။ ထို့ကြောင့်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်သည် အနာဂတ်မြန်မာနိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏
အခန်းကဏ္ဍပါဝင်မှုကို အလေးပေးဖော်ဆောင်နိုင်ခဲ့ပြီး လူငယ်များ၏ စိတ်ဓာတ်နှင့်
စွမ်းအားများကို အကောင်းဆုံးသော ပုံစံများဖြင့် ငြိမ်းချမ်းရေးနှင့်
နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များအတွင်း ပေါင်းစပ်ထည့်သွင်းနိုင်ရန်
ဖော်ထုတ်ခဲ့ပြီး တက်ရောက်ပါဝင်ကြသည့် လူငယ်များအနေဖြင့်လည်း-
(က) မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊
(ခ) မိမိကွန်ရက်ကို ခိုင်မာအောင် ဖွဲ့စည်းမည်၊
(ဂ) မိမိဒေသကို ငြိမ်းချမ်းအောင် ပံ့ပိုးမည်၊
(ဃ) မိမိနိုင်ငံအတွက် ကောင်းအောင် ကြိုးစားမည်။
ဟု
သစ္စာအဓိဋ္ဌာန်ပြု၍ ဤကြေညာစာတမ်းအား ထုတ်ပြန်အပ်ပါသည်။
နေပြည်တော်
၂၀၂၆
ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်
No comments:
Post a Comment