မနှင်းဝတ်ရည်ဝင်း
(ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်)
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC I) ၌ သုံးရက်တာကျင်းပခဲ့ပြီး ဖိုရမ်တတိယနေ့တွင် ဖိုရမ်၏ အဓိကအရေးအကြီးဆုံးအပိုင်းဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက်စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ပညာရှင်များက အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်၊၊
ဖိုရမ်ကျင်းပသည့်
သုံးရက်တာ ဆွေးနွေးမှုများမှတစ်ဆင့် ထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးနှင့်
အနာဂတ်လူငယ် ကြေညာစာတမ်းနှင့် ဖိုရမ်မှ အကြံပြုချက်များကို စုစည်းပြီး အနာဂတ်နိုင်ငံတည်ဆောက်ရေးတွင်
ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်၊၊
ထိုကဲ့သို့
ဖိုရမ်သုံးရက်တာအတွင်း တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်များ၏
အမြင်သဘောထားဆန္ဒများ၊ မျှော်မှန်းချက်များကို စုစည်းဖော်ပြအပ်ပါသည်၊၊
မနှင်းဝတ်ရည်ဝင်း
ဘာသာရေးဆိုင်ရာ
ယုံကြည်ကိုးကွယ်မှုအမျိုးမျိုးမှ လူငယ်ကိုယ်စားလှယ်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်
တတိယနေ့ဆွေးနွေးမှုတွေမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့
ငြိမ်းချမ်းရေးအပေါ်ထားရှိတဲ့ ဆန္ဒတွေ၊ သဘောထားအမြင်တွေကို သိမြင်ခံစားခွင့်ရတယ်၊၊
ပြီးတော့ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ မတူညီတဲ့ လူငယ်တွေရဲ့
အတွေးအမြင်များစွာကို သိရှိခွင့်ရခဲ့တယ်၊၊ Speaker တွေ ဆွေးနွေးသွားကြတဲ့
အကြောင်းအရာတွေထဲမှာ လူငယ်တွေမသိသေးတဲ့ အကြောင်းအရာတွေ၊ အခန်းကဏ္ဍတွေ၊ ဘာသာရပ်တွေ၊
အကြံပြုချက်တွေ များစွာသိရှိခွင့်ရခဲ့ပါတယ်၊၊ ပညာရှင်တွေက လူငယ်တွေကို
တွေးခေါ်မြော်မြင်နိုင်တဲ့ နည်းလမ်းတွေကို ပြသပေးသွားတာလည်း ရှိပါတယ်၊၊
ဖိုရမ်မှာ
တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးနဲ့ တွေ့ဆုံခွင့်ရလို့ အင်မတန်ပျော်ရွှင်မိပါတယ်၊၊
ဒီဖိုရမ်နဲ့ ပတ်သက်ပြီး ဆွေးနွေးသွားကြတဲ့ လူငယ်တွေရဲ့ စကားသံတွေအပေါ်
နိုင်ငံ့အကြီး အကဲတွေအနေနဲ့ နားလည်လက်ခံပြီး ဆွေးနွေးမှုတွေကနေရရှိလာတဲ့
ရလဒ်တွေကို လိုအပ်တဲ့နေရာတွေမှာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပြီး
ကူညီထောက်ပံ့ပေးစေလိုပါတယ်၊၊ ဒီဖိုရမ်ကနေ လူငယ်တိုင်းရဲ့ ပညာရေး၊ ကျန်းမာရေး၊
စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ ပိုမိုမြင့်မားတိုးတက်အောင် အကောင်အထည်ဖော်ပြီး အမှန်တကယ်တည်ငြိမ်အေးချမ်းသော၊
တရားမျှတပြီးလွတ်လပ်သော နိုင်ငံတော်ကြီးဖြစ်ပါစေလို့ ယုံကြည်မျှော်လင့်ပါတယ်၊၊
မောင်စောနေသပလေးထူး
မွန်ပြည်နယ် ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
ဒီဖိုရမ်ကနေ
ဒေသတစ်ခုချင်းစီက လူငယ်တွေရဲ့ တွေ့ကြုံခံစားနေရတဲ့ ရင်ဖွင့်ပြောကြားတဲ့ စကားသံတွေကို
တွေ့မြင်ကြားသိခဲ့ရပါတယ်၊၊ ပြီးတော့ နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ လူငယ်တွေအတွက်
အကြံပြုပြောကြားတာတွေ အများကြီးကို သိရှိခွင့်ရတာတွေဟာ တန်ဖိုးဖြတ်လို့ မရပါဘူး၊၊
တိုင်းဒေသကြီးနဲ့
ပြည်နယ်တွေမှာ လူငယ်တွေနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးဖိုရမ်၊ ဆွေးနွေးပွဲတွေ၊
တွေ့ဆုံမှုတွေကို စဉ်ဆက်မပြတ် ပြုလုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံတော်တည်ဆောက်ရေး
အခန်းကဏ္ဍတွေမှာ လူငယ်တွေ ပိုပြီးပါဝင်နိုင်မယ်လို့ ထင်ပါတယ်၊၊
မောင်ခွန်လွန်းကျော်
ရှမ်းပြည်နယ် ကိုယ်စားပြုလူငယ်ကိုယ်စားလှယ်
လူငယ်ငြိမ်းချမ်းရေး
ဖိုရမ်မှာ ဆွေးနွေးသွားကြတဲ့ ညီနောင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ ရင်တွင်းစကားသံတွေကို
ကြားသိရတဲ့အတွက်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးနဲ့ တွေ့ဆုံခွင့်ရတဲ့အတွက်
အင်မတန်ပျော်ရွှင်မိပါတယ်၊၊
နိုင်ငံ့အကြီးအကဲတွေ
ပြောကြားသွားတဲ့ စကားတွေထဲမှာလည်း လူငယ်တွေအတွက် အကျိုးများစွာရရှိစေမယ့် ဗဟုသုတသစ်တွေ၊
အသိအမြင်သစ်တွေ၊ အကြံပြုတိုက်တွန်းချက်တွေနဲ့ လူငယ်တွေကို ဘယ်လောက်အထိ အလေးအနက်ထားတန်ဖိုးထားတယ်ဆိုတာကို
သိမြင်ခံစားရတယ်၊၊ ဒီလို အလေးထားတာကို ဒီဖိုရမ်က သက်သေပြသွားတာပါ၊၊
ဆက်လက်ပြီးတော့
လူငယ်တွေရဲ့ ကဏ္ဍကို မြှင့်တင်ပေးစေလိုပါတယ်၊၊ လူငယ်တိုင်းရဲ့ အနာဂတ်တွေလှပနေမှသာ နိုင်ငံတော်တည်ဆောက်ရေးမှာ
ပိုမိုပါဝင်နိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့
ပြောကြားချင်ပါတယ်၊၊
မောင်စိုင်းကောင်းအုပ်စိုး
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်
သုံးရက်တာ ဆွေးနွေးသွားကြတဲ့ အကြောင်းအရာတွေက မတူညီသော၊ ဆန်းသစ်သော အသိဉာဏ်၊ အကြံအစည်နဲ့
တွေးခေါ်မှု ပုံစံတွေအများကြီး ရရှိခဲ့ပါတယ်၊၊ မတူညီတဲ့ နယ်မြေဒေသတွေက လူငယ်တွေရဲ့
ရင်တွင်းစကားသံတွေ အများကြီးကိုလည်းကြားသိရပြီး သူတို့ရဲ့ဘဝကို
ပိုမိုနားလည်လာပါတယ်၊၊ ပြီးတော့ တက်ရောက်လာကြတဲ့ လူငယ်တွေက ငြိမ်းချမ်းရေးအတွက် လူငယ်တွေရဲ့
အမြင်သဘောထားမျိုးစုံကို ရှုထောင့်အသစ်ကနေ တင်ပြကြပါတယ်၊၊ ပညာရှင်တွေနဲ့
ငြိမ်းချမ်းရေးမှာ ပါဝင်လုပ်ဆောင်နေသူတွေရဲ့ ဆွေးနွေးမှုတွေကနေလည်း နိုင်ငံတော်ရဲ့
လုပ်ဆောင်ချက်တွေ၊ ကြိုးပမ်းမှုတွေကို သိမြင်နားလည်ရပါတယ်၊၊
ဒီလိုဘက်စုံဆွေးနွေးမှုတွေကနေ လက်တွေ့ဆောင်ရွက်မှုတွေအဖြစ် ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊၊
ဒီလိုသွားရာမှာလည်း ကျွန်တော်တို့ လူငယ်တွေရဲ့အားတွေ အများကြီး ပါဝင်စေချင်ပါတယ်၊၊
ဒီလိုဖိုရမ်မျိုးတွေကို တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျင်းပပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရပါစေလို့
ဆန္ဒပြုပါတယ်၊၊
မပန်းအိန္ဒြေထက်
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း-MYEA လူငယ်ကိုယ်စားလှယ်
ဖိုရမ်သုံးရက်တာမှာ
လူငယ်တွေအားလုံးက တက်တက်ကြွကြွဆွေးနွေးကြပါတယ်၊၊ ကဏ္ဍစုံဆွေးနွေးကြတယ်၊၊
နိုင်ငံတိုးတက်အေးချမ်းဖို့ လုပ်နိုင်သလောက်အကောင်းဆုံးလုပ်သွားကြဖို့
အားလုံးပေါင်းဆုံအဖြေရှာကြတာပါ၊၊ ပညာရှင်တွေက ပါဝင်ဆွေးနွေးပေးတော့ ပိုပြီးဗဟုသုတရပါတယ်၊၊
လူငယ်တစ်ဦးအနေနဲ့ လက်တွေ့လုပ်ငန်းနယ်ပယ်ထဲမှာ ဒီကရတဲ့ အသိပညာ၊ အကြောင်းအရာက ပြန်ပြီးအသုံးချလို့ရပါတယ်၊၊
လူငယ်တစ်ဦးအနေနဲ့ သိမြင်ခံစားရတာတွေ ကို ပြန်ပြီးမျှဝေတာမျိုး၊ လှုပ်ရှားမှုတွေ
ဆောင်ရွက်တာမျိုးတွေဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်၊၊ ဒီထက်ပိုပြီး လူငယ်တွေ
နိုင်ငံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးမှာ ပါဝင်လာနိုင်မယ့် အခွင့်အလမ်းတွေ
အများကြီးရှိစေချင်ပါတယ်၊၊ ဒီဖိုရမ်ကြီးက ဒီအခွင့်အလမ်းတွေရဲ့ ခြေလှမ်းအစလို့လည်း
ထင်မြင်မိပါတယ်။
မောင်မျိုးမင်းဦး
မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ
ဆွေးနွေးသွားကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဆီကနေ မတူကွဲပြားတဲ့ အတွေးအမြင်တွေ၊
အတွေးအခေါ်တွေနဲ့ ဆွေးနွေးနေကြတာကိုလည်း တွေ့မြင်ခဲ့ရတဲ့အတွက် အသိပညာဗဟုသုတတွေ
များစွာရရှိပါတယ်၊၊ ဆွေးနွေးပွဲမှာ လူမှုရေး၊ ပညာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေများစွာကိုလည်း
သိရှိရတဲ့အတွက် ကျေနပ်ပီတိဖြစ်မိပါတယ်၊၊ ‘‘လှည်းဘီးနွံထဲ ကျွံနေသည်၊ ပြိုင်တူ
တွန်းလျှင် ရွေ့နိုင်ပါသည်’’ ဆိုတဲ့အတိုင်း မိဘ၊ ဆရာနဲ့ အစိုးရသုံးရပ်လုံးပေါင်းစပ်ပြီး
အသိပညာအတတ်ပညာတွေကို လူမှုဘဝတိုးတက်ရေးအတွက် နယ်ပယ်ဒေသအသီးသီးမှာ ပြန်လည်အသုံးချနိုင်ပြီး
ပညာရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်နိုင်မယ်လို့
ယုံကြည်မျှော်လင့်မိပါတယ်၊၊
မောင်ကြည်စန်းဝိန်
မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်
သုံးရက်တာကျင်းပခဲ့တဲ့
လူငယ် ဖိုရမ်မှာ နယ်မြေဒေသမတူညီတဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့
တွေ့ဆုံခွင့်ရတယ်၊ ခင်မင်ရင်းနှီးခွင့်ရတယ်၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်တွေကို
တွေ့မြင်ခွင့်ရလို့ အင်မတန်ဝမ်းသာပျော်ရွှင်မိပါတယ်၊၊ ကျွန်တော့်ရဲ့ မိဘတွေက
တောင်သူလယ်သမားတွေ ဖြစ်ပါတယ်၊ တောင်သူ့သားဖြစ်တဲ့အတွက် စိုက်ပျိုးရေးကဏ္ဍတွေမှာ
တောင်သူလယ်သမားတွေ အခက်အခဲကြုံတွေ့နေရတာတွေကို ပါဝင်ဆွေးနွေးခဲ့ပါတယ်၊၊
အခုဖိုရမ်မှာ
လူငယ်တွေဆွေးနွေးသွားကြတဲ့ အတွေးအခေါ်၊ အမြော်အမြင်သဘောထားတွေကို တာဝန်ရှိသူတွေအားလုံးက
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်၊၊ ဒီဖိုရမ်မှာ မျိုးဆက်သစ်လူငယ်တွေရဲ့
အတွေးအခေါ်၊ အမြင်သဘောထားတွေကို ထုတ်ဖော်ပြောဆိုခွင့်ပေးတဲ့အတွက် နိုင်ငံ့အကြီးအကဲတွေကို
ကျေးဇူးအထူးတင်ရှိပါတယ်၊၊
တွေ့ဆုံမေးမြန်း
- မင်းကျော်စွာ
ဓာတ်ပုံ
- အောင်မင်းထွန်း







No comments:
Post a Comment