မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအပေါ် ခွဲခြားဆက်ဆံသည့် ဥပဒေများနှင့် မူဝါဒအမျိုးမျိုးကို ကျင့်သုံးခဲ့သည်ဟု လူမျိုးသုဉ်းစေမှု၏ ရှေ့ပြေးနိမိတ်များ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်လူမျိုးသုဉ်းစေမှုလုပ်ရပ်များဖြစ်သည်ဟု စွပ်စွဲထားခြင်းအပေါ် မြန်မာနိုင်ငံ၏ ချေပလွှာတစ်ခုချင်းစီ၏ အခန်း (၁၀) တွင် တုံ့ပြန်ထားပြီးဖြစ်ပါကြောင်း၊ ယင်းစွပ်စွဲချက်များကိုကြည့်ပါက ဂမ်ဘီယာအနေဖြင့် သတိမမူဘဲအဆုံးစွန်သော စွပ်စွဲချက်များကို လက်လွတ်စပယ် ပြုလုပ်နေသည်မှာ ထင်ရှားပါကြောင်း။
မြန်မာနိုင်ငံသည် ၁၉၈၂ ခုနှစ်တွင်
နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသားအမျိုးအစား သုံးမျိုးကိုသတ်မှတ်ခဲ့ပြီး
၎င်းတို့ကို “နိုင်ငံသား”၊ “ဧည့်နိုင်ငံသား”နှင့် “နိုင်ငံသားပြုခွင့်ရသူ” ဟု
ခေါ်ဆိုပါကြောင်း၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်
“နိုင်ငံတော် ကောင်စီက အခါအားလျော်စွာ သတ်မှတ်သောအခွင့်အရေးများမှအပ.. [အပြည့်အဝ]
နိုင်ငံသားတစ်ဦး၏ အခွင့်အရေးများကို” ခံစားခွင့်ရှိပါကြောင်း၊ ဧည့်နိုင်ငံသား
သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည် ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော်လည်း
ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံပိုင်ခွင့်မရှိပါကြောင်း၊ သို့သော်လည်း ၎င်းတို့သည်
နိုင်ငံသားကဲ့သို့ပင် မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို နေထိုင်အလုပ်လုပ်ကိုင်နိုင်ပြီး
မြန်မာနိုင်ငံကူးလက်မှတ်ရရှိပိုင်ခွင့်ရှိပါကြောင်း၊ ဤဥပဒေပါ မည်သည့်အချက်မျှ
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂါလီများအပေါ်သာ သီးသန့်သက်ရောက်ခြင်းမရှိပါကြောင်း။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နိုင်ငံသားဖြစ်မှု သို့မဟုတ်
လူမျိုးအဆင့်အတန်း တစ်မျိုးထက်ပို၍ရှိသည့် တစ်ခုတည်းသော နိုင်ငံမဟုတ်ပါကြောင်း၊
နိုင်ငံသားဖြစ်မှု ပုံစံအမျိုးမျိုး တည်ရှိနေခြင်းသည် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ဖြစ်သည်ဟုဆိုရန်
ခက်ခဲပါကြောင်း၊ ဂမ်ဘီယာသည် ဘင်္ဂါလီများမှာ နိုင်ငံသားဖြစ်ခွင့်
“ငြင်းပယ်ခံထားရသည်” ဟူသော အမြင်ကို ဖန်တီးရန် ကြိုးပမ်းနေပုံရပြီး ယင်းအချက်မှာ
မှန်ကန်ခြင်းမရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီအချို့မှာ အပြည့်အဝနိုင်ငံသားများဖြစ်ကြပြီး
အချို့မှာ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူများဖြစ်ကြကာ အချို့မှာမူလျှောက်ထားပါက
နိုင်ငံသားအဆင့်အတန်း တစ်မျိုးမျိုးရရှိပိုင်ခွင့်ရှိသူများဖြစ်ပါကြောင်း၊ အမှန်စင်စစ်ဤဥပဒေသည်
ဘင်္ဂါလီလူဦးရေကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝကမ္မဆိုင်ရာ ဖျက်ဆီးရန်
ရည်ရွယ်ချက်ကို မည်သို့ဖော်ပြနေသည်ကို ဂမ်ဘီယာက ခိုင်လုံသော သက်သေအထောက်အထားတစ်စုံတစ်ရာမျှ
တင်ပြနိုင်ခြင်းမရှိပါကြောင်း။
၂၀၁၅ ခုနှစ်မှစ၍ "NV" လုပ်ငန်းစဉ်အရ
နိုင်ငံသားစိစစ်ခံရသူ၏ သက်သေခံကတ်ပြား "NVC" စာရွက်စာတမ်းအတွက်
ကနဦးလျှောက်ထားရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားဖြစ်မှု ပုံစံတစ်မျိုးမျိုးအတွက် အရည်အချင်းမပြည့်မီသူများကို
နိုင်ငံသားကတ်ထုတ်ပေးမည် မဟုတ်သော်လည်း မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်နိုင်ပြီး NVC
ကို ဆက်လက်ကိုင်ဆောင်နိုင်ပါကြောင်း။
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအမြောက်အမြားသည်
မြန်မာနိုင်ငံအခြားနေရာများမှ သူများကဲ့သို့ပင် NVC လျှောက်ထားခဲ့ကြပါကြောင်း၊ ထိုသို့လျှောက်ထားသူများအနက်
အများစုသည် နောက်ပိုင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ်
နိုင်ငံသားပြုခွင့်ရသူ စိစစ်ရေးကတ်ပြားများ ရရှိခဲ့ကြပါကြောင်း၊ သို့သော် NVC
မလျှောက်ထားသော ဘင်္ဂါလီအမြောက်အမြားလည်းရှိနေပါကြောင်း၊ NVC
ကိုင်ဆောင်ထားသူသည် မိမိတို့၏ မြို့နယ်အတွင်း လွတ်လပ်စွာသွားလာနိုင်ပါကြောင်း၊
ဂမ်ဘီယာသည် NVC လျှောက်ထားသော ဘင်္ဂါလီတစ်ဦးအနေဖြင့်
၎င်းတို့၏ လူမျိုးအမည်ကို “ရိုဟင်ဂျာ”ဟု ဖော်ပြခွင့်မရှိဘဲ “ဘင်္ဂါလီ” ဟုသာ
ဖော်ပြရခြင်းကိုသာ အဓိကကန့်ကွက်လိုပုံရပါကြောင်း။
ဘင်္ဂါလီအမြောက်အမြား NVC လျှောက်ထားရန် ငြင်းဆန်ခဲ့ခြင်းမှာ
နိုင်ငံရေးအကြောင်းပြချက်များကြောင့် သို့မဟုတ် တက်ကြွလှုပ်ရှား သူများ၏ မလျှောက်ထားရန်
ဖိအားပေးမှုကို ခံခဲ့ရခြင်းကြောင့် ဖြစ်နိုင်ပါကြောင်း၊ သို့သော်လည်း လူအများစုက မြန်မာနိုင်ငံ၏
စီမံခန့်ခွဲမှုဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန်ငြင်းဆန်ခြင်းသည်
မြန်မာနိုင်ငံ၏ လူမျိုးသုဉ်းစေမှုရည်ရွယ်ချက်အတွက် သက်သေမဟုတ်ပါကြောင်း၊ အချို့သော
တက်ကြွလှုပ်ရှားသူများသည် ဘင်္ဂါလီများကို မွေးရာပါနိုင်ငံသားဖြစ်ခွင့်
အလိုအလျောက်ရရှိမည့် မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် အသိအမှတ်ပြုရန်တောင်းဆိုနေကြခြင်း
ဖြစ်နိုင်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံက ထိုကဲ့သို့သော
နိုင်ငံရေးတောင်းဆိုချက်များကို မလိုက်လျောခြင်းသည် သက်ဆိုင်ရာလူဦးရေကို
ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝကမ္မဆိုင်ရာ ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိနေခြင်းမဟုတ်ပါကြောင်း၊
မြန်မာနိုင်ငံရှိ အာဏာပိုင်များသည် ဘင်္ဂါလီများအား NVC လျှောက်ထားရန်နှင့်
လက်ခံရန် ဖိအားပေးနေကြောင်း ဂမ်ဘီယာ၏ အဆိုကိုမြန်မာနိုင်ငံက
လက်ခံထားခြင်းမရှိပါကြောင်း၊ ယင်းအဆိုမှန်ကန်သည်ဖြစ်စေ ဤသည်မှာ ဘင်္ဂါလီလူဦးရေကို
ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝကမ္မဆိုင်ရာ ဖျက်ဆီးရန် ရည်ရွယ်ချက်ကို
ဖော်ပြနေခြင်းဖြစ်သည်ဟုဆိုရန် ခက်ခဲပါကြောင်း။
ဘင်္ဂါလီအမြောက်အမြား နယ်စပ်ဖြတ်ကျော်၍
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့သည့်ဖြစ်စဉ်များ ၁၉၇၈ ခုနှစ်တွင်
တစ်ကြိမ်၊ ၁၉၉၁ ခုနှစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မြန်မာ၊
ဘင်္ဂလားဒေ့ရှ်၊ UNHCR တို့ ပူးပေါင်းသဘောတူညီချက်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပါကြောင်း၊
သက်သေအထောက်အထားများအရ ထိုလူဦးရေပမာဏကို လျှော့ချရန် (သို့) ဘင်္ဂလားဒေ့ရှ်သို့ နှင်ထုတ်ရန်
လုပ်ဆောင်ခဲ့သည့် ရည်ရွယ်ချက်ကိုပင် ဖော်ပြနိုင်ခြင်းမရှိ၊ လူမျိုးသုဉ်းစေမှု
ပြုလုပ်သည်ဟု မသတ်မှတ်နိုင်သကဲ့သို့ စွပ်စွဲချက်များသည် အခြေအမြစ်မရှိပါကြောင်း၊ ဖြစ်စဉ်များအပြီးတွင်
မြန်မာနိုင်ငံက ပြန်လည်လက်ခံရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းသည်
လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်ရှိနေသည် ဟူသောအချက်နှင့် ဆန့်ကျင်နေပါကြောင်း၊ ဂမ်ဘီယာက
တင်ပြထားသော သက်သေများသည် UNHCR ဆိုင်ရာ
အထူးကိုယ်စားလှယ်များနှင့် NGO များ၏ အစီရင်ခံစာများဖြစ်ပြီး
အသေးစိတ်အချက်အလက်များ (သို့) သက်သေအထောက်အထားများမပါဝင်ဘဲ ယေဘုယျဆန်သော ဖော်ပြချက်များသာဖြစ်သည့်အတွက်
သက်သေအဖြစ် အသိအမှတ်မပြုသင့်ပါကြောင်း။
“ကလေးမွေးဖွားမှုကို ကန့်သတ်ထားသည်ဆိုသော
စွပ်စွဲချက်များနှင့်” စပ်လျဉ်း၍ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ (၄) ခုကို
ဘင်္ဂါလီများ ကလေးမွေးဖွားမှုကို ကန့်သတ်သည့် မျိုးစောင့်ဥပဒေများအဖြစ်
စွပ်စွဲဖော်ပြထားရာ ယင်းဥပဒေများနှင့်ပတ်သက်၍ မြန်မာက အချေလွှာတွင် ထည့်သွင်းချေပခဲ့ပြီး
ယင်းတို့အပေါ် ဂမ်ဘီယာက တုံ့ပြန်နိုင်ခြင်းမရှိကြောင်း၊ အစိုးရက သတ်မှတ်ထားသော
နယ်မြေများတွင် သားဆက်ခြားသည့် အစီအစဉ်များအတွက် လုပ်ငန်းစဉ်များ
ပြဋ္ဌာန်းထားခြင်းသည် နိုင်ငံလုံးဆိုင်ရာဥပဒေဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ
ဘင်္ဂါလီလူဦးရေကို ဦးတည်ဆောင်ရွက်ခြင်း မဟုတ်ပါကြောင်း၊ ယင်းဥပဒေကို ၎င်းတို့အပေါ်
အတင်းအကျပ်ချမှတ်အကောင်အထည်ဖော်ခဲ့ခြင်းမရှိကြောင်းကို ဂမ်ဘီယာဘက်မှ သက်သေများတွင်
ကလေးနှစ်ဦးနှင့် အထက်ရှိနေသည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါကြောင်း၊ မွေးစာရင်းထုတ်ပေးရန်
ပျက်ကွက်သည်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများအပြီးတွင်
နှစ်အနည်းငယ်ကြာ ရပ်တန့်သွားခဲ့ရာ ၂၀၁၇ ခုနှစ်မှစ၍ မွေးစာရင်းထုတ်ပေးရန် စတင်ခဲ့ပြီး
ဘင်္ဂါလီကလေးမွေးဖွားခြင်းကို ပြည်သူ့ကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်း၊ မိဘများကလည်း
မွေးစာရင်းလျှောက်ထားခြင်း နည်းပါးပါကြောင်း၊ ၁/၂၀၀၅ ဒေသန္တရအမိန့်သည် ၂၀၀၅
ခုနှစ်တွင် မောင်တောမြို့နယ် ဒေသအစိုးရက ထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်
ရုပ်သိမ်းခဲ့သော ယာယီဒေသန္တရအမိန့်တစ်ခုဖြစ်ပြီး ယင်းဒေသန္တရအမိန့်ပါ
အပိုဒ်ခွဲအားလုံးသည် မွတ်ဆလင်များသာမက မောင်တောမြို့နယ်ရှိ လူဦးရေတစ်ခုလုံးအပေါ်
သက်ရောက်ခြင်းဖြစ်သည့်အတွက် ခွဲခြားဆက်ဆံမှုရှိသည်ဟု ခိုင်မာသည့်သက်သေလည်း မပြနိုင်သလို
လူမျိုးသုဉ်းစေခြင်းလည်းမမည်ပါကြောင်း။
“သီးခြားခွဲထုတ်ထားရန်၊ ချုပ်နှောင်ထားရန်နှင့် ရိက္ခာဖြတ်တောက်ရန်
မူဝါဒရှိခြင်း” စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ IDP စခန်းများတွင်
နေထိုင်သူများသည် လွတ်လပ်စွာ ထွက်ခွာ/ သွားလာ၍ အလုပ်အကိုင်များ လုပ်ကိုင်နိုင်ပြီး
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စဉ်ဆက်မပြတ်
ထောက်ပံ့ပေးလျက်ရှိပြီး စခန်းများကို ပိတ်သိမ်းရန်နှင့် ပြန်လည်နေရာချထားပေးရန်
ဆောင်ရွက်လျက်ရှိကြောင်း၊ အောင်မင်္ဂလာဆိုသည်မှာလည်း စစ်တွေမြို့၏ ရပ်ကွက်တစ်ခုမျှသာဖြစ်ပြီး
ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ လူမှုရေးနှင့်ဘာသာရေးလုပ်ငန်းများကို
မြို့နေအခြားသူများနည်းတူ လွတ်လပ်စွာဆောင်ရွက်နိုင်ကြောင်း။
“ရိုဟင်ဂျာတည်ရှိမှုကို ငြင်းပယ်ပြီး ၎င်းတို့ကို
‘ဘင်္ဂါလီ’ ဟု ခေါ်ဆိုသည့် အချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် “ရိုဟင်ဂျာ” ဟူသော
အမည်ကို အသုံးမပြုဘဲ “ဘင်္ဂါလီ” ဟု ရည်ညွှန်းခြင်းသည် ထိုလူဦးရေတည်ရှိမှုကို ငြင်းပယ်ခြင်းမဟုတ်ဘဲ
ထိုလူဦးရေသည် မြန်မာနိုင်ငံ၏ ကျန်ရှိသော လူဦးရေ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားအရ
ကွဲပြားပါကြောင်း၊ မြန်မာနိုင်ငံ၏ တရားဝင်ဌာနေတိုင်းရင်းသား မျိုးနွယ်စုရှစ်စုအနက်တစ်စုအဖြစ်
အသိအမှတ်မပြုခြင်းသည် လူဦးရေကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝကမ္မဆိုင်ရာ
ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိနေကြောင်း ဂမ်ဘီယာကသက်သေပြနိုင်ခြင်းမရှိပါကြောင်း၊ ထို့အတူ
“ရိုဟင်ဂျာ” ဟူသော အမည်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ စာဖြင့်ရေးသားလျှောက်လဲချက်ပါ
နောက်ခံသမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို ဂမ်ဘီယာနိုင်ငံအနေဖြင့်
ပြန်လည်တုံ့ပြန်ချေပနိုင်ခြင်းမရှိကြောင်း။
အချုပ်အားဖြင့်ဆိုသော် ဂမ်ဘီယာစွပ်စွဲထားသော
ခွဲခြားဆက်ဆံသည့် ဥပဒေများနှင့် မူဝါဒများသည် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ ကို
ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝကမ္မဆိုင်ရာ ပျက်စီးစေရန် ပြုလုပ်ခြင်းမရှိသကဲ့သို့
မြန်မာအစိုးရတွင် ဘင်္ဂါလီလူဦးရေကို ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝကမ္မဆိုင်ရာဖျက်ဆီးရန်
ရည်ရွယ်ချက်ရှိခဲ့သည်ဟု ကျိုးကြောင်းဆီလျော်သည့် ကောက်ချက်ချရန် မည်သည့်ရှင်းလင်း
ချက်ကိုမျှ ဂမ်ဘီယာက ပေးနိုင်ခြင်းမရှိပါကြောင်း ချေပလျှောက်လဲခဲ့ပါသည်။
_B%20(1).jpg)
No comments:
Post a Comment