နေပြည်တော် ဇန်နဝါရီ ၂၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ သတ္တုကျိုချက်သန့်စင်စမ်းသပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
တာဝန်ရှိသူများက အခြေခံကုန်ကြမ်းရရှိမှု၊ ကျိုချက်ရေးပစ္စည်းများနှင့် လုပ်ငန်း စဉ်များ၊
ထွက်ရှိလာသော ထုတ်ကုန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ္တုကုန်ကြမ်းများမှ
တန်ဖိုးမြှင့်ကုန်ချောထုတ်ကုန်များ ရရှိအောင် ပြည်တွင်း၌ စမ်းသပ်ထုတ်လုပ်နေမှုကို အထူးအားပေးပါကြောင်း၊
လိုအပ်သော နည်းပညာနှင့် ဓာတ်ခွဲစမ်းသပ်မှုများကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး
ယခုစမ်းသပ်လည်ပတ် သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ကျိုချက်သန့်စင်မှုလုပ်ငန်းအဆင့်ဆင့်ကိုလည်း
ဆက်လက်၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များရရှိအောင်
ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားကာ စမ်းသပ်စက်ရုံအတွင်း ဆောင်ရွက်နေသော လုပ်ငန်းအဆင့်ဆင့်နှင့်
တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ထားမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏
ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ စက်မှုဇုန်ရှိ သတ္တုသန့်စင်စက်ရုံကို
သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တာချီလိတ်မြို့
မြို့တော်ခန်းမ၌ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊
စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက
မဲခေါင်ဒေသနိုင်ငံများတွင် နှစ်စဉ် Fire Hotspots ၁၆၀၀၀၀ ခန့် ဖြစ်ပေါ် လေ့ရှိပြီး
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနိုင်ငံ
အရှေ့ပိုင်းနှင့် လာအိုနိုင်ငံတို့တွင် အဓိကဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရှိရကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် Fire Hotspots ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော်မီးခိုး
မြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံတကာနှင့်ပူးပေါင်း၍
ဆောင်ရွက်လျက်ရှိပါကြောင်း၊ Fire Hotspots နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသော
တောမီးရှို့ခြင်း၊ တောင်ယာမီးရှို့ခြင်းများ မရှိစေရေးအတွက် ဒေသခံများအား အသိပညာပေးခြင်း၊
စစ်ဆေးကြပ်မတ်ခြင်းများကို ဆက်စပ်ဌာနများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံများနှင့်
ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရလဒ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ၂၀၂၄ ခုနှစ်
တွင် Fire Hotspots ၄၈၇၆ ခု ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၃၄၀၂ ခု ဖြစ်ပေါ်ခဲ့သဖြင့်
၃၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့ကြောင်း၊ အလားတူ တာချီလိတ်ခရိုင်တွင် ၂၀၂၄ ခုနှစ်၌
၁၀၄၉ ခု ဖြစ်ပေါ်ခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၄၂၅ ခုသာ ဖြစ်ပေါ်ခဲ့သည့်အတွက် ၅၉ ရာခိုင်နှုန်းအထိ
လျော့နည်းသွားသည်ကို တွေ့ရှိရသဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုး ရလဒ်တစ်ခုပင်ဖြစ်ကြောင်း၊
ဆက်လက်၍ မီးခိုးမြူ ငွေ့ကင်းစင်ပြီး သန့်ရှင်းကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ဖြစ်အောင်
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ပူးပေါင်းပါဝင်ပေး”
ခေါင်းစဉ်ဖြင့်လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “သစ်တောထိန်းသိမ်းရေးနှင့်
ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးကြပြီး
ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ တာချီလိတ်မြို့၏ လေထုအရည် အသွေးတိုင်းတာနေမှုကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment