ချစ်နိုင်
(စိတ်ပညာ)
“Even the
darkest night will end and the sun will rise.” VICTOR HUGO(1802-1885)
မှောင်လွန်းလှသော အမှောင်ဆုံးညသည် တည်တည်ငြိမ်ငြိမ် မပြောင်းလဲဘဲ ပုံမှန်ပြီးဆုံး နိဂုံးချုပ်အဆုံးသတ်သွားလိမ့်မည်ဖြစ်သည့်အပြင် နေမင်းကြီးသည်လည်း ထွန်းလင်းထွက်ပေါ်လာလိမ့်မည်ပင်ဖြစ်ပါသည်။
ဗစ်တာဟူးဂိုး(၁၈၀၂-၁၈၈၅)
(ပြင်သစ်ကဗျာဆရာ၊
စာရေးဆရာ)
ညတစ်ည၏
ညဉ့်ဦးယံ၊ သူငယ်တိတ်ဆိတ်ချိန်၌ ရွာမြောက်ဘက်မှ လူစိမ်းသူစိမ်းအုပ်စုတစ်စုဝင်လာသဖြင့်
အမှောင်ထဲတွင် ရွာရှိခွေးများက ဆူညံစွာဟောင်ကြလေသည်။ တိတ်ဆိတ်သောညတွင်
သေနတ်သံတစ်ချက်က ကျယ်လောင်မြည်ဟိန်းလျက် ထွက်ပေါ်လာသည်။ ခွေးပေါင်းများစွာ ဆူညံနေသော
ခွေးဟောင်သံသည် အသံနည်းသွားသည်။ လူရော၊ ခွေးရောသေနတ်သံနှင့် ယမ်းငွေ့ကိုတော့
အသက်ဘေးမို့ သက်ရှိဗီဇသဘောအရ ကြောက်ရွံ့ထိတ်လန့်တတ်ကြသည်။
၁၉၅၀-၅၂
ကာလအတွင်း ပြည်တွင်းရောင်စုံ သူပုန်သောင်းကျန်းသူများ နေရာအနှံ့တစ်ဗိုလ်တစ်မင်းထကြွစဉ်မှာ
ရဲဘော်ဖြူဟုဆိုသူ လက်နက်ကိုင်အဖွဲ့က စာရေးသူ၏ဖခင်ကို အိမ်ထဲအထိ ဝင်လျက်လက်ပြန်ကြိုးတုပ်ပြီး
ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ မိမိက အသက်သုံးနှစ်သားသာရှိပါသေးသည်။ အမေအလွန်ကြောက်လန့်နေပုံကို
မြင်ရသည်။ အသံမထွက်ရဲအောင် မျက်နှာပျက်သွေးလန့်နေခြင်းကို တအံ့တဩမြင်ရသည်။ အမေက
သူကြီးနှမဖြစ်၍ သူပုန်ကဖမ်းခေါ်ခြင်းလည်း ဖြစ်နိုင်သည်။ ရပ်ရွာမှာ
လူကြီးနေရာပါဝင်သော ကျောင်းဆရာမို့ ရန်ရှာခြင်းလည်း ဖြစ်နိုင်သည်။ ထိုအချိန်က
ရဲဘော်ဖြူဟုခေါ်သူ လက်နက်ကိုင်များမှာ ဗကပသူပုန်အဖွဲ့ဟု နောင်မှ သိခဲ့ရသည်။
ကံကောင်းထောက်မစွာ
တစ်ပတ်လောက်ကြာပြီးနောက် ပုပ္ပားဘက်ရှိ ရွာတစ်ရွာသို့ ပြန်ပို့ပေးပြီး ဒုက္ခမရှာဘဲ
လွှတ်ခဲ့လိုက်ပါသည်။ ထိုစဉ်က မြင်းခြံဘက်မှာအခြေပြုသည့် ဗကပခရိုင်ကော်မတီထဲမှာ
အမေ့ဘက်ကဆွေမျိုး နိုင်ငံရေးထက်သန်သူတစ်ဦး ပါဝင်နေခဲ့ပါသည်။ သူကတာဝန်ယူ၍
ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်း ၁၅ နှစ်၊ နှစ် ၂၀ ကြာမှ ပြန်သိရပါ၏။
၁၉၆၀ ပြည့်နှစ်
မတိုင်မီကလည်းရွာမှာ ချမ်းသာသောတောင်သူတစ်ယောက်၏ တစ်ဦးတည်းသောသား လူငယ်ကို
လက်နက်ကိုင်အချို့က ရွာထဲညအချိန် ဝင်ဖမ်းခေါ်သွားပြီး ငွေပေး၍ ပြန်မရွေးလျှင်
သတ်မည်ခြိမ်းခြောက်သဖြင့် သူတို့ချိန်းဆိုသောနေရာသို့ ငွေသွားပို့ခဲ့ရဖူးသည်။
ဤဖြစ်ရပ်က
နိုင်ငံရေးလက်နက်ကိုင်မဟုတ်ဘဲ တောမီးလောင်တောကြောင်လက်ခမောင်းခတ်ဆိုသကဲ့သို့
လက်ထဲမှာ လက်နက်ရှိသူဓားပြသူခိုးအုပ်စုက အနိုင်ကျင့်ပြန်ပေးဆွဲခြင်းသာဖြစ်ကြောင်း
သိရသည်။ ထိုအချိန်နောက်ပိုင်း၌ ရွာစည်းရိုးကို ဆူးခက်တွေထူထူချ၍ ကာရံကြရသည်။
ရွာလမ်းဝင်ပေါက်၊ ထွက်ပေါက်များကို တံခါးသေချာစွာလုပ်၍ ညစဉ်လူငယ်များ
အလှည့်ကျကင်းစောင့်ကြရသည်။ ဝါးချွန်၊ နှစ်ဖက်ချွန်၊ လောက်လေးခွ၊
ရွှံ့လောက်စာလုံးသာ ခံစစ်လက်နက်ရှိပါ၏။ ရွာသူ ရွာသားများ စည်းလုံးညီညာသဖြင့် ဘာရန်သူမှ
မကပ်ရဲခဲ့သည်မှာ နှစ်ပေါင်း ၆၀-၇၀ ရှိပါပြီ။
နေ့ရှိသလို
ညရှိတတ်ပါသေးတကား။
၂၀၂၅ ခုနှစ်
ဩဂုတ်လလောက်တွင်ကား သူပုန်လူငယ် ၁၀ ယောက်၊ ၁၂ ယောက်သည် သေနတ်အရှည်ကိုယ်စီ၊
ဆိုင်ကယ်ခုနစ်စီး၊ ရှစ်စီးနှင့် နေ့ခင်းကြောင်တောင်ရွာထဲဝင်လာပြီး လူနှစ်ယောက်ကို ခေါ်သွားလေ၏။
ဆည်မြောင်းအင်ဂျင်နီယာ (စစ်တွေမှာတာဝန်ကျနေရာမှ မကွေးမြို့သို့
ပြောင်းရွှေ့ရောက်ရှိစ) ဇနီးရှိရာ ကြီးနီရွာသို့ ခေတ္တခွင့်နှင့် ရောက်ရှိလာခြင်း အခိုက်အတန့်ဖြစ်၏။
ပီဒီအက်ဖ်ဖိုးလှကြီး၊ မြို့တွင်းပြောက်ကျားအဖွဲ့ ဆိုလား ဘာလားမသိပါ။ ထိုအင်ဂျင်နီယာဝန်ထမ်း
လူငယ်နှင့် သူ့ဇနီးကို ရွာပြင်ထုတ်ကာ သေနတ်လေး၊ ငါးလက်ဖြင့် မျက်နှာ၊ ရင်ဘတ်စသည်
အချက်ပေါင်းများစွာ ရက်ရက်စက်စက်လက်ပြန်ကြိုးတုပ်လျက်
အနီးကပ်ပစ်ခတ်သတ်ဖြတ်သွားခဲ့ပါသည်။ ရွာထဲက တိုက်ပွဲဖြစ်နေသည့်အလား သေနတ်သံများ
ထိတ်လန့်စွာကြားရသည်။ လက်နက်အားကိုးဖြင့် သာမန်ပြည်သူ့ဝန်ထမ်းဇနီးမောင်နှံကို ဖမ်းဆီးသတ်ဖြတ်သဖြင့်
လူမမည်သမီးနှစ်ယောက် ကျန်ရစ်ခဲ့ရှာသည်။ ကံကောင်းထောက်မစွာ အဝေးတစ်နေရာ
ကျောင်းပို့ထားခဲ့သည်မို့ တော်သေးသည်။
စာရေးသူ၏
ဇာတိကျေးရွာလေးအတွက်ကား အိပ်မက်ဆိုးများကို ဖြတ်သန်းရတော့သည်။ ဘာမှအပြစ်မရှိသော သာမန်ပြည်သူနှစ်ယောက်ကို
သွေးအိုင်ထဲလဲနေအောင် (မျက်နှာတောင် လူရုပ်မပေါ်တော့လောက်အောင် ကြေမွနေသည်အထိ)
ကြမ်းတမ်းရက်စက်စွာ သတ်ဖြတ်ရက်ကြသည်။
လက်နက်ကိုင်သူပုန်ဓားပြ၊
ဥပဒေအပြင်ဘက်မှ အသက် ၂၀ ကျော် လူငယ်လူရွယ်များ တရားလက်လွတ်ရိုင်းစိုင်းအကြမ်းဖက်နေကြပုံကား
ယုံနိုင်စရာပင်မရှိတော့ချေ။ သို့တစေမှောင်လွန်း သောညများကိုကား မိမိဆွေမျိုးသားချင်းများ
ဖြတ်သန်းနေရသည်မှာ ပကတိအခြေအနေမှန်ပင်။ တရားဥပဒေပြန်လည်စိုးမိုးလာမည့်အချိန်ကိုတော့
မလွဲမသွေပြန်လည်ရောက်ရှိလာပါလိမ့်ဦးမည်။
အသိဉာဏ်နည်းပါးသော
တောသူတောင်သားပညာမဲ့လူငယ်များရှိခဲ့သကဲ့သို့ နိုင်ငံနှင့် လူမျိုး၏ကောင်းကျိုးအတွက်
ကျရာတာဝန်၊ ရောက်ရာနေရာတွင် ဦးလည်မသုန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ် လူကောင်းလူတော်များလည်း
တိုးပွားများပြားလာအောင် ပြည်သူများကိုယ်တိုင်ကလည်း အလေးထားကာ အားပေးပျိုးထောင်ကြစေလိုပေသည်။
နိုင်ငံတစ်နိုင်ငံ၏
လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အဆင့်အတန်းမြင့်ခြင်း၊ နိမ့်ကျခြင်းမှာ သဘာဝရေမြေတောတောင်အခြေအနေလည်း
အဓိကမကျ။ အကျယ်အဝန်း၊ လူဦးရေလည်းပဓာနမဟုတ်။ ပတ်ဝန်းကျင်နိုင်ငံများ၏ အခြေအနေကလည်း
အရေးမကြီးလှ။
တိုင်းပြည်၏
တိုးတက်ဖွံ့ဖြိုးခြင်း၊ ဆုတ်ယုတ်ပျက်စီးခြင်း၏ အခြေခံအကြောင်းရင်းသည်ကား
ခေါင်းဆောင်များနှင့် ပြည်သူလူထု၏ အသိဉာဏ်၊ အမြော်အမြင်ပညာနှင့် ခေတ်မီသော
အတတ်ပညာ၊ နည်းပညာပိုင်ဆိုင်ခြင်းသာ ဖြစ်နေပါသည်။ တိုတိုပြောမည်ဆိုလျှင်
လူသာပဓာနဟူသော အရင်းအမြစ်စစ်စစ်ကို နားလည်သဘောပေါက်ကြရပါမည်။
ကောင်းသည်ဖြစ်စေ၊
ဆိုးသည်ဖြစ်စေ၊ တော်သူများဖြစ်စေ၊ ညံ့သူများဖြစ်စေလူကြီးများသည် အိုမင်းရင့်ရော်သွားကြမည်သည်သာဖြစ်၏။
အားကိုးရလောက်သူများဖြစ်စေ၊ ကပေါက်ချိ ကပေါက်ချာများပင်ဖြစ်စေ လူငယ်လူရွယ်များသည် အနာဂတ်တိုင်းပြည်အတွက်
ဆက်လက်ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြရမည့် လူသားမျိုးဆက်သစ်များ မဟုတ်ပါလား။
တိုင်းပြည်ကို
ကောင်းစေလိုလျှင် လူငယ်လူရွယ်များ၏ အမူအကျင့်နှင့် အရည်အသွေးကို အခြားအရာများထက် ပိုမိုဦးစားပေး၍
ဆောင်ရွက်ရပေမည်။ အထူးသဖြင့် ခံယူချက်၊ ခိုင်မာသောထင်မြင် ယူဆချက် (ဥပမာ-
ဒို့တာဝန်အရေးသုံးပါး) ကို သူတို့၏ သဘောထားအမြင်ထဲ၌ သံမှိုနှက်၍ စွဲနေသကဲ့သို့
ခိုင်မာစေရမည်ဖြစ်ပါသည်။ စာရွက်ပေါ်မှာ ရေးပြရုံနှင့် မရနိုင်ပါ။
သတင်းစာမျက်နှာဖုံးတွင် ဖော်ပြရုံမျှနှင့် မလုံလောက်ပါ။
လူငယ်များက
ယုံကြည်လေးစားသူများကလည်းကောင်း၊ လူရွယ်များနှင့် ရင်းနှီးချစ်ခင်ကြသူများကလည်းကောင်း
(အထူးသဖြင့် စာပေ၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်) စသော
လွှမ်းမိုးနိုင်စွမ်းအလွန်ကြီးမားသည့် အနုပညာရှင်များကိုယ်တိုင်ကပင် နှစ်နှစ်ကာကာ ယုံယုံကြည်ကြည်၊
အမြော်အမြင်ရှိရှိ ဦးဆောင်လှုံ့ဆော်နိုင်ကြရပါမည်။
နမူနာဖော်ပြရလျှင်
အလေးနက်ဆုံးသိမြင်စေရမည့် နိယာမကပင်လျှင် ဝေးဝေးလံလံမဟုတ်ချေ။
ခေါင်းရင်းခန်းစာအုပ်စင်ပေါ်တွင်ရှိသော ဘာသာရေးကျမ်းစာတိုင်းမှာ ဤဓမ္မပဒစာပိုဒ်ကို
တွေ့နိုင်ပါ၏။ မြတ်စွာဘုရားက သားတော်ရာဟုလာ ခုနစ်နှစ်သားလေးကို ပြန်လည်တွေ့ဆုံစဉ် သာမဏေပြုပေးစဉ်က
ဆုံးမခဲ့သော ဩဝါဒစကားပေတည်း။
သဗ္ဗပါပဿ
အကရဏံ၊
ကုသလသုဘ
သမ္ပဒါ၊
သစိတ္တ
ပရိယောဒါပနံ။
ဧတံ
ဗုဒ္ဓါန သာသနံ ။ ။
ဤအဆုံးအမကို
သီတဂူဆရာတော် အရှင်ဉာဏိဿရက ဤသို့ လင်္ကာစီ၍ မြန်မာပြန်ပေးခဲ့ဖူးသည်-
မကောင်းမှုများ
ရှောင်ရှားပယ်ခွာ၊
ကောင်းမှုအပေါင်း
စုဆောင်းကြပါ။
မိမိစိတ်ရင်း
သန့်ရှင်းစေရာ၊
ဤသုံးပါး
ဘုရားသာသနာ။
ဤသည်ကား
တရားအနှစ်ချုပ်၊ လူပီသသူ တိုင်း၏ အလေ့အကျင့်အလုပ်။
ချမ်းမြေ့ဆရာတော်
အရှင်ဇနကာဘိဝံသက တိုတိုရှင်းရှင်း ကာရန်နဘေနှင့် ကျက်မှတ်စေခဲ့သည်-
မကောင်းမှုရှောင်၊
ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထား၊
ပြောပြုရှေ့တွင်၊
သတိယှဉ်
ဆင်ခြင်ဉာဏ်ရှေ့သွား။
လူ့အဖွဲ့အစည်းသည်
ဘာကြောင့်ပျက်ပြား ဆုတ်ယုတ်ပျက်စီးကြရသနည်း။ လူတွေကျင့်ဝတ်၊ စည်းကမ်းပျက်သဖြင့် ပျက်စီးရခြင်းပေတည်း။
သီလ၊ ကိုယ်ကျင့်စာရိတ္တအလေ့အကျင့်ဟုလည်း ဆိုနိုင်လေသည်။
စင်စစ်မူ
စည်းကမ်းသည်ပင် လူ၏တန်ဖိုးမဟုတ်လော။ စည်းကမ်း၊ ကျင့်ဝတ်၊ သီလသည် လူ၏တန်ဖိုး
ပြကိန်းပင်။ ရဟန်းမှာ ဝိနည်း၊ ရွာမှာ စည်းရိုး၊ ရွာမှာစည်းကမ်းပါတည်း။ ဆရာကြီးမင်းသုဝဏ်က
တက္ကသိုလ်လူရည်ချွန်များကို သံတွဲခေါင်တိုင်စခန်းမှာ ကဗျာရေးချင် စာစပ်သင်စာပေပို့ချဆွေးနွေးစဉ်က
ကာရန်နှင့်အဓိပ္ပာယ်ကို နမူနာဤသို့ဆိုပြ၏။ လိုက်ဆိုကြည့်ကြစေ၏။ ဒွေးချိုးလင်္ကာ။
စည်းတွင်းမှာနေ၊
ကင်းကွေလိမ့်ရန်ဘေး၊
ကမ်းကိုကျော်၊
ချော်ကာကျ၊ များလှရန်ဘေး။
စာနှစ်ကြောင်း၏
ထိပ်စည်းစာလုံး “စည်းကမ်း” ကို အသည်းနှလုံးထဲသို့ ထည့်ပေးလိုက်ခြင်းအားဖြင့်
လူငယ်ထူးချွန်သူ၊ လူရည်ချွန်လေးများအား လူကောင်းလေးများဖြစ်လာအောင် ဆရာကြီး၏
လက်ဆောင်။
သီလခေါ်ခေါ်၊
ကိုယ်ကျင့်တရားစာရိတ္တ၊ အကျင့်၊ စည်းကမ်းဘာပဲခေါ်ခေါ်၊ ကိုယ်ကျင့်သီလပြည့်စုံပါက
အကျိုးတရား ဤငါးပါးရရှိပေသည်-
စည်းစိမ်ရလျင်း၊
သတင်းကောင်းနှံ့
မရွံ့ပရိသတ်၊
သေခါမတွေဝေ
နတ်ရွာလားရပေ။
အကျင့်စာရိတ္တညံ့ဖျင်းသူ၊
သီလမရှိသူတို့ကား အောက်ပါအပြစ်ငါးပါးနှင့် ကြုံတွေ့ကြရမည်-
၁။
စည်းစိမ်ပျက်လျင်း၊ ၂။ သတင်းဆိုးနှံ့
၃။
ကြောက်ရွံ့ပရိသာ၊ ၄။ သေခါတွေဝေ
၅။
သေငရဲလား ပြစ်ငါးပါး။
ယနေ့လူငယ်ဟူသမျှသည်
နောင်ဝယ်လူကြီးပေတည်း။ အသက်သာကြီးလာပြီး လူကြီးအမူ အကျင့်မရှိခဲ့လျှင်
တန်ဖိုးမဲ့သော လူညံ့လူပေ၊ လူနုံလူတေလေတွေသာဖြစ်လာပြီး လူအိုလူဖျင်းများသာ ဖြစ်လာကြလိမ့်မည်။
ဆရာအောင်သင်းကတော့
မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ စာအုပ်တွေ၊ ဆောင်းပါးတွေရေးသားခဲ့၏။
အနယ်နယ်အရပ်ရပ်သို့ အသက်အရွယ် ၈၀ ကျော်အထိ ပင်ပန်းဆင်းရဲခံကာ လှည့်လည်ဟောပြောခဲ့ပါ၏။
လူငယ်လူပြိန်းအချို့ကား သူတော် ကောင်းဥစ္စာ (၇) ဖြာဟူသော အချက်မျိုးကိုပင်ကြားဖူးသိဖူးပုံမရချေ။
မိုက်ကန်းကြမ်းတမ်းစွာ လုပ်ဆောင်နေကြ၏။
ဘာသာတရားအဆုံးအမကြောင့်
မိမိတို့ငယ်စဉ်က အလယ်တန်းကျောင်းသားဘဝမှာပင် လူ့အဖိုးတန်ဖြစ်လာစေရန်အတွက် ဆရာသမား၊
မိဘ၊ ဆရာတော် သံဃာတော်များက သူတော်ကောင်းဥစ္စာ (၇) ဖြာကို စွဲစွဲမြဲမြဲ မှတ်သားနားဝင်အောင်
အမွေပေးခဲ့ကြသည်။
၁။ သီလ - ကိုယ်ကျင့်စာရိတ္တကောင်းရမည်။
၂။ ပညာ - ဆင်ခြင်တုံတရား
ခွဲခြားဝေဖန်နိုင် ရမည်။
၃။ သုတ - အကြားအမြင်
ဗဟုသုတလေ့လာ နေရမည်။
၄။ စာဂ - အကျင့်ကောင်း
စွန့်လွှတ်စွန့်လှူ နိုင်ရမည်။
၅။ သဒ္ဓါ - ယုံကြည်မှုရှိရခြင်း။
၆။ ဟီရိ - မကောင်းမှုပြုရမှာ
ရှက်တတ်ရမည်။
၇။ ဩတ္တပ္ပ - မကောင်းမှု ကျူးလွန်ရန် ကြောက် ရမည်။
သီလပညာသုတစာဂ
- သဒ္ဓါဟီရိဩတ္တပ္ပဟု ကျက်မှတ်ခဲ့ရ၏။ ဘဝအတွက် ခိုင်မာသော လက်ကိုင်စွမ်းအားပေတည်း။ ။
No comments:
Post a Comment