Sunday, January 11, 2026

လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှတစ်ဆင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော်စို့


အောင်ကျော်မိုး (ငြိမ်းချမ်းရေး)

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မတူကွဲပြားသော ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းကြောင်းအသီးသီးတို့ ရှိကြသည့်အပြင် လူမှုဘဝနေထိုင်မှုပုံစံ မတူညီသော ပြည်ထောင်စုနိုင်ငံတစ်ခုဖြစ်ပါသည်။

အမိပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင် ကြသည့် လူဦးရေ၏ ၃ ပုံ ၁ ပုံ (၃၃ ရာခိုင်နှုန်း) ခန့်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြပေရာ လူဦးရေဆုလာဘ် ပိုင်ဆိုင်ထားသည့် နိုင်ငံဟုဆိုနိုင်ပါသည်။ လူငယ်ဆိုသည်မှာ အလားအလာကောင်းများ ပိုင်ဆိုင်ထားကြသူများဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အဆိုးအကောင်းသည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်များအပေါ်တွင် မှီခိုနေပါသည်။ လူငယ်များသည်နိုင်ငံ၏ အဖိုးတန်အရင်းအမြစ်များဖြစ်သည့် အားလျော်စွာ မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်များ၊ နေရာဒေသနှင့် လူမှုစီးပွားနောက်ခံအမျိုးမျိုးမှ လူငယ်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသော အနာဂတ်ကို ပုံဖော်ရာတွင် အဓိပ္ပာယ်ပြည့်ဝသော အခန်းကဏ္ဍမှ ပါဝင်လာရန်နှင့် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုများဖြင့် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် မရှိမဖြစ်အရေးပါသည့်အလျောက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရန်မှာ အရေးကြီးလှပါသည်။

အမိနိုင်ငံတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းပဋိပက္ခများသည်လည်း ယှဉ်တွဲပေါက်ဖွားလာသည်ဟု ဆိုနိုင်ပါသည်။ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ပဋိပက္ခများ ရပ်တန့်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြသော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ရေရှည်တည်တံ့ ခိုင်မြဲသောငြိမ်းချမ်းရေးသည်သာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုစီးပွားဘဝများအတွက် အခြေခံအကျဆုံးဖြစ်ပါသည်။ အထူးသဖြင့် ဒေသတစ်ခု၊ နယ်မြေတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရန်အတွက် လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ကျေလည်အောင် ဖြေရှင်းကြရမည် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကိုချုပ်ဆိုကာ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မိမိတို့တိုင်းရင်းသားများအကြား နားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ် ကြိုဆိုလျက်ရှိပါသည်။ ဒေသခံတိုင်းရင်းသားများ ကလည်း လက်နက်ကိုင်အဖွဲ့အစည်းများအား မိမိတို့ လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေးအားပေးဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုပါသည်။ သို့ဖြစ်၍ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်”ဟု မြွက်ကြားခဲ့ပါသည်။ ထိုကဲ့သို့ နိုင်ငံတော်အကြီးအကဲ၏ မိန့်ခွန်းပြောကြားချက်များကို ကြည့်ရှုခြင်းအားဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် တစိုက်မတ်မတ် အားသွန်ခွန်စိုက်ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အနာဂတ်ကာလတွင် လူငယ်များ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပူးပေါင်းပါဝင်လာစေရန် လမ်းကြောင်းများ ဖော်ထုတ်ပေးရန်လိုအပ်ပြီး မတူကွဲပြားသည့် တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုအသီးသီးမှ လူငယ်များ၊ နေရာဒေသအသီးသီးမှ လူငယ်များ၊ လူမှုရေး၊ စီးပွားရေး နောက်ခံအမျိုးမျိုးမှ လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းရေးကို ပုံဖော်ရာတွင် အဓိပ္ပာယ်ပြည့်ဝသည့် အခန်းကဏ္ဍမှ ပါဝင်လာစေရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂၀၂၆ (Youth Peace Forum-2026)ကို “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” (Promoting Youth Participation in Peace and Nation-Building) ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှ ၁၅ ရက်ထိ သုံးရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဖိုရမ်၏ Theme အနေဖြင့် “ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိ လူငယ်များ စုပေါင်းပါဝင်လာစေရန်နှင့် စွမ်းရည်ပြည့်ဝသောခေါင်းဆောင်များ ဖြစ်ပေါ်လာရန်အတွက် ငြိမ်းချမ်းရေးအသိမြှင့်တင်ပေးရန်” ဟု သတ်မှတ်ဆောင်ရွက်မည်ဖြစ်ပါသည်။

ရည်ရွယ်ချက်များအနေဖြင့် “ ငြိမ်းချမ်းရေးနှင့် လူ့အသိုင်းအဝိုင်းတည်ဆောက်ရေးတွင် အားလုံးပါဝင်သည့် လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန် ကာလများတွင် လူငယ်များ၏ လက်တွေ့ကျသည့် အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသည့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့၌ လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ်စီမံချက်တစ်ရပ် ရေးဆွဲနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာစေရန်၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်းပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် (Youth Policy Paper) ရေးဆွဲ နိုင်ရန်ဟူ၍ ချမှတ်ထားပါသည်။

 နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ အမြင်ကွဲပြားမှုများ၊ မယုံကြည်မှုများ၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးစိန်ခေါ်မှု အခြေအနေများ၊ နိုင်ငံတကာမှ စွက်ဖက်ဖိအားပေးမှုများ ရင်ဆိုင်နေရသည့် အခြေအနေတွင် နိုင်ငံတော်တစ်ဝန်းလုံးတွင်ရှိသည့် အလွှာအသီးသီးမှ လူငယ်များအပေါ် နက်ရှိုင်းစွာသက်ရောက်မှုများရှိနေပြီး ၎င်းတို့၏ လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာခံစားချက်၊ ယုံကြည်ချက်၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အနာဂတ်မျှော်လင့်ချက်များအပေါ်တွင်လည်း အတားအဆီး၊ အဟန့်အတားအချို့ ဖြစ်ပေါ်နေပါသည်။

လူငယ်များအတွက် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းတို့၏အမြင်များကို မျှဝေရန်၊ အပြန်အလှန် ယုံကြည်မှုများကို ခိုင်မြဲရန်နှင့် လူမှုသဟဇာတမြှင့်တင်ခြင်းတို့တွင် ၎င်းတို့၏ အခန်းကဏ္ဍအားရှာဖွေရန် စသည်တို့ကို ရရှိဖြစ်ပေါ်စေမည့် စည်းလုံးညီညွတ်မှုကို ဖြစ်ပေါ်လာစေသော အခင်းအကျင်းတစ်ရပ်ပေါ်ပေါက်လာစေပြီး လူငယ်များ၏ အမြင်များ၊ ဖန်တီးမှုများနှင့် လူငယ်ကွန်ရက်များသည်ဒေသန္တရအဆင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးမြှင့်တင်ခြင်းတို့တွင် အဖိုးတန်သော ထောက်ပံ့မှုကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ လက်ရှိကာလတွင် လူငယ်များပါဝင်မှုအပေါ် အတိမ်းအစောင်းဖြစ်စေနိုင်သော၊ ထိလွယ်ရှလွယ်သော အခြေအနေများမှတစ်ဆင့် အမျိုးသားအဆင့် အားလုံးပါဝင်မှု အခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်စေရန်အတွက်လည်း ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

ဖိုရမ်၏ ဆွေးနွေးမှုပုံစံနှင့် ဖွဲ့စည်းတည်ဆောက်မှု (Methodology and Structure) အား သတ်မှတ်ထားရှိပြီး တက်ကြွသည့် ဆွေးနွေးမှုနည်းလမ်းများကို အသုံးပြု၍ တက်ရောက်လာသည့် လူငယ်တိုင်း လွတ်လပ်စွာ ပါဝင်ဆွေးနွေးခွင့် ရရှိမည်ဖြစ် ပါသည်။ အုပ်စုလိုက်ဆွေးနွေးမှု (Group Dicussion) နှင့် စုပေါင်းဆွေးနွေးမှုပုံစံ (Panel Session) ကို အဓိက ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ဗဟုသုတပြိုင်ပွဲ၊ လျှပ်တစ်ပြက် ဉာဏ်ရည်ပြိုင်ပွဲများကို ပူးတွဲဆောင်ရွက်မည်ဖြစ်ပါသည်။

လူငယ်ကိုယ်စားလှယ် ၃၅၀ အား အဖွဲ့လေးဖွဲ့ခွဲကာ ခေါင်းစဉ်အသီးသီးတို့ဖြင့် ဆွေးနွေးခြင်း၊ ခေါင်းစဉ်တစ်ခုကို စုပေါင်း၍ ဆွေးနွေးခြင်းများ ပြုလုပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆောင်ရွက်မည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံအတွက် ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်ရေးတို့တွင် အမျိုးသားရေး စိတ်ဓာတ်ကိုအခြေခံပြီး ဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးပါသည်။

နိုင်ငံ့ကောင်းကျိုးကိုဆောင်ရွက်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းဆောင်ရွက်၍ မရနိုင်ဘဲ မျိုးချစ်စိတ်ဓာတ်ကို အခြေခံသည့် စုပေါင်းအင်အားနှင့် တက်ညီလက်ညီဆောင်ရွက်ကြဖို့ လိုအပ်ပါသည်။

“ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်” ပုံစံမျိုးဖြင့် ဆောင်ရွက်၍ မရနိုင်ပါ။ မျိုးချစ်စိတ်ရှိသူများသည် အများအားဖြင့် မိမိလူမျိုး၊ မိမိဇာတိမြေနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတ်နိုး ဂုဏ်ယူတတ်ကြပြီး မိမိနိုင်ငံအပေါ်တွင် ကျရောက်လာမည့် အန္တရာယ်များနှင့် နိုင်ငံတိုးတက်ကြီးပွားဖို့ တာဝန်ယူလိုကြသူများလည်းဖြစ်ပါသည်။ ထို့ကြောင့် မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့် စိတ်၊ နိုင်ငံနှင့် လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်စသည့် အပြုသဘောဆောင်သော အရာတစ်ခုပင် ဖြစ်ပါသည်။

နိုင်ငံတည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်ကို ပြပါဆိုလျှင် အမျိုးသားရေးစိတ်ဓာတ်နှင့်အတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ညွှန်ပြရမည်ဖြစ်ပါသည်။ မြန်မာ့သမိုင်းတွင် နိုင်ငံ့အင်အား လျော့နည်းခဲ့သည့်အတွက် တိုင်းတစ်ပါး၏သိမ်းပိုက်မှုကို ခံခဲ့ရရာ အတိတ်သမိုင်းမှ ကြီးမားသည့် သင်ခန်းစာယူရမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိရောက်သည့် ရလဒ်ရရှိရေးအတွက် ကြိုးစားအားထုတ်မှု၊ ပေးဆပ်မှု၊ အရည်အချင်း၊ ခေါင်းဆောင် နိုင်မှု၊ စိတ်ရှည်သည်းခံမှု၊ စိတ်ရင်းစေတနာများ လိုအပ်ပြီး ပြည်တွင်းအင်အား တည်ဆောက်ရန်အတွက် ဦးစွာ ပြည်တွင်းအင်အားကို လျော့ကျစေမည့် ပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် လျှော့ချရန် လိုအပ်ပါသည်။

ယနေ့ခေတ် တိုင်းတစ်ပါးနိုင်ငံအချို့သည် လူ့အခွင့်အရေးဆိုသည့် အကြောင်းပြချက်ဖြင့် မိမိနိုင်ငံကို ပြစ်တင်ဝေဖန်နေသော်လည်း ကိုလိုနီလက်အောက်ခံဘဝတွင် မြန်မာများအပေါ် လူ့အခွင့် အရေးချိုးဖောက်ခဲ့မှုများ အလွန်များပြားခဲ့ပါသည်။ သခင်နှင့်ကျွန်လိုနှိမ့်ချပြီး ရည်ရွယ်ချက်ရှိရှိ ဆက်ဆံခဲ့မှု၊ စာသင်ကျောင်းများတွင် ဘာသာစကားကို ချိုးနှိမ်မှု၊ နှစ်ပေါင်းထောင်ချီ သမိုင်းရှိသည့် မြန်မာတို့၏ ဇာတိပုညဂုဏ်မာနများကို ရိုက်ချိုးရန် မြန်မာ့ရှေးဟောင်းအမွေအနှစ်များကို အမိန့်အာဏာဖြင့် ဖျက်ဆီးခဲ့မှု၊ ယင်းတို့နိုင်ငံက ရှေးဟောင်းအမွေအနှစ်များကို လက်ညှိုးဖြင့်ထိဖို့တောင် ခွင့်မပြုသော်လည်း မြန်မာ့ရှေးဟောင်းအမွေအနှစ်များကို တန်ဖိုးမထားဘဲ ဖျက်ဆီးခဲ့မှုများကို ယနေ့ခေတ်လူငယ်များ ကြည့်တတ်လျှင် မြင်နိုင်ပါသည်။

“ယနေ့လူငယ်...နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ ပစ္စုပ္ပန်အတွက် လူငယ်ထုက အရေးကြီးသော သက်ရှိစွမ်းအား အရင်းအမြစ်များ ဖြစ်ပါသည်။ ထို့ကြောင့် လူငယ်များအနေဖြင့် မိမိတို့ နိုင်ငံ၏ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသည့် ပဋိပက္ခများကြောင့် အလှမ်းဝေးနေရသည့် ဖွံ့ဖြိုးတိုးတက်မှုများနှင့် အေးချမ်းသာယာဝပြောမှုများအတွက် ခံစားသူသက်သက်မဟုတ်ဘဲ ပူးပေါင်းပါဝင်ဆောင်ရွက်သူများဖြစ်ရန် လိုအပ်ပါသည်။ ယနေ့လူကြီးများ ထုဆစ်ပုံဖော်ထားသော နိုင်ငံတော်၏အကျိုးရလဒ်နှင့် ဆိုးမွေကောင်းမွေများကို နောင်လူငယ်များက ဆက်ခံရမည်ဖြစ်ပါသည်။

အနာဂတ် မျိုးဆက်သစ်လူငယ်များအနေဖြင့် နိုင်ငံတော်၏တည်ဆောက်မှုတိုင်းတွင် ပါဝင်၍ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ရှေ့သို့ရောက်အောင် ချီတက်မည်ဆိုပါကနိုင်ငံ့အတွက် အားတစ်ရပ်ဖြစ်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ လူငယ်များအနေဖြင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တို့ဖြင့် စည်းလုံးညီညွတ်စွာနှင့် ရိုးသားစွာ အခက်အခဲများကို အတူတကွစုပေါင်း၍ ဖြေရှင်းကြရမည်ဖြစ် ပါသည်။

နိုင်ငံတည်ဆောက်ရေးအတွက် ငြိမ်းချမ်းရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် လူငယ်များက ညီညွတ်စွာစွမ်းစွမ်းတမံပါဝင်ဆောင်ရွက်မှသာ ဖြစ်ပေါ်နေသည့် အခက်အခဲများကို ကူညီဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ ပဋိပက္ခများ ကင်းဝေး၍ ငြိမ်းချမ်းသာယာမှုများကြောင့် လူ့လောကနိဗ္ဗာန်ဘုံကဲ့သို့ ခံစားနေရသော နိုင်ငံများကို ကြည့်လျှင် ငြိမ်းချမ်းရေးသည် မည်မျှအရေးကြီး ကြောင်း သိမြင်နိုင်ပါသည်။ ကိုယ်ကျိုးစီးပွားများ၊ အတ္တများနှင့် မာန်မာနများကို စွန့်လွှတ်၍ အမှန်တကယ်ငြိမ်းချမ်းရေးအကျိုးကို ဆောင်ရွက်မည်ဆိုပါက ယခုထက်ပိုမိုကောင်းမွန်သည့် အနာဂတ်မဝေးတော့သည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ အနာဂတ်အမိနိုင်ငံတော်တွင် ရောင်စုံပန်းများ ဖူးပွင့်၍ ငြိမ်းချမ်းရေးချိုးငှက်များ တေးသီကာ သာယာလှပစေရေးအတွက် လူငယ်များက ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းစွမ်းဆောင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ရင်း လူငယ်ငြိမ်းချမ်းရေးဖိုရမ် -၂၀၂၆ ကို ဂုဏ်ပြုရေးသား ဖော်ပြအပ်ပါသည်။ ။ 

No comments:

Post a Comment